နေပြည်တော် မတ် ၎
ဘီလူးချောင်းအမှတ်
(၂) ဓာတ်အားပေးစက်ရုံ အလုံးစုံပြုပြင်မွမ်းမံရေးစီမံကိန်း ပြီးစီးခြင်းနှင့် စက်များလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို
ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါစက်ရုံ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊
ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေး၊ ဂျပန်သံအမတ်ကြီး
Mr. Tateshi Higuchi၊ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Yoshito Sengoku
နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ မြန်မာနိုင်ငံ ဆိုင်ရာအကြီးအကဲ
Mr Keiichiro NAKAZAWA တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးက ဘီလူးချောင်းအမှတ်(၂)ဓာတ်အား ပေးစက်ရုံသက်တမ်းသည် (၅၃)နှစ်ကျော်ပြီဖြစ်ပါကြောင်း၊
စက်ရုံ၏ တာဘိုင်၊ ဂျင်နရေ တာနှင့် လျှပ်စစ်ကြိုးများသည် သက်တမ်းကျော်လွန်နေပြီဖြစ်သောကြောင့်
လုံခြုံစိတ်ချ စွာ မောင်းနှင်နိုင်ရန် မသင့်တော်သဖြင့် အစားထိုးပြုပြင်ရန် လိုအပ်လာပါကြောင်း၊
ထို့ကြောင့် ဂျပန်အစိုးရက စက်ရုံကြီးအလုံးစုံပြုပြင်မွမ်းမံရေးဆောင်ရွက်နိုင်ရန် ပြန်
လည်ပေးဆပ်ရန်မလိုသော ငွေကြေးအကူအညီ(Grant Aid)ဂျပန်ယန်း သန်းပေါင်း (၆၆၆၉)သန်းကို ထောက်ပံ့ကူညီပေးခဲ့ပါကြောင်း။
အလုံးစုံပြုပြင်မွမ်းမံရေးစီမံကိန်း
ဆောင်ရွက်ခဲ့ရာတွင် တာဘိုင်၊ ဂျင်နရေတာ ဖိအားမြှင့်သံမဏိပိုက်လိုင်းနှင့် ဆက်စပ်ပစ္စည်းအမျိုးပေါင်း(၅၂)မျိုး
လဲလှယ်ပြုပြင်ခြင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ပထမစက်(၃)လုံး
ပြုပြင်ပြီးစီး ခဲ့ပြီး ကျန်စက် (၃)လုံးကို ၂၀၁၅ ခုနှစ် မိုးရာသီတွင် ထပ်မံပြုပြင်ဆောင်ရွက်ခဲ့ပါ
ကြောင်း၊ ယခုအခါ စက်(၆)လုံး ပြုပြင်ပြီးစီးသွားပြီဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝစွာဖြင့်
မူလဒီဇိုင်း အတိုင်း စက်(၁)လုံးလျှပ် (၂၈)မဂ္ဂါဝပ်အပြည့် စုစုပေါင်း (၁၆၈)မဂ္ဂါဝပ်ကို
ဓာတ်အား စနစ်သို့ ပို့လွှတ်နိုင်ပြီဖြစ်ပါကြောင်း။
၂၀၃၀-၂၀၃၁ တွင်
တစ်နိုင်ငံလုံးသို့ ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ လျှပ်စစ် ဓာတ်အားပေးနိုင်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားပင်မစီမံချက်
(National Electricity Master Plan)ကို JICA ၏ အကူအညီဖြင့် ရေးဆွဲပြီးဖြစ်ပါကြောင်း၊
ကယားပြည်နယ်ရှိ မြို့နယ်အားလုံးကို လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးပြီးဖြစ်သည့်အတွက်
ကယားပြည်နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့်မြို့ မကျန်ရှိတော့ပါကြောင်း၊ ကျေးရွာမီးလင်းရေးတွင်လည်း
ကယားပြည်နယ်အတွင်း ကျေးရွာ ၅၁၁ ရွာရှိသည့် အနက် ၁၄၂ ရွာ လျှပ်စစ်မီးရရှိပြီးဖြစ် ပါကြောင်း၊ ၂၀၁၅-၂၀၁၆ အတွင်း လျှပ်စစ်မီးရ ရှိရေး ဆောင်ရွက်ရန်လျာထားခဲ့သော
ရွာ ၁၁၄ ရွာအနက် ၄၁ ရွာလျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီး ကျန် ၇၃ ရွာ တွင်လည်း
လျှပ်စစ်မီးရရှိရေးဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ဆောင်ရွက် ပြီးစီးတော့မည်ဖြစ်ပါကြောင်း၊
၂၀၁၅-၂၀၁၆ အကုန်တွင် စုစုပေါင်းကျေးရွာ (၂၅၆)ရွာ လျှပ်စစ်မီး ရရှိမည်ဖြစ်ပါကြောင်း၊
လျှပ်စစ်မီး ရရှိရန် ကျန်ရှိသည့် ကျေးရွာများကိုလည်း ဆိုလာစနစ်ဖြင့် ဆက်လက်ဆောင်ရွက်
ပေးသွားရန် စီစဉ်ထားရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း
ဒုတိယဥက္ကဋ္ဌက ယခုစက်ရုံ ကြီးသည် တည်ဆောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပါကြောင်း၊
ယခုကဲ့သို့ ဓာတ်အားပေးစက်ရုံကြီး မူလအတိုင်း ဓာတ်အားပြန်လည်ထုတ်လုပ်နိုင်ရန် ပူးပေါင်း
ဆောင်ရွက်ခဲ့ကြသည့် တာဝန်ရှိသူများ၊ ကယားပြည်နယ်သူ ပြည်နယ်သားများနှင့် JICA ကို ကျေးဇူးတင်ရှိပါကြောင်း၊
JICA အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပင်မလျှပ်စစ်
ဓာတ်အားရရှိရေး မဟာဗျူဟာကို ပူးပေါင်းရေးဆွဲဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏
စက်မှုလက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် အကူအညီပေးရန် ဆောင် ရွက်လျက်ရှိပါကြောင်း
ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က
ကယားပြည်နယ်အတွင်း လျှပ်စစ်ဓာတ် အားတိုးချဲ့ရရှိရေးအတွက် ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်သံအမတ်ကြီးက နိုင်ငံတော်အစိုးရ၏ သေချာစွာ ထိန်းသိမ်းမှုကြောင့် ယခုဓာတ်အားပေးစက်ရုံကြီးကို
ပြန်လည်ပြုပြင် စီမံခန့်ခွဲ နိုင်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံကဏ္ဍတွင်
ထောက်ပံ့ ကူညီပေးရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် ယခု
ဓာတ်အားပေးစက်ရုံပြုပြင်မွမ်းမံရန်ကိစ္စပါဝင်ခဲ့ပြီး ၎င်းကို အရေးကြီးကိစ္စရပ်တစ်ခု အဖြစ်သတ်မှတ်ပြီး
ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် လျှပ်စစ် စွမ်းအားကဏ္ဍအပြင် အခြားကဏ္ဍပေါင်းစုံကို
ပူးပေါင်းကူညီ ဆောင်ရွက်သွားရန် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊
ပြည်နယ်ဝန်ကြီးချုပ်၊ ဂျပန်သံအမတ်ကြီး၊ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့်
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးအေဂျင်စီမှ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲတို့က
ဘီလူးချောင်းအမှတ် (၂) ဓာတ်အားပေးစက်ရုံ အလုံးစုံပြုပြင်မွမ်းမံရေးစီမံကိန်းပြီးစီးခြင်းနှင့်
စက်များလွှဲ ပြောင်းပေး အပ်ခြင်းအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဘီလူးချောင်းအမှတ်(၂)
ဓာတ်အားပေးစက်ရုံ အလုံးစုံပြုပြင် မွမ်းမံ ခြင်း ဆောင်ရွက်ခဲ့မှုအခြေအနေ မှတ်တမ်းဓာတ်ပုံများကို
တာဝန်ရှိသူများက ရှင်းလင်း ပြသကြသည်။
ယင်းနောက် ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ မြန်မာ နိုင်ငံဆိုင်ရာအကြီးအကဲက ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း
ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းထံ ဓာတ်အားပေးစက်များ၏ အချက်အလက်များကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဦးခင်မောင်စိုးက စီမံကိန်းအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် ဂျပန်နိုင်ငံမှ
တာဝန်ရှိသူများအား ဂုဏ်ပြု လက် ဆောင်များ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘီလူးချောင်းအမှတ် ၂ ဓာတ်အားပေးစက်ရုံ
ထိန်းချုပ်ခန်းအတွင်း စက်များစွမ်းအား ပြည့် ပြန်လည်မောင်းနှင်နေမှုကို ကြည့်ရှုသည်။
ဘီလူးချောင်းအမှတ်
(၂) စက်ရုံသည် လွိုင်ကော်မြို့နှင့် ၁၄ မိုင်ခန့် အကွာတွင် တည်ရှိပြီး ၁၉၆၀ ခုနှစ်တွင်
ဂျပန်နိုင်ငံမှပေးသော စစ်လျော်ကြေးဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် ဘီလူးချောင်းအမှတ်(၂)စက်ရုံ၏ သက်တမ်းသည်
နှစ်ပေါင်း ၅၃ နှစ် ကျော်ပြီဖြစ်၍ စက်မှုပိုင်းနှင့် လျှပ်စစ်ပိုင်းတို့တွင် လုံခြုံစိတ်ချရမှု
လျော့နည်း လာသဖြင့် ဂျပန်နိုင်ငံအစိုးရ၏ ပြန်လည်ပေးဆပ်ရန်မလိုသော ငွေကြေးအကူအညီ
(Grant Aid)ဂျပန်ယန်း သန်းပေါင်း ၆၆၆၉ သန်းဖြင့် ဘီလူးချောင်း အမှတ်(၂)စက်ရုံကို အလုံးစုံပြုပြင်ခဲ့သည်။
ယခုအခါ အလုံးစုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများပြီးစီးသွားသည့်အတွက်
စက်များ မပြုပြင်မီ လျော့နည်းနေခဲ့သော ဓာတ်အားပမာဏ ၃၀ မဂ္ဂါဝပ်ကို ပြန်လည်ရရှိခဲ့ပြီး
ဘီလူးချောင်းအမှတ်(၂) စက်ရုံရှိ ဓာတ်အားပေးစက်(၆)လုံး၏ ထုတ်လုပ်သော ၁၆၈ မဂ္ဂါဝပ်ကို
ပြည့်ပြည့်ဝဝ ပြန်လည်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။



No comments:
Post a Comment