Tuesday, February 2, 2016

တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် တတိယအကြိမ် ကော်မရှင် အစည်းအဝေး ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂
တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (CMEPCC)၏ တတိယ အကြိမ်ကော်မရှင် အစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ HORIZON Lake View Resort ဟိုတယ် Tharaphi Villa (SM-2) ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားစွမ်းအင် အုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယအုပ်ချုပ်ရေးမှူး Mr.Liu Qi ၊ နှင့် တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေအားလျှပ်စစ်ကဏ္ဍတွင် အဓိက ဆောင်ရွက် နေကြပြီး စီမံကိန်း (၁၈) ခုကို ဦးစားပေးစီမံကိန်းအဖြစ် ဆောင်ရွက်သွားရန် ဒုတိယအကြိမ် ကော်မရှင် အစည်း အဝေးတွင်မူအရ သဘောတူခဲ့ကြောင်း၊ လျှပ်စစ်ဆိုင်ရာ စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက် ရာတွင် သဘာဝနှင့် လူမှုဘဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်ရေး အသေးစိတ် လေ့လာ ဆန်းစစ်ပြီး ဒေသခံ ပြည်သူများနှင့် သက်ဆိုင်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြ ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့မှ တရုတ်-မြန်မာ လျှပ်စစ် စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အတွင်းရေးမှူးရုံးမှ Deputy General Director Mr. SHI Lishan က တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် မြန်မာနိုင်ငံအကြား လျှပ်စစ်စွမ်းအား ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်မူကြမ်းနှင့် ရေအား လျှပ်စစ်ဆိုင်ရာကိစ္စရပ်များ ဖြေရှင်းရေးသဘောတူညီချက်မူကြမ်းများတင်ပြပြီး လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးဆန်းက ဒုတိယအကြိမ်လုပ်ငန်း အဖွဲ့အစည်းအဝေး ၏ လုပ်ငန်း တိုးတက် မှုကို ဖတ်ကြားတင်ပြကြသည်။
ဆက်လက်၍ တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်ဥက္ကဌ Mr. Liu Qi နှင့် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမော်သာထွေး တို့က ဆွေးနွေးပြောကြားပြီး အစည်းအဝေး မှတ်တမ်းနှင့် မြန်မာနိုင်ငံအတွင်း ရေဘေးအန္တရာယ်ကျရောက်ခဲ့သောဒေသများအတွက် လျှပ်စစ်ပိုင်းဆိုင်ရာ စက်ကိရိယာ များနှင့် ပစ္စည်းများလှူဒါန်းမှုမှတ်တမ်းတို့အား တာဝန်ရှိသူများက လက်မှတ်ရေးထိုးကြသည်။

ထို့နောက် တရုတ်ကိုယ်စားလှယ်အဖွဲ့မှ တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး စီမံချက် မူကြမ်း၊ တရုတ်ပြည်သူသမ္မတနိုင်ငံနှင့် မြန်မာ နိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက် မူကြမ်း၊ တရုတ်ပြည်သူသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံကြား ရေအားလျှပ်စစ် စီမံကိန်း ဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေးသဘောတူညီချက်မူကြမ်းတို့ကို မြန်မာကိုယ်စားလှယ်အဖွဲ့သို့ပေးအပ်သည်။ 

No comments:

Post a Comment