Wednesday, February 3, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတင်ကျင်းပ ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တို့ကို ရွေးချယ်တင်မြှောက်



နေပြည်တော်၊ ဖေဖော်ဝါရီ ၃
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် လွှတ်တော် အဆောက်အအုံ၊ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် ဦးအေးသာအောင်တို့ကို လွှတ်တော်ကိုယ်စားလှယ်များ က ရွေးချယ်တင်မြှောက်ခဲ့ကြသည်။



အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင် မြှောက်နိုင် ရန် အတွက် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းကို အမျိုးသား လွှတ်တော် သဘာပတိ အဖြစ် လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ် တင်မြှောက်ကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စား လှယ်များက လွှတ်တော် သဘာပတိ၏ရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး ကတိသစ္စာပြု လွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာတွင် ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးအောင်ဝင်းတို့က ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမန်းဝင်းခိုင်သန်း တစ်ဦး တည်းကိုသာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌလောင်းဖြစ် တင်သွင်းသည့်အတွက် ၂၀၁၅ ခုနှစ် အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁ အရ ဦးမန်းဝင်းခိုင်သန်းအား အမျိုးသား လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ဆက်လက်၍ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရွေးချယ် တင်မြှောက်ရာတွင် မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်သီဟနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေးတို့က ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးအေးသာအောင် တစ်ဦးတည်းကိုသာ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌလောင်းဖြစ် တင်သွင်းသည့် အတွက် ဦးအေးသာအောင်အား အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ထို့နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် သဘာပတိ၏ ရှေ့မှောက်၌ ကတိ သစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် သဘာပတိ ဦးဇုန်လှယ်ထန်းက ၂၀၁၅ခုနှစ် အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅ အရ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း အား တာဝန် လွှဲပြောင်းပေးအပ်သည်။
ထို့နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ဖြစ်လာအောင် ဆောင်ရွက်နိုင်ရန် ရရှိလာသည့် အခွင့်အရေးကို မိမိရရဆုပ်ကိုင်ပြီး မှန်မှန်ကန်ကန် သစ္စာရှိစွာဆောင်ရွက်ရင်း မိမိတို့၏ ကောင်းမွန်သည့် သမိုင်းသစ်ကို ရေးထိုး ရမည်ဖြစ်ပါကြောင်း။
မိမိတို့၏နိုင်ငံကို ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံဖြစ်အောင် ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးမှု ရရှိရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးရရှိရန် အထူးလိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး တို့ကို ဖော်ဆောင် ပေးမည့် တရားဥပဒေများ လိုအပ်မည်ဖြစ်ပါကြောင်း။
မိမိတို့၏ အမျိုးသားလွှတ်တော်သည် နိုင်ငံတော်၏ အာဏာသုံးရပ်အနက် ဥပဒေပြုရေး အာဏာ ရရှိထားသည့် အဖွဲ့အစည်း ဖြစ်သည့်အားလျော်စွာ ငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးတို့ အတွက် လိုအပ်သည့် ဥပဒေများ ကို ရေးဆွဲပြဋ္ဌာန်းရန်၊ မလိုအပ်သည့် ဥပဒေများကို ပြင်ဆင်ပယ်ဖျက် ရန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
သို့ဖြစ်၍ မိမိတို့ ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် လူမျိုးစွဲ၊ ဘာသာစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲများမထားဘဲ မိမိတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံသားများဖြစ်ကြပြီး တစ်မြေ တည်းနေ တစ်ရေတည်းသောက်သည့် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်ဟု ခံယူပြီး ဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်ရေးအတွက် လိုအပ်သည့် ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမည့် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းနိုင်ရန် တစ်ဦးကိုတစ်ဦး ယုံယုံကြည်ကြည် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် ကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယနေ့ စတင်ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသည့် ကိုယ်စားလှယ် ၂၂၄ ဦးအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၁၃၅ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၁ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၁၀ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၃ ဦး၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂ ဦး၊ တစ်သီးပုဂ္ဂလပါတီမှ ၁ ဦး၊ တအာင်း(ပလောင်) အမျိုးသား ပါတီမှ ၂ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ ၁ ဦးနှင့် မွန်အမျိုးသားပါတီမှ ၁ ဦး စုစုပေါင်း ၂၂၃ ဦးတက် ရောက်ခဲ့ကြပြီး တစ်သီးပုဂ္ဂလမှ ၁ ဦး ခွင့်တိုင်ကြားခဲ့သည်။
ယနေ့အစည်းအဝေးကို နံနက် ၁၁ နာရီတွင် ရပ်နားလိုက်ပြီး အစည်းအဝေး ဒုတိယနေ့ ကို ဖေဖော်ဝါရီ ၄ ရက်တွင် ကျင်းပရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment