Thursday, June 16, 2016

ဒီမိုကရေစီရသည်နှင့် အရာရာပြည့်စုံပြီဟု မမှတ်ယူသင့်၊ မြန်မာနိုင်ငံအတွက် မြန်မာပြည်သူများကသာ လုပ်ဆောင်သွားရ မည်ဟု မွန်ဂိုလီးယားသမ္မတပြောကြား


နေပြည်တော် ဇွန်  ၁၆
အစိုးရအနေဖြင့် နိုင်ငံ့အတွက် ဆောင်ရွက်ရာတွင် ပြည်သူ့အသံကို နားထောင်ရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် ကိစ္စရပ်တိုင်းတွင် ပါဝင်ဆောင်ရွက် ခွင့်ရှိသည်ကို မြင်တတ်အောင် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မွန်ဂိုလီးယားနိုင်ငံ သမ္မတ မစ္စတာ ဇက်ခ်ဟီလ်ယာဒ် အယ်လ်ဘတ်ခ်ဒေါ့ဂ်ျက ပြောကြားလိုက်သည်။

မွန်ဂိုလီးယားနိုင်ငံ၏ ဒီမိုကရေစီအရေး၊ ဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှု ရှိရေးကိစ္စများ လက်တွေ့အကောင်အဖော် ဆောင်ရွက်ခဲ့မှု အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပစဉ်  မွန်ဂိုလီးယားသမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မွန်ဂိုလီးယားသမ္မတက  မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအပြောင်းအလဲကို တည်ငြိမ်ညင်သာစွာ ပြုလုပ်နိုင်ခဲ့ကြောင်း၊ စီးပွား ရေး၊ နိုင်ငံရေး၊ လူမှုရေးအားလုံး ပြုပြင်ပြောင်းလဲသည့်နေရာတွင်   ငြိမ်းငြိမ်းချမ်းချမ်းအသွင် ကူးပြောင်းနိုင်ခဲ့ကြောင်း၊ အသွင်ကူးပြောင်းရေးကာလတွင် ပြည်သူများပူးပေါင်းပါဝင်မှုသည် အဓိကအချက်ဖြစ်ကြောင်း၊ အောင်မြင်မှုများ ဆက်လက်ရရှိရန်အတွက် ပြည်သူများ၏ ပါဝင်မှုက အရေးကြီးကြောင်း။
သို့ဖြစ်၍ ပြည်သူ့ခန်းမများကို မိမိတို့နိုင်ငံ၌ တည်ဆောက်ပေးထားပါကြောင်း၊ ခရိုင်နှင့် မြို့နယ်များအပြင် ကျေးရွာများတွင် လည်းရှိပါကြောင်း၊ မွန်ဂိုလီးယားနိုင်ငံတွင် ဗဟိုဦးစီးချုပ်ကိုင်မှုလျှော့ချရေးကို လက်တွေ့ကျကျ ဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူပိုင်ငွေကို မည်ကဲ့သို့သုံးစွဲသည်ကို အားလုံးသိလိုပါကြောင်း၊ အစိုးရ၏ ဘတ်ဂျက်သုံးစွဲမှုကို ပြည်သူက ဝေဖန်လာပါက သုံးစွဲသည့် တာဝန်ရှိသူများအနေဖြင့် ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း၊ မွန်ဂိုလီးယား နိုင်ငံအနေဖြင့် အဂတိတိုက်ဖျက်မှု အပိုင်းတွင် လွန်ခဲ့သည့် ၅ နှစ်က အဆင့် ၁၂၀ တွင် ရှိရာမှာ ယခုအခါ အဆင့် ၇၂ အထိသို့ လျှော့ချနိုင်ခဲ့ပါကြောင်း၊ အဂတိတိုက်ဖျက်ရေးလုပ်ငန်းသည် တစ်ကမ္ဘာလုံး ဆိုင်ရာပြဿနာဖြစ်ကြောင်း၊ မွန်ဂိုလီးယားနှင့် မြန်မာနိုင်ငံသာ ရင်ဆိုင်နေရသည့် ပြဿနာမဟုတ်ကြောင်း၊ သို့ဖြစ်၍ အဂတိတိုက်ဖျက်ရေးကို ဆောင်ရွက်နိုင်ရန်   နေ့စဉ် နှင့်အမျှ စိတ်ပိုင်းဆိုင်ရာများကို ပြုပြင်ပြောင်းလဲနေရန်လိုအပ်ပါကြောင်း။
မွန်ဂိုလီးယားအစိုးရအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် အစိမ်းရောင်၊ အ၀ါရောင်၊ အနီရောင်အဆင့်သုံးဆင့် သတ်မှတ်ထားပါကြောင်း၊ အစိမ်းရောင်ကတ် အတွင်း၌ပါရှိသည့် အကြောင်းအရာများကို ၅ မိနစ်မှ ၁၅ မိနစ်အတွင်း ဆောင်ရွက် ပေးလျက်ရှိပြီး အ၀ါရောင်ကတ်အတွင်း၌ ပါရှိသည့် အကြောင်းအရာများကို ၂၄ နာရီအတွင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အလားတူ အနီရောင်ကတ်အတွင်း၌ ပါရှိသည့် အကြောင်းအရာများကို တစ်ပတ်မှသုံးပတ်အတွင်း ပြီးပြတ်အောင်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါကတ်များအတွင်းရှိ အကြောင်းအရာများမှာ ယခင်ကဆိုလျှင် အချိန်များစွာကြာမြင့်သည့်အတွက် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးမှုကို မွန်ဂိုလီးယားပြည်သူများအနေဖြင့် ၉၆ ရာခိုင်နှုန်းက နှစ်သက်ကြပါကြောင်း။
 ယင်းသို့ ဆောင်ရွက်နိုင်ခြင်းသည် တာဝန်ရှိသူအဆင့်ဆင့်၏ စိတ်ဓာတ်ရေးရာကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ မီဒီယာကဏ္ဍ၌လည်း မွန်ဂိုလီးယား နိုင်ငံတွင် လွတ်လပ်ခွင့်ပေးထားပါကြောင်း၊ ဒီမိုကရေစီရသည်နှင့် အရာရာပြည့်စုံပြီဟု မမှတ်ယူသင့်ကြောင်း၊ ဒီမိုကရေစီလုပ်ပိုင်ခွင့် အခွင့်အလမ်းများရအောင် ဖော်ဆောင် ပေးပြီးနောက် မိမိအလုပ်မိမိလုပ်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် မြန်မာ ပြည်သူများကသာ လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက မွန်ဂိုလီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍  သိလိုသည်များကို မေးမြန်းရာ မွန်ဂိုလီးယားသမ္မတက ပြန်လည်ဖြေကြား သည်။ 

မွန်ဂိုလီးယားနိုင်ငံသည် တစ်ချိန်က ကမ္ဘာတွင် နယ်မြေအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ခဲ့သည်။   နှစ်ပေါင်း ၇၀ ကျော်ကြာ ကွန်မြူနစ်စနစ်ကျင့်သုံးခဲ့ပြီးနောက်  ၁၉၉၀ ခုနှစ်မှစ၍ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည့် နိုင်ငံလည်းဖြစ်သည်။ 

No comments:

Post a Comment