Wednesday, August 31, 2016

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၅ (ခ) အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကြေညာ

နေပြည်တော် ဩဂုတ် ၃၀
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅) အတွက် ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း၏ ရွေးကောက်တင်မြှောက်ခံရခြင်းကို ယင်းမဲဆန္ဒနယ်၌ ယှဉ်ပြိုင်အရွေးခံသူ ဦးယောနာ က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၉ အရ ရွေးကောက်ပွဲခုံ အဖွဲ့ ဖြင့်လည်းကောင်း၊ ပုဒ်မ ၇၅ အရ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုဖြင့်လည်းကောင်း ကြားနာ စစ်ဆေး၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဩဂုတ် ၃၀ ရက်စွဲပါ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှု အမှတ်(၁၁/၂၀၁၆) ဆုံးဖြတ်ချက်တွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅) အတွက် ဦးဇခုန် တိန့်ယိန်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ဥပဒေအရ ပျက်ပြယ်ကြောင်းနှင့် ယင်းမဲဆန္ဒနယ်၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူမှာ ဦးယောနာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅ (က) အရ ဆုံးဖြတ်ခဲ့သည်။

သို့ဖြစ်၍ ဦးဇခုန်တိန့်ယိန်းသည် ယခု ကြေညာသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)၏ လွှတ်တော်ကိုယ်စားလှယ်မှာ ဦးယောနာ [ ၅/ခတန(နိုင်) ၀၁၁၃၁၁ ] ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၅(ခ) အရ သတ်မှတ်ကြေညာလိုက်ပါကြောင်း ယနေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment