Thursday, February 25, 2016

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပရာ အရေးကြီးအဆိုတစ်ခု ဆွေးနွေးအတည် ပြုခြင်း၊ အရေးကြီးအဆိုတစ်ခု ထပ်မံတင်သွင်းခြင်း၊ ကော်မတီ ၃ ခု ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ၀ိုင်းမော်မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး တင်သွင်းထားသည့် “မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးတွင် ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆို ထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးက ဆွေးနွေးကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးဆွေးနွေးခဲ့သည့်အဆိုနှင့်စပ်လျဉ်း၍ စက်ခလုတ်အသုံးပြုပြီး ဆန္ဒမဲပေးသည့် စနစ်ဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က “နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲ ပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အလျင်စလို ငှားရမ်းရောင်းချလွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ၊ သဘောတူ ညှိနှိုင်းမှုများမပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို တင်သွင်းရာ ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်က ထောက်ခံဆွေးနွေးသည်။
ထို့နောက် ယင်းအဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံး အဖြတ်ရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယင်းကော်မတီများတွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း ကို လွှတ်တော်သို့ အသိပေးကြေညာသည်။

ယနေ့အစည်းအဝေးကို မွန်းလွဲ ၂ နာရီခွဲတွင် ရပ်နားလိုက်ပြီး အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆက်လက်ကျင်းပရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment