Friday, August 26, 2016

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၊ ဒုတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ဆက်လက် ကျင်းပ



နေပြည်တော် သြဂုတ် ၂၆
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး(၂၁)ရက်မြောက် နေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ  ဖယ်ခုံမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးမောင်၏ ရွှေပြည်အေး လူငယ်ပြန်လည် ထူထောင်ရေး စခန်းအား ပြန်လည်ဖွင့်လှစ်ပေးရန်  အစီအစဉ်ရှိ မရှိ သိလိုကြောင်း မေးခွန်းကို ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ရွှေပြည်အေးစခန်းကို  ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်မရှိကြောင်း ဖြေကြားသည်။

အဆိုပါ ဖယ်ခုံမြို့နယ် အနီးတစ်ဝိုက်တွင် မူးယစ်ဆေးစွဲကုသခြင်းနှင့် ပြန်လည် ထူထောင်ရေးဆောင် ရွက်ပေးရန် လိုအပ်ပါက ဒေသတွင်း ရှိ  မူးယစ်ဆေးစွဲလူနာများ အား မူးယစ်ဆေးသုံးစွဲမှုကု သရေးနှင့် ပြန်လည် ထူထောင် ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန (ဆေးကုသရေးလုပ်ငန်းအဖွဲ့)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန (ပြန်လည်ထူထောင်ရေး လုပ် ငန်းအဖွဲ့)တို့နှင့် ပေါင်းစပ်ညှိနှိုင်း၍ လူထုအခြေပြု မူးယစ်ဆေးစွဲကုသမှုများ ဆောင်ရွက် ပေးနိုင်ပါကြောင်းကို ဒုတိယ ၀န်ကြီးက ရှင်းလင်းဖြေကြားသည်။
ဆောမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်၏ မကွေးတိုင်း ဒေသကြီး၊ ကျောက်ထုမြို့ အား ကျောက်ထုမြို့နယ်အဖြစ် အမြန်ဆုံး ဖွဲ့စည်းသတ်မှတ် ပေးနိုင်ခြင်း ရှိမရှိ မေးခွန်းကို ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ကျောက်ထုမြို့အား ကျောက်ထုမြို့နယ်အဖြစ် တိုးချဲ့ဖွဲ့စည်းရန် လတ်တလောအစီအစဉ် မရှိကြောင်း ဖြေကြားသည်။
ဒုတိယ၀န်ကြီးက ဆောမြို့နယ် ကျောက်ထုမြို့အား မြို့နယ်အဖြစ် တိုးချဲ့ဖွဲ့ စည်းရန် တင်ပြလာပါက အခြားသောမြို့ (၁၄၅) မြို့ကိုလည်း မြို့နယ်အဖြစ် တိုးချဲ့ ဖွဲ့စည်းပေးရမည့် အခြေအနေဖြစ်ပေါ်လာ နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ မြို့အဆင့် တွင် အစိုးရဌာန (၂၁) ခုရှိပြီး မြို့နယ်အဆင့်တွင် အစိုးရဌာနပေါင်း (၃၉) ခုအထိ တိုးချဲ့ ဖွဲ့စည်းရမည် ဖြစ်သည့်အပြင် ရုံးဌာနများ၏ ဖွဲ့စည်းပုံကိုလည်း တိုးမြှင့်ဆောင်ရွက် ပေးရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ၁၄၆ မြို့နယ်ကို မြို့နယ်အဖြစ်တိုးမြှင့်မည်ဆိုပါက တိုးချဲ့ဖွဲ့စည်း တာဝန်ပေးရမည့် ၀န်ကြီးဌာနအသီးသီးမှ မြို့နယ်အဆင့် ဌာနဆိုင်ရာ ၀န်ထမ်းများစွာ တိုးမြှင့်ခန့်အပ်ရန် လိုအပ်လာခြင်းများ ဖြစ်ပေါ်လာမည့်အပြင် လတ်တလော အခြေအနေအရလည်း ၀န်ထမ်းများလုံလောက်စွာ တာဝန်ပေးနိုင်ရန် အခက်အခဲများ ရှိလာနိုင်ပါကြောင်း၊ ၎င်းတို့အတွက် ရုံးအဆောက်အဦ၊ နေအိမ်အဆောက် အဦ၊ ယာဉ်နှင့်အခြားသော ပစ္စည်းများ ဖြည့်တင်းရန် ငွေလုံး ငွေရင်းများစွာ လိုအပ်ခြင်း၊ ရုံးလုပ်ငန်း ဆောင်ရွက်နိုင်ရေး သာမန်ငွေစာရင်းများစွာ လိုအပ်လာခြင်း စသည့် များစွာသော နိုင်ငံ့ဘဏ္ဍာငွေများကို ပိုမိုသုံးစွဲရမည်ဖြစ်ပါ ကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉၊ ပုဒ်မ ခွဲ (က)တွင် မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း၊ မြို့နယ် ၃၃၀ ထက်ပိုမိုလာပါက အသစ်ဖွဲ့ စည်းသည့် မြို့နယ်ကို တစ်ဆက်တစ်စပ် တည်းဖြစ်သော သင့်လျော်သည့်မြို့နယ်တစ်ခုခုနှင့် ပူးပေါင်း၍ လည်းကောင်း ၊ ဥပဒေ နှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ထက်မပိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဟု ပြဋ္ဌာန်းပါရှိရာ မြို့နယ်တိုးချဲ့ဖွဲ့စည်းခြင်း သည် ပြည်သူ့လွှတ်တော်ဖွဲ့ စည်းခြင်းအပေါ် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု နှင့် အငြင်းပွား ဖွယ်ရာ ကိစ္စရပ်များလည်း ပေါ်ပေါက်လာနိုင်ကြောင်းကို တွေ့ရှိရပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဒီပဲယင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၏ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော် အနေဖြင့် အကျဉ်းသား အကျဉ်းသူများအား ကြီးကြပ်ကူညီ စောင့်ရှောက်မည့် ကော်မတီများ ဖွဲ့စည်းပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းကို ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက အကျဉ်းထောင်များနှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်း ချက်များတွင် လစ်ဟာမှုမရှိသည်ကို စိစစ်တွေ့ရှိရပြီး လိုက်နာအကောင်အထည် ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း အကျဉ်းထောင်လက်စွဲပါ ဘုတ်အဖွဲ့ဝင်များ စာရင်းတွင် ပါဝင်သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ၊ တရားလွှတ် တော်ချုပ် တရားသူကြီးများ ၊ ဒေသဆိုင်ရာ အာဏာပိုင်များမှလည်း ၀င်ရောက်စစ်ဆေး ခြင်းနှင့် ICRC မှ ၀င်ရောက် လေ့လာ ခြင်းများ ပြုလုပ်ပြီး ၎င်းတို့၏ အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသောကြောင့် ကြီးကြပ်ကူညီ စောင့် ရှောက်မည့် ကော်မတီများ ဖွဲ့စည်းရန် အစီအစဉ်ပါရှိကြောင်း ရှင်းလင်း ဖြေကြားသည်။
အစည်းအဝေးတွင် လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးတင်သွင်းသည့် ကျေးလက် ဒေသ အခြေခံပညာ ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း များ၏ ၀န်ထမ်းအိမ်ရာများကို ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန် လိုအပ်ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာအရ  ခွင့်ပြုငွေချပေးရန် ခက်ခဲမည်ဆိုပါက ဖွံ့ဖြိုးမှုနောက်ကျပြီး အမှန်တကယ်လိုအပ်သည့် ဒေသများကို စိစစ် ပြီး ဘတ်ဂျက်ငွေခွင့်ပြုပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကျောက်တန်းမဲဆန္ဒနယ်မှ  လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက တောင်တန်းဒေသများတွင်ရှိနေသည့် ပညာရေးဝန်ထမ်းများ၏ အခြေအနေကို အားလုံး မြင်တွေ့ကြရပြီးဖြစ်ပါကြောင်း၊ သွားလာရခက်ခဲသည့် တောင်တန်းဒေသများသာမက ရန်ကုန်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ၀န်ထမ်းအိမ်ရာများသည်ပင် သင့်တော်မှုမရှိ သည် ကို ဆိုးဆိုးဝါးဝါး မြင်တွေ့နေရပါကြောင်း ၊ ၀န်ထမ်းအိမ်ရာများ ယင်းသို့ဖြစ်နေရခြင်းမှာ နိုင်ငံတော်၏ ဘတ်ဂျက်လိုအပ်ချက်တစ်ခုတည်းကြောင့် မဟုတ်ပါကြောင်း၊ အကျင့်ပျက်ခြစားမှု များကြောင့် သုံးစွဲခွင့်ရသည့် ဘဏ္ဍာငွေများသည် အောက်ခြေအထိရောက်မလာခြင်း သည်လည်း အကြောင်းရင်း တစ်ခုဖြစ်ပါကြောင်း။
မိမိအနေဖြင့် အကြံပြုလိုသည်မှာ ဒေသခံများကို ဦးစားပေးခန့်ထားမည်ဆိုပါက ၀န်ထမ်းအိမ်ရာ လိုအပ်ချက် များကို လျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောက်လုပ်ပေး ရန်လိုအပ်နေသည့် ၀န်ထမ်းအင်အားစာရင်းနှင့် လက်ရှိဝန်ထမ်းအိမ်ရာများ၏ အခြေ အနေကိုလည်း စစ်တမ်း ကောက်ယူ ထားသင့်ပါကြောင်း၊ အဆိုရှင်တင်ပြသွားသည့် အတိုင်း ဖွံ့ဖြိုးမှုနောက်ကျပြီး အမှန်တကယ်လိုအပ်နေသည့် ဒေသများအပြင် အလိုအပ် ဆုံးအခြေအနေ၊ ဆိုးရွားစွာပျက်စီးနေသည့် ပြယုဂ်မကောင်းသည့် အိမ်ရာအခြေ အနေများကို ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ဦးစားပေးအဖြစ် ရေရှည်စီမံကိန်းချမှတ်ကာ အနိမ့်ဆုံးရှိသင့် သည့် စံချိန်စံညွှန်းသတ်မှတ်ပြီး တည်ဆောက်ပေးသင့်ပါကြောင်း ထောက်ခံ ဆွေးနွေးသည်။
ဘုတ်ပြင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းထွန်းက ပညာရေးဝန်ကြီးဌာနသည် မိမိတို့နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်ကို စတင်မွေးထုတ်ပေးနေသည့် ဌာနကြီးပင် ဖြစ်ပါကြောင်း ၊ မိမိတို့နိုင်ငံ သည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းတွင် ပါဝင်နေပါကြောင်း၊ ယင်းသို့ ပါဝင်နေရခြင်း၏ အဓိကအကြောင်းရင်းများထဲတွင် ပညာရေးအဆင့်အတန်း နိမ့်ကျနေ ခြင်းသည် လည်း တစ်ချက်အပါအ၀င် ဖြစ်ပါကြောင်း ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရန်အတွက် မူဝါဒများ ၊ သင်ကြားမှု သင်ယူမှုများ ပြောင်းလဲရုံမျှနှင့် မလုံလောက် ပါကြောင်း ၊ ယင်းမူဝါဒများကို လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ပေးနေ သည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးပါကြောင်း ၊ ရပ်ရွာထဲတွင် ဂုဏ်သိက္ခာရှိရှိ ဘ၀ရပ်တည်နိုင်စေရန် နိုင်ငံတော်အနေဖြင့် စီစဉ် ဆောင်ရွက်ပေးသင့်ပါကြောင်း။
ဆရာ ဆရာမများအနေဖြင့် စားဝတ်နေရေး စသည့် လူနေမှုအခက်အခဲများ ရှိပါက သင်ကြားရေးကို အာရုံစူးစိုက်၍ ကောင်းမွန်စွာ သင်ကြား ပေးနိုင်မည် မဟုတ်ပါကြောင်း ၊ ဆရာ ၊ ဆရာမများအနေဖြင့် ရပ်ရွာမှ စီစဉ်ပေးသည့် နေရာများတွင် နေထိုင်ကြရပြီး စီစဉ်ပေးမှုမရှိပါက စာသင်ဆောင်များတွင် ဖြစ်သလိုနေ ကြရပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးတွင် တစ်ပြေးညီ ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ စေရန် ဆောင်ရွက်ရာ၌ ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာရေး အတွက် ၀န်ထမ်းအိမ်ရာများကို ပြည်ထောင်စုဘတ်ဂျက်မှ ကျခံသုံးစွဲသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
အဆိုနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်း ဆွေးနွေးကာ အဆိုကို မှတ်တမ်း အဖြစ်ထားရှိပေးရန် လွှတ်တော်သို့ တင်ပြသည်။
သို့သော် အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက မှတ်တမ်းအဖြစ် သာမကဘဲ စောင့်ကြည့် ပေးပါရန် လွှတ်တော်သို့ ပန်ကြားသဖြင့် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာ သဘောတူညီမှုရသဖြင့် အဆိုကို မှတ်တမ်းတင် စောင့်ကြည့်ရန် ကြေညာသည်။
ယနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ထို့အတွက် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးချက်များ အပေါ် အလေးအနက်ထား ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment