Thursday, June 16, 2016

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ပညာပေးလုပ်ငန်းများ အသိပညာပေး လုပ်ငန်းဆောင်ရွက်လျက် ရှိကြောင်း ဆွေးနွေး


နေပြည်တော် ဇွန် ၁၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား  ဇွန် (၁၅)ရက်တွင် UN Secretary General's Special Envoy Mr. Jean Todt နှင့် Ms. Michelle Yeoh တို့ဦးဆောင်သောအဖွဲ့သည် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲတွင် Mr. Jean Todt မှ ယာဉ်မတော်တဆထိခိုက်မှုသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ပြဿနာ တစ်ရပ်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယာဉ်စီးရေ တိုးတက်လာမှုနှင့်အတူ ယာဉ်မတော်တဆမှုများ တစ်ဆထက် တစ်ဆ ပိုမိုများပြား လာသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယာဉ်မတော်တဆဖြစ်စဉ်များ လျော့နည်း ကျဆင်းရေးအတွက်  Task Force တစ်ခုကို ဆောလျင်စွာဖွဲ့စည်း ဆောင်ရွက် ပေးစေလို ကြောင်း အကြံပြုပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ လမ်းအန္တရာယ်ကင်းရှင်းရေး တိုးတက်လာစေရန် အမှန်တကယ် လိုလားစွာဖြင့် ပူးပေါင်းပံ့ပိုးဆောင်ရွက် လိုပါကြောင်း ဆွေးနွေးပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ရက်(၁၀၀) လုပ်ငန်းစီမံကိန်းတွင်လည်း ထည့်သွင်း၍ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း/ ပြည်ပမှ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်သွား မည်ဖြစ်ပါ ကြောင်း ပြန်လည်ဆွေးနွေးသည်။ 

No comments:

Post a Comment