၂၀၁၆
ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်
ချစ်ခင်
လေးစားအပ်ပါသော ချင်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများ
အားလုံး မင်္ဂလာပါ ခင်ဗျား။
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော
(၆၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခွင့်ရသည့် အတွက် များစွာ
ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်
ချင်းပြည်နယ် ဖလမ်းမြို့၌ လူထုညီလာခံ ကျင်းပကာ စော်ဘွားများ အုပ်ချုပ်သည့် စနစ်မှ ဒီမိုကရေစီ
အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲ ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ
၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော သတ္တမ အကြိမ်မြောက် ချင်းရေးရာ ကောင်စီ ညီလာခံတွင်
ချင်းအမျိုးသားနေ့ သတ်မှတ်ရေး အဆိုများ တင်သွင်းမှု အပေါ် တက်ရောက်လာသော အမတ်အားလုံး၏
ဆန္ဒကို ရယူလျက် ဖလမ်းမြို့တွင် လူထုညီလာခံ ကျင်းပခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို
"ချင်းအမျိုးသားနေ့" အဖြစ် ရွေးချယ် သတ်မှတ် အတည်ပြုခဲ့ပါသည်။ ၁၉၄၈ ခုနှစ်ကို
အစပြု၍ သတ်မှတ်ခဲ့သော ချင်းအမျိုးသားနေ့သည် ယခုဆိုလျှင် (၆၈)နှစ် ပြည့်မြောက်ခဲ့ပြီ
ဖြစ်ပါသည်။
ချင်းပြည်နယ်သည် သဘာဝ ပထ၀ီ အနေအထားအရ
မြောက်မှ တောင်သို့ သွယ်တန်းနေသော အနောက်ရိုးမ၊ ဘင်္ဂလား ပင်လယ်အော်သို့ စီးဝင်နေသော
ကုလားတန်မြစ်၊ ရှားပါးအပင်များ ပေါက်ရောက်ရာနှင့် ရှားပါး သတ္တ၀ါများ ခိုအောင်းရာ နတ်မတောင်၊
ဒုတိယ ကမ္ဘာစစ်အတွင်း ထင်ရှားသော စစ်မြေပြင် ကနေဒီတောင်ထိပ်၊ လှပသော ရိဒ်ရေကန်၊ တသွင်သွင်
စီးဆင်းနေသော မဏိပူရမြစ်၊ ဘွေနုမြစ်၊ ဘုံတလာရေတံခွန် စသည့် သဘာဝ အရင်းအမြစ်များနှင့်
မြေပေါ်မြေအောက် သယံဇာတများ တည်ရှိရာ နေရာတစ်ခု ဖြစ်ပါသည်။
နိုင်ငံတော် အစိုးရအနေဖြင့် ချင်းပြည်နယ်
အနှံ့အပြား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်စေရေး၊
ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးဖြင့် ဆက်သွယ် သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်း
ဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ ဆိပ်ကမ်း တည်ဆောက်ရေးတို့ကို ဆောင်ရွက် ပေးလျက်ရှိသည့်
အပြင် ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်
ရှိပါသည်။
၂၀၁၅ ခုနှစ်အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှု၊
ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ချင်းပြည်နယ် တစ်ဝန်း ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ
နိုင်ငံတော် အစိုးရနှင့် ပြည်နယ် အစိုးရတို့က အဓိက လမ်းပိုင်းများကို အမြန်ဆုံးအသစ်
ဖောက်လုပ်ပေးခြင်းနှင့် ပြုပြင်ပေးခြင်း၊ နေအိမ်ပြိုကျ ပျက်စီးခဲ့သည့် သဘာဝ ဘေးသင့်
ပြည်သူများအတွက် ကျေးရွာသစ်နှင့် မြို့ကွက်သစ်များ ဖော်ထုတ်၍ နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးခြင်း
စသည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးနှင့် အထိရောက်ဆုံး အကောင် အထည်ဖော်
ဆောင်ရွက်ပေးလျက် ရှိပါသည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော် အစိုးရအနေဖြင့်
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်ကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ တစ်နိုင်ငံလုံး
ပစ်ခတ တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် လက်မှတ် ရေးထိုးနိုင်ခဲ့ပါသည်။ ယင်းသဘောတူ
စာချုပ်ကို အခြေခံပြီး မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို
နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ၂၀၁၆ ခုနှစ်၊
ဇန်န၀ါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပနိုင်ခဲ့ပါသည်။ တည်ငြိမ် အေးချမ်းမှုနှင့်
တရားဥပဒေ စိုးမိုးမှုသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် အလျောက်
ရရှိပြီး တည်ငြိမ် အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး
အတွက် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးကို တိုင်းရင်းသား ပြည်သူများ အားလုံးက နိုင်ငံတော်
အစိုးရနှင့်အတူ လက်တွဲ ကြိုးပမ်း ဖော်ဆောင် သွားကြရန် လိုအပ်ပါသည်။
သို့ဖြစ်၍ ရရှိထားပြီးသော တည်ငြိမ် အေးချမ်းမှု၊
စည်းလုံး ညီညွတ်မှု၊ ဖွံ့ဖြိုး တိုးတက်မှု အခြေခံကောင်းများနှင့် အတူ ခေတ်မီဖွံ့ဖြိုး
တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းရာတွင် ချင်းပြည်နယ် အတွင်းရှိ
တိုင်းရင်းသား ပြည်သူများ အားလုံးက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားကြရန် တိုက်တွန်းလျက်
သဝဏ်လွှာ ပေးပို့လိုက်ပါသည်။
No comments:
Post a Comment