Friday, August 26, 2016

မြန်မာနိုင်ငံ ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကို အမျိုးသားလွှတ်တော်က အတည်ပြု


နေပြည်တော်  သြဂုတ် ၂၆
ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက “မြန်မာနိုင်ငံ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ”ကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုခဲ့သည်။



အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၇)မှ ဒေါ်ကျိန်ငိုက်မန်က “မြန်မာနိုင်ငံ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ” နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်က အတည်ပြုပေးရန် အဆိုတင်သွင်းသည့်အတွက် လွှတ်တော်၏ အဆုံး အဖြတ်ဖြင့် ယင်းဥပဒေကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်၏ “နိုင်ငံတော်အစိုးရ အနေဖြင့် မြေမြုပ်မိုင်းအသုံးပြုမှု သဘောတူစာချုပ်အား လက်မှတ်ရေးထိုးရန်အစီအစဉ် ရှိ/မရှိနှင့် ဒေသခံကျေးလက်ပြည်သူများကို အန္တရာယ်မှကယ်တင်မည့် မိုင်းရှာ မိုင်းဖျက် ဆီးရေးစီမံချက်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မြန်မာနိုင်ငံအနေဖြင့် စာချုပ်တွင်အဖွဲ့ဝင် နိုင်ငံအဖြစ် အတည်ပြုပါ ၀င်လိုက်သည်နှင့် မိုင်းစာရင်းများပြုစုခြင်း၊ မိုင်းထောင်ထားသည့် ဧရိယာများကို ရှာဖွေ စာရင်းပြုစုခြင်း၊ သတ်မှတ်ကာလအတွင်း မိုင်းများဖျက်ဆီးခြင်း၊ မိုင်းထောင်ထားသည့် ဧရိယာများကို ရှင်းလင်းခြင်း၊ အတည်ပြုပါဝင်ပြီးရက်ပေါင်း ၁၈၀ အတွင်း မိုင်းနှင့်စပ် လျဉ်း၍ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ အစီရင်ခံစာတင်ပြခြင်းစသည် တို့ကို ပြုလုပ်ပေးရမည်ဖြစ်ရာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ရှိနေဆဲဖြစ်သည့် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရ စာချုပ်ပါတာဝန်ရှိမှုများကို လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ရန် အခက်အခဲရှိ မရှိ ထည့်သွင်းစဉ်းစားပြီး စာချုပ်တွင် အတည်ပြုပါဝင်ရန် သင့် မသင့် သုံးသပ်စဉ်းစား သင့်ပါကြောင်း။
လက်ရှိအခြေအနေတွင် မိုင်းအသုံးပြုမှု တားဆီးပိတ်ပင်ရေးနှင့် ပတ်သက်သော နည်းပညာများ၊ နိုင်ငံတကာ၏ အတွေ့အကြုံများကို ရယူလျက်ရှိရာ မိုင်းအသိပညာ ပေး ဆောင်ရွက်မှုဆိုင်ရာသင်တန်းများ၊ အလုပ်ရုံဆွေးနွေး ပွဲများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများတွင် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ မိုင်းရှင်းလင်းရေး သင်တန်းများ သင်ကြားပေးလျက်ရှိပြီး မိုင်းရှင်းလင်းရေးအဖွဲ့ များ ဖွဲ့စည်းထားရှိပါကြောင်း၊ လက်ရှိတွင် ဒေသခံကျေးလက်ပြည်သူများကို မိုင်း အန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်အင်ဂျင်နီယာတပ်ဖွဲ့ အနေဖြင့် ကရင်ပြည်နယ် အတွင်းရှိ ဖာပွန်-ခေါပုတ်-နတ်တောင်-ဒါးကွင်း လမ်းကြောင်းတစ်လျှောက်တွင် မိုင်းရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းနှင့် သုမွဲထ-မြစ်ဆုံ ဒေသတစ်ဝိုက်တွင် မိုင်းရှာ မိုင်းဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ဒုတိယ၀န်ကြီးက ဖြေကြား ခဲ့သည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး၏ “တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းဆောင်ရွက်ချက်များကို သိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ၀န်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနတို့ကို အရာထမ်းရာထူးနေရာ ၃၇၀၊ အမှုထမ်းရာထူး ၇၆၁ နေရာ စုစုပေါင်း ၁၁၃၁ နေရာဖြင့် ဖွဲ့စည်းနိုင်ရေးတင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူခွင့်ပြုခဲ့ ပါကြောင်း၊ ၀န်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်ရန်ပုံငွေကို လည်းရေးဆွဲပြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် သို့ တင်ပြထားပြီးဖြစ်ကြောင်း။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ်ရုံးများကို စတင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း။
ဝန်ကြီးဌာနသည် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသများရှိ တိုင်းရင်းသားရေး ရာဝန်ကြီးဌာန၀န်ကြီးများနှင့် တွေ့ဆုံပြီး တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ နေ့ထူးနေ့မြတ်များ လွတ်လပ်စွာဆောင်ရွက် နိုင်ရေး၊ တိုင်းရင်းသားများ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရေးစသည့် လုပ်ငန်းများအတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေး၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများဆိုင်ရာ ယဉ်ကျေးမှုပြက္ခဒိန်ရေး ဆွဲနိုင်ရေး၊ ဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို Bottom Up စနစ်ဖြင့် ရေးဆွဲချမှတ် အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ် ကြောင်းဖြေကြားသည်။
ထို့ပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ဦးစီးဌာနရုံးများကို ဆက်လက် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါရုံးများ သည် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ တိုင်းရင်းသားရေးရာဝန်ကြီး များ၏ ရုံးအဖွဲ့များသဖွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဝန်ကြီးဌာန၏ ၀န်ထမ်းဖွဲ့စည်းမှုဆောင်ရွက်ပြီးသည့်အခါ တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ၀န်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အပေါ်အခြေခံ၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနသည် တိုင်း ရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တိုင်းရင်းသားများ၏ လူမှုဘ၀မြှင့်တင်ရေး လုပ် ငန်းများကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနသည် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကာကွယ်ခြင်းလုပ် ငန်းများကိုလည်း ကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။

No comments:

Post a Comment