Friday, February 19, 2016

စွန့်ပစ်မြေစာများကို မှော်ရှန်၊ ချိုင့်ဝှမ်းများတွင်သာ စွန့်ပစ်ကြရန် ကချင်လူမှုကွန်ရက်အဖွဲ့နှင့်တာဝန်ရှိသူများ၊ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့များ ညှိနှိုင်းသဘောတူကြ


ဖားကန့် ဖေဖော်ဝါရီ ၁၈
 
စွန့်ပစ်မြေစာများကို ယခင် စွန့်ပစ်ခဲ့ကြသည့် ရွာဟောင်းစုပေါင်း မြေစာပုံနေရာ၌ မစွန့်ပစ်တော့ဘဲ ဝှေခါချောင်းနှင့် မနီးသော မှော်ရှန် ရပ်ကွက် မှော်ရှန်နှင့် ရေကြည်ဘက် သို့ သွားရောက်သည့် ချိုင့်ဝှမ်းများ တွင်သာ စွန့်ပစ်ကြရတော့မည် ဖြစ် ကြောင်း ကချင်ပြည်နယ် မိုးညှင်း ခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပသည့် ကချင်လူမှု ကွန်ရက်အဖွဲ့နှင့် မြို့နယ် တာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများ တတိယအကြိမ် တွေ့ဆုံပွဲမှ သိရသည်။


မြေစာပစ်လမ်း ပိတ်ဆို့မှုနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်လင်း၊ ကျောက်စိမ်းတူးဖော် ရေးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးသန်းထွန်း၊ မြို့နယ် ဥပဒေအရာရှိ ဦးတူးခေါင်၊ မြို့နယ် အထောက်အကူပြုကော်မတီအဖွဲ့ဝင် ဦးနော်ဆန့်၊ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့မှ ဦးအင်ဆွဲစိန်ဂီ၊ ဦးလဆိုင်း၊ ဘဇံ ချောက်ကျေးရွာ ကျောက်မျက် ကုမ္ပဏီ ၁၂ ခုမှ တာဝန်ရှိသူများနှင့် ကချင် လူမှုကွန်ရက်အဖွဲ့ ကျေးရွာနေ ပြည်သူများတွေ့ဆုံကာ မြေစာပစ် လမ်း ပိတ်ဆို့တားဆီးထားသည့် ကိစ္စ နှင့် ပတ်သက်၍ တတိယအကြိမ် ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ညှိနှိုင်းခဲ့ရာ ဝှေခါချောင်း အကျယ် ၁ဝ ပေ၊ အောက်ခြေ ပေ ၄ဝ နှင့် အနက် ၁၅ ပေကို အခြားဧရိယာ များ မထိခိုက်စေရေး၊ မူလချောင်း နယ်နိမိတ်အတိုင်း တူးဖော်ဆယ်ယူပြီး စုပေါင်းမြေစာပုံသို့ သယ်ထုတ်ပေး ရန်နှင့် ဝှေခါချောင်း ကမ်းနား တစ်လျှောက် မြေသားပေါင် များ ပြုလုပ် ဆောင်ရွက်ပေးရေးတို့ကို ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွာဟောင်း စုပေါင်း မြေစာပုံ သုံးနေရာ မြေစာလျော့ခြင်း ဆောင်ရွက်ရာတွင် လှေကားထစ်များ ကို အမြင့် ပေ ၂ဝ၊ လျှောစောက် ၄၅ ဒီဂရီ တိမ်းစောင်းကာ အကျယ် ပေ ၅ဝ ခန့် လှေကားထစ်များ ပြုလုပ်၍ မြေစာပုံအောက်ခြေတွင် အလွန်ခိုင်ခံ့ သော သံကူကွန်က ရစ် ကျောက်ရိုးစီ ပေးခြင်းကို ကျွမ်းကျင်ပညာရှင်များ ဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် တောင်းဆိုညှိနှိုင်းထားသည့် လုပ်ငန်း များကို တိကျစွာဆောင်ရွက်ပေးရေး အတွက် ကျေးရွာသူ ကျေးရွာသားများ ပါဝင်သည့် လုပ်ငန်းကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းပေးရန်တို့ကို ညှိနှိုင်းအောင်မြင်ခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းစဉ်များ အမြန်ဆုံး စတင်မည်ဖြစ်ပြီး လုပ်ငန်းများကို နံနက် ၆ နာရီမှ ညနေ ၃ နာရီအထိ အကောင်အထည်ဖော်ဆောင်ရွက်ကြ ရမည်ဖြစ်ကာ ကုမ္ပဏီမှ မြေသယ် ယာဉ်များကို ညနေ ၃ နာရီမှ ည ၁၂ နာရီအထိကို ၄င်းတို့ပိုင်လုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်ရန် အတွက် ညှိနှိုင်းသဘောတူခဲ့ကြောင်း သိရသည်။

စိုးနိုင်ဦး(ဖားကန့်)

No comments:

Post a Comment