Wednesday, August 31, 2016

စုံညီခုံရုံးက ရွေးကောက်ပွဲ အယူခံအမှုအမှတ် (၉)၊ (၁၀) နှင့် (၁၁) အား အပြီးသတ် အမိန့်များချမှတ်

နေပြည်တော် ဩဂုတ် ၃၀
ရခိုင်ပြည်နယ် သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းနိုင် အပေါ် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးမောင်မောင်ဖြူ၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ် ဇွန် ၁၃ ရက်က ရွေးကောက်ပွဲခုံအဖွဲ့ (၂)က ချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးမောင်မောင်ဖြူက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ်(၉/၂၀၁၆)ဖြင့် လက်ခံခဲ့သည်။

အယူခံမှုတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးက ရခိုင်ပြည်နယ် သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ ရွေးကောက်တင်မြှောက်ခံရခြင်းသည် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးမောင်မောင်ဖြူ၏ ကန့်ကွက်လျှောက်ထားလွှာကို စရိတ်နှင့်တကွပယ်ကြောင်းချမှတ်ခဲ့သည့် မူလ ရွေးကောက်ပွဲ ခုံအဖွဲ့ (၂)၏ ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုလိုက်ပြီး အယူခံလျှောက်ထားသူ၏ အယူခံမှုကို စရိတ်နှင့်တကွပယ်ကြောင်း၊ အမှုစရိတ် ငွေကျပ်ကျပ်တစ်သိန်းတိတိကို အယူခံလျှောက်ထားသူက အယူခံ လျှောက်ထား ခံရသူအားပေးစေသည့် အပြီးသတ်အမိန့်ကို ချမှတ်ခဲ့သည်။
ကချင်ပြည်နယ် ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူ [စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ] မှ ဦးဇခုန်ယိန်းဆောင် အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခေါဘောမ်၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုကို ၂၀၁၆ ခုနှစ် ဇွန် ၁၄ ရက်က ရွေးကောက်ပွဲခုံအဖွဲ့(၂)က ချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးခေါဘောမ်က ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ်(၁၀/၂၀၁၆)ဖြင့် လက်ခံခဲ့သည်။
အယူခံမှုတင်သွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် ဩဂုတ် ၃၀ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ် ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်သည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင်အတည် ဖြစ်သည်ဟု ဆုံးဖြတ်ပြီး အယူခံမှု လျှောက်ထားသူ ဦးခေါဘောမ်၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်း ချမှတ်ခဲ့သည့် မူလရွေးကောက်ပွဲခုံအဖွဲ့ (၂)၏ ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုလိုက်ကြောင်း၊ အမှုစရိတ် ငွေကျပ်ကျပ် တစ်သိန်းတိတိကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အပြီးသတ်အမိန့် ကို ချမှတ်ခဲ့သည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း (တစ်သီးပုဂ္ဂလ) အပေါ် ကချင်ပြည်နယ် ဆော့လော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစံဝေခေါင်လွမ်း၏ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၂/၂၀၁၅) နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးယောနာ (တစ်သီးပုဂ္ဂလ) ၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄၁/၂၀၁၅) တို့ကို တစ်ပေါင်းတည်း ကြားနာစစ်ဆေးပြီး ၂၀၁၆ ခုနှစ် ဇွန် ၂၄ ရက်က ရွေးကောက်ပွဲခုံအဖွဲ့ (၂)က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အား ဦးဇခုန်တိန့်ယိန်းက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၁/၂၀၁၆)ဖြင့် လက်ခံခဲ့သည်။
အယူခံမှုတင်သွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အယူခံမှုလျှောက်ထားသူ ဦးဇခုန်တိန့်ယိန်းအား ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရခြင်းသည် တရားမဲ့ပြုကျင့်မှုများကြောင့် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း၊ အယူခံမှု လျှောက်ထားခံရသူ ဦးယောနာ (တစ်သီးပုဂ္ဂလ)သည် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅) တွင် ခိုင်လုံသောမဲအများဆုံးရရှိပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည့် မူလ ရွေးကောက်ပွဲ ခုံအဖွဲ့ (၂)၏ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီး အယူခံလျှောက်ထားမှုကို စရိတ်နှင့်တကွ ပယ်ကြောင်း၊ အမှုစရိတ်ငွေကျပ်ကျပ်တစ်သိန်းတိတိကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူများ အားပေးစေသည့် အပြီးသတ်အမိန့်ကို ချမှတ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲ ခုံရုံးများမှ ဆုံးဖြတ်ချက်(အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုပေါင်းမှာ ဩဂုတ် ၃၀ ရက်နေ့အထိ (၂၇)မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ(၁၉)မှု ရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment