Thursday, September 8, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ အားလက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်အား ယနေ့နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်ကိစ္စသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်ပါ ကြောင်း၊ မစ္စတာကိုဖီအာနန်၏ ကျွမ်းကျင်သည့် ခေါင်းဆောင်မှုဖြင့် ပြဿနာကို ချည်းကပ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါ ကြောင်း  ပြောကြားသည်။
မစ္စတာကိုဖီအာနန်က ယခုကော်မရှင်ကို မြန်မာနိုင်ငံမှ ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံခြား သားသုံးဦးအနေဖြင့်လည်း ရခိုင်ပြည်နယ် ကိစ္စရပ်များအပေါ် မိမိတို့၏ နိုင်ငံတကာအတွေ့အကြုံများဖြင့် ပေါင်းစပ် သုံးသပ်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့၏ ရခိုင်ပြည်နယ် ခရီးစဉ် တွင် ဒီမိုကရေစီစနစ်နှင့်အညီ ဆန္ဒဖော်ထုတ်မှုများ ကြုံတွေ့ခဲ့ရခြင်းကိုလည်း နားလည်လက်ခံပါကြောင်း၊ ကော်မရှင် အနေဖြင့် လူထု၏သဘောထားများ တောင်းခံရာတွင် လိုအပ်ချက်များအား ရှင်းရှင်းလင်းလင်းသိလိုပါကြောင်း၊ သို့မှသာ ပြဿနာအား ချည်းကပ်ဖြေရှင်းရာတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ တာဝန်ရှိသူများ၏ အတွေ့ အကြုံများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။
ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစု ပင်လုံသည် နိုင်ငံအတွက် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်၍ အလေးအနက်ထားရှိမှု၊ ကိုဖီအာနန်ဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသော စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေမှုနှင့် မူးယစ် ဆေးဝါး ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ ၀င်းမြတ်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment