Friday, April 1, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြု


နေပြည်တော် ဧပြီ ၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ကို ယနေ့ နံနက်(၁၀) နာရီတွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြား ရှင်းလင်းရာ တွင် ယခုဥပဒေကြမ်းကို ပါတီစုံဒီမိုကရေစီစနစ် တည်တံ့ထွန်းကားရေး၊ ဈေးကွက်စီးပွားရေး စနစ်ကိုကျင့်သုံး၍ ငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်နိုင်ရေး၊ စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင် စုနိုင်ငံတော်ကို ခိုင်မာစွာတည်ဆောက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်း ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ရည်ရွယ်ချက် များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တင်သွင်းခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း။
အတိုင်ပင်ခံပုဂ္ဂိုလ်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များထဲတွင် အကြံပြုချက်များ ပေးအပ်ခြင်းသာပါရှိပြီး ယင်းသည် ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ လမ်းညွှန်မှုပြုခြင်း မဟုတ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စုအစိုးရ အဖွဲ့အပါအ၀င် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လိုအပ်သည့် အကြံပြုချက်များ ပေးအပ်၍ အဆိုပါ အကြံပြုချက်များနှင့် ဆောင်ရွက်ချက် များကို ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည် ဖြစ်သည်ကို လည်း လေ့လာတွေ့ရှိရပါကြောင်း ရှင်းလင်းသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် တင်သွင်းထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄) ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် (၃)ဦးတို့က ဆွေးနွေးကြသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ခင်မောင်အေးက ယခုဆွေးနွေးလျက်ရှိသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ (မူကြမ်း)သည် နိုင်ငံတော်နှင့် နိုင်ငံ့သားများ၏ အကျိုးစီးပွားများကို ပံ့ပိုးဆောင်ရွက်ပေး နိုင်ရန် ရည်ရွယ် ပြဋ္ဌာန်းသည်ဆိုသော်လည်း ပါတီအမည်ဖော်ပြထားသော လူပုဂ္ဂိုလ် တစ်ဦးတည်းအား ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး အာဏာနှစ်ရပ်စလုံးကို အပ်နှံသည့် သဘော သက်ရောက် နေခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဓိက အခြေခံမူတစ်ရပ်ဖြစ်သည့် ပုဒ်မ ၁၁(က) ပါ ``နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုသည်´´ ဟူသည့် ပြဋ္ဌာန်းချက်ကို ထိခိုက်ပျက်ပြားစေခြင်း၊ ယခုဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များ၏ အနက်အဓိပ္ပာယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများနှင့် ဆန့်ကျင်ကွဲလွဲနေခြင်း တို့ကြောင့် ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်စေရန် ပြင်ဆင်ရေးဆွဲပြီးမှသာ ပြဋ္ဌာန်းသင့်ပါကြောင်း ဆွေးနွေးသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်သိန်းက ဤဥပဒေသည် ဥပဒေတစ်ရပ်၏ အင်္ဂါရပ်နှင့် မညီညွတ်ဟု ယူဆရပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်လည်း ပတ်သက်ဆက်နွယ်နေသဖြင့် ဤဥပဒေကိုပြဋ္ဌာန်းရန် သင့်၊ မသင့်ကို အခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့တင်ပြ၍ အဆုံးအဖြတ်ရယူရန် တင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်က ယခုဥပဒေကြမ်းကို ဥပဒေတစ်ရပ်အနေဖြင့် ပြဋ္ဌာန်းခြင်းမပြုဘဲ အမိန့်၊ ညွှန်ကြားချက် ထုတ်ပြန်ပြီး ဆောင်ရွက်သင့်ပါကြောင်း၊ ဥပဒေပညာရှင်များနှင့် တိုင်ပင်နှီးနှောပြီး စဉ်းစား ဆောင်ရွက်သင့်ပါကြောင်း၊ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးထံမှ အကြံဥာဏ်ရယူ သင့်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဆွေက အမျိုးသားလွှတ်တော်သို့ တင်သွင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းသည် ဥပဒေ အကြောင်းချင်းရာအရ တည်ဆဲနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များကို ကျော်လွန် အဓိပ္ပာယ် သက်ရောက်နေသဖြင့် လည်းကောင်း၊ အကြောင်းချင်းရာ အားဖြင့်လည်းကောင်း အဓိပ္ပာယ်ဖွဲ့ဆိုချက် များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များကို ဆန့်ကျင်နေသည်ကို တွေ့ရှိရပါကြောင်း။
ထို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်စေရန် ပြင်ဆင်ရေးဆွဲပြီးမှသာ ပြဋ္ဌာန်းသင့်ပါကြောင်း ဆွေးနွေးသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်က ဥပဒေကြမ်း၏ စာမျက်နှာ(၂)တွင်ပါရှိသော ပုဒ်မ (၃)(က)ပြဋ္ဌာန်း ချက်ပါ စကားရပ်ကို “ပါတီစုံဒီမို ကရေစီစနစ်ရှင်သန်ဖွံ့ဖြိုးရေး”ဟု ပြင်ဆင်လိုပါကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေ စီစနစ် ရှင်သန်ဖွံ့ဖြိုးရန်လိုအပ်နေသည့်အတွက် “ထွန်းကားရေး”ဆိုသည့် စကားရပ် အစား “ရှင်သန်ဖွံ့ဖြိုးရေး”ဟု ပြင်ဆင် သင့်ကြောင်း၊ စာမျက်နှာ(၂)၏ ပုဒ်မ (၄)တွင် “၂၀၁၅ ခုနှစ် ဆိုသည့် ခုနှစ်သက္ကရာဇ်ကိုဖြုတ်ပြီး “ထောက်ခံမဲရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်” ဟူသောစကားရပ်ကို “ထောက်ခံမဲ ရရှိသည့် အနိုင်ရပါတီ ၏ဥက္ကဋ္ဌ”စကားရပ်ဖြင့် အစားထိုး သင့်ကြောင်း၊ ဥပဒေတစ်ခုကို ပြဋ္ဌာန်းရာတွင် ရေရှည်အတွက်လည်း မျှော်ကိုးရမည် ဖြစ်ပါကြောင်း၊ ပုဒ်မ (၇)၏ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်သင့်ပါကြောင်း ဆွေးနွေးသည်။  ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးကျော်နီနိုင်က ဥပဒေများကို ယခုကဲ့သို့ အချိန်တိုကာလအတွင်း လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် သတ်မှတ် ပြဋ္ဌာန်း ထုတ်ပြန်ခြင်းမျိုး မတွေ့ဘူးကြောင်း၊ ဥပဒေတစ်ရပ်သည် ရေရှည်မျှော် ကိုးပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရှင်သန်နေသည့် ဥပဒေဖြစ်ခြင်းသည် ပိုမိုသင့်တော် ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ယခု ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွင်း နိုင်ငံတော် သမ္မတ၏ သက်တမ်းကာလအတွက် ရည်ရွယ်ဖော်ပြထားသော်လည်း ဒေါ်အောင်ဆန်း စုကြည် အတွက် တမင်ဖော်ပြချက်ဟု စွပ်စွဲလာနိုင်ပါကြောင်း၊ ယခု အာဏာရပါတီ NLD အစိုးရလက်ထက်တွင် အစောဆုံး တင်သွင်းလာသည့် ဥပဒေမှာ နိုင်ငံတော်သမ္မတ၏ အတိုင်ပင်ခံလုပ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ် ပြဋ္ဌာန်း သည့် ဥပဒေဖြစ်နေခြင်းသည် NLD ပါတီ၏ တရားမျှတမှု၊ ဖြောင့်မတ် မှန်ကန်မှုကို ထိခိုက်နေမည်လားဟု စဉ်းစားရန် သင့်ကြောင်း အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးလှဝင်းအောင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၂(ဇ)တွင် “ ပြည်ထောင်စု ၀န်ကြီးများသည် နိုင်ငံတော် သမ္မတအား တာဝန်ခံရမည်”ဟု ပြဋ္ဌာန်းထားသည့် အတွက် ပြည်ထောင်စု ၀န်ကြီးဖြစ်သူသည် နိုင်ငံတော်သမ္မတကိုသာ တာဝန်ခံရန်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်သို့ တာဝန်ခံရန် ဖော်ပြချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်နေပါကြောင်း။ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၃ တွင် ပြဋ္ဌာန်း ထားချက်အရ နိုင်ငံတော် သမ္မတက လိုအပ်သည့် အကြံဥာဏ်များ ရယူနိုင်ရေးအတွက် အကြံပေးအဖွဲ့ကို သင့်လျော်သည့် လူဦးရေဖြင့် ဖွဲ့စည်းနိုင် မည်ဖြစ် သကဲ့သို့ ဥပဒေပြုရေး ကဏ္ဍနှင့် စပ်လျဉ်း၍လည်း အမျိုးသားလွှတ်တော် ဥပဒေပုဒ်မ ၃၂ အရ လွှတ်တော် အသီးသီး၏ လုပ်ငန်းများကို အထောက် အကူပြု အကြံဥာဏ်ပေးနိုင်ရန် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့ဝင်များ ဖွဲ့စည်း ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ယခုဥပဒေကြမ်းကို ပြဋ္ဌာန်းရန်ပင် မလိုအပ်သည်ကို တွေ့ရှိရပါကြောင်း ဆွေးနွေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ယင်းဥပဒေကြမ်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၇ တွင်ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြန် လည်ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄)မှ ဦးအောင်ကြည်ညွန့်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကိုအတည်ပြုရန် အဆိုတင်သွင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ် ရှိသည့်အတွက် စက်ခလုတ် အသုံးပြု၍ ဆန္ဒရယူရာ ထောက်ခံမဲ(၁၃၇)မဲ၊ ကန့်ကွက်မဲ (၇၀)၊ ကြားနေမဲ (၂)မဲဖြစ်ပြီး ထောက်ခံ ဆန္ဒမဲများသည့်အတွက် ယင်း ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။

No comments:

Post a Comment