Monday, February 8, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၈
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယနေ့သည်ပြည်သူအများစု၏ ဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက် ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များ စုစည်းတက်ရောက်လာကြသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေး၏ ပထမနေ့ဖြစ်ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်ဆိုသည်မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာအတွင်းမှ ဥပဒေပြုရေး အာဏာကို သုံးစွဲခွင့်ရရှိထားသည့်နိုင်ငံတော်၏ အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ လွှတ်တော် များ၏ အဓိကတာဝန်သည် ဥပဒေပြုရေးဖြစ်ပြီး ခက်မသုံးဖြာအတွင်းမှ ကျန်ရှိသည့် အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်း တာဝန်များကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေတိုင်းသည် ကိုယ်ကျိုးစီးပွား၊ အဖွဲ့အစည်း တစ်ခု အကျိုးစီးပွားထက် နိုင်ငံတော်နှင့် ပြည်သူ များ၏ အကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင် ပေးသည့် ဥပဒေ များသာဖြစ်ကြရမည်ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေနှင့်နည်းဥပဒေများတွင်ပါဝင်သည့် ဥပဒေပြုရေးဆိုင်ရာပြဋ္ဌာန်းချက်များ၊ ကိုယ်စား လှယ်များ တစ်ဦးချင်းလိုက်နာရမည့်တာဝန်များ၊ ကျင့်ဝတ်များ၊ စည်းကမ်းများကိုလည်း အသေ အချာ ကြေညက်အောင်လေ့လာပြီး လိုက်နာကြရန်လိုအပ်မှာဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များအားလုံးအနေဖြင့် နိုင်ငံတော်ကြီးကို အေးချမ်းသာယာစေလိုသည့်ဆန္ဒ၊ ဖွံ့ဖြိုး တိုးတက်စေလိုသည့်ဆန္ဒ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ ချမ်းသာကြွယ်ဝစေလိုသည့် ဆန္ဒများ အားလုံး တူတူညီညီ ရှိနေကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ယခုကဲ့သို့ ဥပဒေပြု လွှတ်တော်ကြီး အတွင်းကို ရောက်ရှိလာကြပြီး နိုင်ငံတော်နှင့် ပြည်သူများအကျိုး ပူးပေါင်း လုပ်ဆောင်ကြရာတွင် လည်းပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ အယူဝါဒစွဲများ မထားကြဘဲ အစွန်းတရားများကို ရှောင်ရှားပြီး အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်တိုင်ပင်ဆွေးနွေးလုပ်ဆောင်ကြရမည် ဖြစ်ပါ ကြောင်း။
ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေပြုရေးတာဝန်အပြင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အရေးကြီး သည့် အခြားကိစ္စများ တင်သွင်းခြင်း၊ ၀ိုင်းဝန်းဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများကို လုပ်ဆောင်ကြ ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လွှတ်တော်သက်တမ်းအသစ်တစ်ခု စတင်ကျင်း ပချိန်နှင့် အစိုးရအသစ်ဖွဲ့စည်းကြချိန်များတွင် နိုင်ငံတော်အတွက် အလွန်အရေးကြီးသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့ဝင်ဦးရေ၊ ၀န်ကြီးဌာန အရေအတွက် အဆုံးအဖြတ်ပေးခြင်းလုပ်ငန်းစဉ်နှင့် ကတိသစ္စာပြုခြင်းလုပ်ငန်းများကို ပြည်ထောင်စု လွှတ်တော်ကြီးအတွင်း၌ဆက်လက်ဆောင်ရွက်ရန်ရှိနေပါကြောင်း။
ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၁ တွင်ဖော်ပြထားသည့် ဥပဒေပြု စာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုတစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြု ခွင့်ကို အပ်နှင်းခံထားရသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်း များကိုလည်း သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းဆွေးနွေးဆုံးဖြတ်ပေးကြရမည်ဖြစ်ပါကြောင်း။
မိမိအနေဖြင့် အဂတိတရားကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီအခွင့်အလမ်းများ ပွင့်လန်းလာစေရေး၊ နိုင်ငံသူနိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးများ ပိုမိုရရှိလာစေရေးတို့ကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုပြောကြား သည်။
ထို့နောက် လွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သ၀ဏ်လွှာကို လွှတ်တော်သို့ ဖတ်ကြား တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ လွှတ်တော်နာယက က နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက် နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများကို ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင်ကျင်းပရန် လွှတ်တော်သို့ကြေညာသည်။
ယင်းနောက် လွှတ်တော်နာယက က ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ တို့၌ မီးဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့် ပြည်သူများ အတွက် ကိုယ်စားလှယ်တစ်ဦးလျှင်ငွေကျပ်နှစ်သောင်းစီဖြင့် ထောက်ပံ့ လှူဒါန်းရန် အဆိုကို လွှတ်တော်၏ဆန္ဒရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။
ယနေ့စတင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စား လှယ် ၆၅၃ ဦးအနက် ၆၄၈ဦး တက်ရောက် ခဲ့ကြပြီး ကိုယ်စားလှယ် (၅)ဦး ခွင့်တိုင်ကြား ခဲ့သည်။

ယနေ့အစည်းအဝေးကို နံနက် ၁၀ နာရီခွဲတွင် ရပ်နားလိုက်ပြီး အစည်းအဝေး ဒုတိယနေ့ကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပရန် လျာထားကြောင်း သိရသည်။ 

No comments:

Post a Comment