Tuesday, August 30, 2016

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အလုပ်သဘောခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော် သြဂုတ် ၃၀
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် ဇနီးတို့သည် အလုပ်သဘောခရီးဖြင့် ယနေ့ညနေ ၅ နာရီ ၂၂ မိနစ် တွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ဇနီးတို့အား  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်ဇနီး ဒေါက်တာမြသီတာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းနှင့်ဇနီး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ ကုလသမဂ္ဂညှိနှိုင်းရေးမှူး၊ UNDP ဌာနေ ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ရောက်ရှိခဲ့ဖူးပြီး ယခုအကြိမ်သည် ပဉ္စမအကြိမ်ဖြစ်သည်။ ၎င်းသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်မှုသက်တမ်း ကုန်ဆုံးပြီဖြစ်ကြောင်း သိရှိရသည်။ 

No comments:

Post a Comment