ရန်ကုန် ဇွန် ၅
ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့်
Royal Philips Corporation တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၁၃ ခုမြောက် အပြာရောင် ကမ္ပည်းပြား
တပ်ဆင်သည့် အခမ်းအနားကို ယနေ့ညနေ ၄ နာရီခွဲတွင်
ရန်ကုန်မြို့ ၂၆ လမ်းရှိ မတ်စ်မီးယားရေရှူအာ ဂျူးဘုရားကျောင်း၌ ကျင်းပသည်။
ဘုရားကျောင်းဂေါပကဖြစ်သူ
ဦး Sammပ Samules က အဆိုပါ ကမ္ပည်းပြား တပ်ဆင်ခြင်းနှင့် စပ်လျဉ်း၍ “ဒီလို အထိမ်းအမှတ်
အပြာရောင်ကမ္ပည်းပြားတပ်ဆင်မှုက ကျွန်တော်တို့တင် မဟုတ်ပါဘူး၊ အခြားဘာသာတွေ အတွက်ရော
ရန်ကုန်မြို့ အတွက်ပါဂုဏ်ယူစရာပါ။ ဘုရားကျောင်းကို ဥရောပကတင် မဟုတ်ဘဲ၊ အိန္ဒိယ၊ ဂျပန်စတဲ့နိုင်ငံတွေက
လာရောက်လေ့လာ ကြပါတယ်။ အလွန်ကို ဂုဏ်ယူမိပါတယ်၊ အခု ဂျူးလူမျိုးက အယောက် ၂၀ လောက်ပဲရှိပါတယ်။
အရင်ကတော့ လူဦးရေ ၂၀၀၀ ကျော်လောက် ရန်ကုန်မှာရှိခဲ့ဖူးတယ်။ လက်ရှိ ဒီဘုရား ကျောင်းမတိုင်မီ
၁၈၅၂ ခုနှစ်က သစ်သားကျောင်းဆောင် ရှိခဲ့တယ်။ ၁၈၅၄ ခုနှစ်မှာ မီးလောင်ပျက်စီးခဲ့တယ်။
အဲဒီ နောက်ပိုင်းမှာ လက်ရှိဘုရားကျောင်းကို ၁၈၉၃ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၁၈၉၆
ခုနှစ်မှာ ပြီးစီးခဲ့တယ်။ ဒါကြောင့် ဘုရားကျောင်းရဲ့သက်တမ်းက နှစ် ၁၀၀ ကျော်ခဲ့ပြီ
ဖြစ်ပါ တယ်”ဟု ပြောသည်။
အပြာရောင်ကမ္ပည်းပြားများ
တပ်ဆင်ခြင်းသည် ရန်ကုန်မြို့၏ သမိုင်းကို အထိရောက်ဆုံးနှင့် ထင်သာမြင်သာအရှိဆုံး ဖော်ပြနိုင်မည့်
နည်းလမ်းများအနက်မှ တစ်ခုဖြစ်ကြောင်း၊ အများပြည်သူက တိုက်ရိုက်ထိတွေ့နိုင်မည်ဖြစ်သည့်
အဆိုပါ ကမ္ပည်းပြားများမှတစ်ဆင့် ရန်ကုန်မြို့၏ သမိုင်းကြောင်းကို အသက်အရွယ်မရွေး နယ်ပယ်စုံမှ
ပြည်သူများ လေ့လာနိုင်မည် ဖြစ်ကြောင်း အဆိုပါအပြာရောင်ကမ္ပည်းပြားတပ်ဆင်သည့် အခမ်းအနားတွင်
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ သမိုင်းသုတေသီနှင့် စီမံကိန်းမန်နေဂျာ
ဦးသူရိန်အောင်က ပြောသည်။
“အခု ဂျူးဘုရားကျောင်းက
ရန်ကုန်မြို့မှာ ရှေးကျတဲ့ ဘုရားကျောင်းတစ်ခုတည်းမှာပါပါတယ်။ ယဉ်ကျေးမှုအရရော၊ ဗိသုကာအပိုင်းကပါ
ထူးခြားတဲ့ ဘုရားကျောင်းတစ်ခုဖြစ်တဲ့ အတွက် ကမ္ပည်းပြားတပ်ဆင်တာဖြစ်ပါတယ်ဓဟု ၎င်းက ဆက်လက်ပြောသည်။
အပြာရောင် ကမ္ပည်းပြားတပ်ဆင်မှုတွင်
ဘာသာရေးနှင့် ပတ်သက်သော အဆောက်အအုံအနေဖြင့် ယခုမတ်စ်မီးယား ရေရှူအာ ဂျူးဘုရားကျောင်းသည်
ဒုတိယမြောက်ဖြစ်ကြောင်း၊ ပထမ ဘာသာရေးအဆောက်အုံမှာ အာမေးနီးယမ်း ခရစ်ယန် ဘုရားကျောင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ ဂျူးဘုရားကျောင်းသည်
က္ဘာပေါ်တွင် တိုရာ ကျမ်းပေါင်း ၁၂၆ စုံ အထိရှိခဲ့ဖူးသည့် တစ်ခုတည်းသော ဘုရားကျောင်းဖြစ်ခဲ့သော်လည်း
ဒုတိယက္ဘာစစ်အတွင်း ဂျူးမိသားစုများ မြန်မာနိုင်ငံမှ စွန့်ခွာရာတွင် အဆိုပါ ကျမ်းများကိုပါ
ယူဆောင်သွားကြရာ လက်ရှိတွင် တိုရာကျမ်း နှစ်စုံသာ ကျန်ရှိကြောင်း ထိုကျမ်းများသည် မူလက
ဘဂ္ဂဒက်မြို့မှဖြစ်ပြီး နှဏ်တစ်ရာကျော် သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။
“ရန်ကုန်မြို့မှာ
သမိုင်းဝင် အဆောက်အအုံတွေကတော့ ထောင်နဲ့ချီရှိပါတယ်။ အထင်ကရ အဆောက်အအုံတွေကို ဦးစားပေးပြီး
တပ်ဆင်နေပါတယ်။ ဒါပေမယ့် အခုလောလောဆယ် ဦးစားပေးတပ်ဆင်ခဲ့တဲ့ ဘုရားကျောင်းတွေက ရန်ကုန်
မြို့မှာ လူနည်းစုသာ ကိုးကွယ်ပြီး ထိန်းသိမ်းထားဖို့ အခက်အခဲရှိနေတဲ့ ဘုရားကျောင်းတွေဖြစ်ပါတယ်။
နောက်ပိုင်းတော့ တစ်လကို အနည်းဆုံး ကမ္ပည်းပြား နှစ်ပြားကနေ သုံးပြားအထိ တပ်ဆင်သွားပါမယ်။
ကျွန်တော်တို့ အဖွဲ့က စုစုပေါင်း ကမ္ပည်း ၁၀၀ ကျော်လောက်အထိ တပ်ဆင်ဖို့ လျာထားပါတယ်”ဟု
ဦးသူရိန်အောင်က ဆက်လက် ပြောသည်။
ဤဘုရားကျောင်းတွင်
ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ကျင်းပခဲ့သည့်အပြင် နှစ်စဉ်ပွဲတော်ဖြစ်သည့် မီးထွန်းပွဲတော်တွင်
ဘာသာပေါင်းစုံမှ အကြီးအကဲများ တက်ရောက်ကြောင်း၊ ဂျူးလူမျိုးများသည် မြန်မာနိုင်ငံတွင်
၁၉ ရာစု အစောပိုင်း ကတည်းက ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး အများစုမှာ ကိုချင်၊ ကာလကတ္တား၊
အီရတ်နှင့် အီရန်ဒေသများမှ လာရောက် အခြေချသူများဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၃၅ နှစ်အတွင်း
ဆမ်မြူရယ်မိသားစုက ယခု ဂျူးဘုရားကျောင်း၊ ဂျူးသင်္ချိုင်း နှင့် ကျန်ရှိနေသေးသည့် ဂျူးလူမျိုးအသိုက်အမြုံကို
ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြောင်းသိရသည်။
၂၀၁၂ ခုနှစ်တွင်
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)ကို စတင်တည်ထောင်ခဲ့ကာ
ခေတ်ကာလအဆက်ဆက်က တည်ရှိခဲ့သော ရန်ကုန်မြို့၏ သူမတူ ထူးခြားသော မြို့ပြယဉ်ကျေးမှုအမွေအနှစ်ကို
နည်းလမ်းမှန်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။
အဆိုပါ အပြာရောင်ကမ္ပည်းပြား
တပ်ဆင်သည့် အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် မြို့ပြအမွေအနှစ်
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
သတင်း-မြတ်စန္ဒီသင်းဇော်၊
ဓာတ်ပုံ - ရဲထွဋ်

No comments:
Post a Comment