နေပြည်တော် ဇွန် ၁၆
သူနာပြုနှင့် သားဖွားများသည်
လူနာများနှင့် အမြဲထိတွေ့နေရပြီး လူနာများအား စဉ်ဆက်မပြတ် အနီးကပ်ပြုစု စောင့်ရှောက်ပေးနေရသူများဖြစ်သဖြင့်
ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သူနာပြုနှင့် သားဖွားများ၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးသည့်အတွက်
သူနာပြု/သားဖွားများ၏ အခန်းကဏ္ဍကို မြှင့်တင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ကြရန်ဖြစ်ပါကြောင်းဖြင့်
ဇွန်(၁၅)ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌်
ကျင်းပသော ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနအောက်ရှိ
တိုင်းဒေသကြီး/ပြည်နယ်များမှ သူနာပြု/သားဖွား/နှီးနွယ် သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်
ကျောင်းအုပ် များညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ဆက်လက်ပြောကြားရာတွင်
သင်ကြားမှုအပိုင်းတွင် သင်ကြားမှုနည်းစနစ်သည်လည်း အရေးကြီးပါကြောင်း၊ မိမိသိချင် သည်ကို
သင်တန်းသား/သင်တန်းသူများက ပြန်မေးသည့်အလေ့အကျင့်၊ စာကြည့်တိုက်သို့ သွားရောက် လေ့လာစာဖတ်
သည့် အလေ့အကျင့်ရရှိအောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ သူနာပြုများလိုက်နာရမည့်
ကျင့်ဝတ်ကို လည်း ပြန်လည်သုံးသပ်ရန် လိုမည်ဖြစ်ပါကြောင်း။
သင်တန်းကျောင်းများတွင်
သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းသည် အလွန်အရေးကြီးသည့်အပြင် (Dynamic) ဖြစ်နေရန်
လိုအပ်ပြီး သင်ကြားပုံနည်းစနစ်၊ သင်ကြားမည့်ဆရာများ၏ စွမ်းရည်တို့သည် အလွန်အရေးကြီးပါကြောင်း၊
သင်ရိုး ညွှန်းတမ်းကို ခေတ်ကာလအခြေအနေနှင့်လျော်ညီရန် ပြင်ဆင်သုံးသပ်၍ ပြန်လည်ရေးဆွဲရန်လည်း
လိုအပ်ပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်
ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို နိုင်ငံတော်၏ လိုအပ်ချက်နှင့် အညီ တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ
(၂၀၁၄-၂၀၁၅) ပညာသင်နှစ်ထိ သူနာပြု/သားဖွား ဒီပလိုမာ(၃၀၄၁၀) ဦး၊ ဘက်စုံသားဖွားလက်မှတ်ရနှင့်
ဘက်စုံသားဖွားဒီပလိုမာ (၃၆၁၀၁) ဦး၊ အမျိုးသမီးကျန်းမာရေး ဆရာမ (၄၅၀၈) ဦး မွေးထုတ်နိုင်ခဲ့ကြောင်း၊
ယခုလက်ရှိ သူနာပြု/သားဖွားဒီပလိုမာ (ပထမနှစ်- ၁၈၉၉ ဦး၊ ဒုတိယနှစ်- ၁၅၅၀ ဦး၊ တတိယနှစ်-
၁၄၀၉ ဦး)နှင့် ဘက်စုံသားဖွားဒီပလိုမာ (ပထမနှစ်- ၁၄၀၀ ဦး၊ ဒုတိယနှစ်- ၁၁၈၂ ဦး)၊ အမျိုးသမီးကျန်းမာရေးဆရာမ
(၁၅၉) ဦး တိုးမြှင့်ရွေးချယ်ပညာသင်ကြားပေးလျက်ရှိသည့်အတွက် စုစုပေါင်း သင်တန်းသား/သင်တန်းသူ
(၇၅၉၉) ဦး ပညာသင်ကြားလျက်ရှိကြောင်းနှင့် သူနာပြုများပိုမိုမွေးထုတ်နိုင်ရေးအတွက်
အဆိုပြုသင်တန်းကျောင်း (၁၄)ကျောင်းတွင် (၂၀၁၆-၂၀၁၇) ပညာသင်နှစ်မှစ၍ တစ်နှစ်လျှင် (၂)ကြိမ်ဖွင့်လှစ်
သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ သူနာပြုသင်တန်းကျောင်း (၂၅)ကျောင်း၊
သားဖွား သင်တန်းကျောင်း (၂၂)ကျောင်း၊ နှီးနွယ်သင်တန်းကျောင်း (၃) ကျောင်း စုစုပေါင်း
(၅၀) ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ပြီး ဖြစ်ပါကြောင်း။
ယခုအစည်းအဝေးတွင်
သင်ကြားရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ကြုံနေရ
သည့် အခက်အခဲများ၊ အားသာချက်/အားနည်းချက်များကို ပြန်လည်ဆန်းစစ်ပြီး ပိုမိုကောင်းမွန်သည့်
ရလာဒ်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ကာ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် လိုအပ်ပါကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်းမှ
သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် လိုအပ်လျက်ရှိသည့် သင်ကြားရေးဆိုင်ရာစာအုပ်များ၊
သင်ထောက်ကူပစ္စည်းများ သင်ရိုးညွန်းတမ်း ဆန်းစစ်ခြင်းများနှင့် ပတ်သက်၍ တင်ပြ ခဲ့ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment