Monday, June 13, 2016

လယ်ယာကဏ္ဍဖွံ့ဖြိုးမှုရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ပြီးပြည့်စုံသော မူဝါဒ၊ မူဘောင် တည်ဆောက်ရေးဆွေးနွေး


နေပြည်တော်၊ ဇွန် (၁၃)
ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံများသည် တိုးပွားလာသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံရေး ကြိုးပမ်းဆောင်ရွက်ကြရာ၌ မြို့ပြချဲ့ထွင်မှုများကြောင့် စိုက်ပျိုးမြေ တိုးချဲ့မှုများတွင် အကန့်အသတ်ရှိလာခြင်း၊ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရခြင်းတို့ကြောင့် လက်ရှိကျင့်သုံး လျှက်ရှိသည့် စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲရန် လိုအပ်နေပြီဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ဆက်လက်၍ တစ်ဖက်တွင်လည်း ဆင်းရဲမှုသံသရာတွင်းမှ လုပ်ကွက်ငယ်တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာရေး၊ ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးရေးကွာဟမှု ကျဉ်းမြောင်းလာရေး၊ ဒေသအသီးသီး၏ ကုန်ထုတ်လုပ်မှု တိုးတက်လာရေး၊ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်နိုင်ရေး၊ ပြည်သူများနှင့် အနာဂတ်မျိုးဆက်များအတွက် ရေရှည်တည်တံ့ခိုင်မာသော စိုက်ပျိုးရေးမူဝါဒများ အုတ်မြစ်ချနိုင်ရေးတို့အတွက် ပြည့်စုံသော လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒ များ ရေးဆွဲချမှတ်ရန် အချိန်ကျရောက်လျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ ပြီးပြည့်စုံသော မူဝါဒ၊ မူဘောင်ကို ယနေ့ဆွေးနွေးပွဲမှ ချမှတ်ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ယနေ့နံနက်(၉) နာရီအချိန်က နေပြည်တော် ဟိုတယ်ဇုံရှိ ဟိုတယ်အမရာတွင် ကျင်းပပြုလုပ်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ပြီးပြည့်စုံသော မူဝါဒ၊ မူဘောင် တည်ဆောက်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက အမှာစကားပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း OECD နှင့် မိတ်ဘက်အဖွဲ့များမှ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (OECD)သည် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ မူဝါဒများ ချမှတ်အကောင်အထည်ဖော်မှုများအပေါ် သုံးသပ်မှုများကို ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်က A Multi Directional Country Review နှင့် Investment Policy Review လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယနေ့ဆွေးနွေးပွဲတွင် OECD အပါအဝင် မိတ်ဘက်အဖွဲ့အစည်း များ၊ စီးပွားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူများ၊ စိုက်ပျိုးစီးပွားဆိုင်ရာ ပညာရှင်များက မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စားနပ်ရိက္ခာဖူလုံရေး အတွက် ပြီးပြည့်စုံသော မူဝါဒ မူဘောင် ချမှတ်နိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်ပြီး ၎င်း ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် မူဝါဒများအပေါ် အခြေခံ၍ နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment