၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်
ချစ်ခင် လေးစားအပ်ပါသော ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို
မောင်နှမများ အားလုံး မင်္ဂလာပါခင်ဗျား။
ယနေ့ ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ကျရောက်သော (၆၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား
သို့ သဝဏ်လွှာ ပေးပို့ခွင့်ရသည့် အတွက် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။
လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ပထမဆုံး ကျင်းပသော
ကချင်ပြည်နယ် ကောင်စီ အစည်းအဝေးမှ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့မှုအား ဂုဏ်ပြုသည့်
အနေဖြင့် ဇန်နဝါရီလ ၁ဝ ရက်နေ့ကို ''ကချင်ပြည်နယ်နေ့'' အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ရာ
ယနေ့ဆိုလျှင် (၆၈)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
လွတ်လပ်ရေး ရပြီးချိန်မှစ၍ နိုင်ငံရေး မတည်ငြိမ်မှုများ၏ ရိုက်ခတ်မှုကြောင့် လက်နက်ကိုင်
ပဋိပက္ခများကို မိမိတို့ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ယနေ့အချိန် အခါကာလသည် ထိုကဲ့သို့
မလိုလားအပ်သော အတွေ့အကြုံများကို သင်ခန်းစာရယူပြီး ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့်
တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အတူတကွ ယှဉ်တွဲ နေထိုင်နိုင်ရန်တို့ အတွက် လက်တွဲ
ဖော်ဆောင်ရမည့် အချိန်အခါလည်း ဖြစ်ပါသည်။
ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများသည် ခက်ခဲ ကြမ်းတမ်းသည့်
ခရီးလမ်းကို ကာလ ရှည်ကြာစွာ ဖြတ်သန်းလာခဲ့ရပြီး တိုင်းရင်းသား ညီအစ်ကို အချင်းချင်း
သဘောထား မညီမျှမှုများကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ရသည့် အတွက် ပြည်နယ်၏
ဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရပါသည်။ ယနေ့အချိန်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး
ရောင်ခြည်များနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ရရှိနေပြီဖြစ်ရာ ယင်းအခြေခံကောင်းများနှင့်
အတူ ပြည်နယ် တည်ငြိမ် အေးချမ်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား
ပြည်သူများက နိုင်ငံတော် အစိုးရ၊ ပြည်နယ် အစိုးရတို့နှင့် ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်
သွားကြရန် တိုက်တွန်းလိုပါသည်။
နိုင်ငံတော် အစိုးရအနေဖြင့် နှစ်ပေါင်း ၆ဝ ကျော် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်
ပဋိပက္ခများ အဆုံးသတ် နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး
ရလဒ်အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ၂ဝ၁၅ ခုနှစ်
အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နှင့် လက်မှတ် ရေးထိုးနိုင်ခဲ့ပါသည်။
တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက်
အရေးပါသည့် အလျောက်ရရှိပြီး တည်ငြိမ် အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံ
ဖွံ့ဖြိုး တိုးတက်ရေး အတွက် တိုင်းရင်းသား ပြည်သူများ အားလုံးက လက်တွဲကြိုးပမ်း ဖော်ဆောင်
သွားကြရန် လိုအပ်ပါသည်။
သို့ဖြစ်၍ ရရှိထားပြီးသော တည်ငြိမ် အေးချမ်းမှု၊ စည်းလုံး ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု
အခြေခံကောင်းများ နှင့်အတူ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့
လျှောက်လှမ်းရာတွင် ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပြည်သူများ အားလုံးက ဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက် သွားကြရန် တိုက်တွန်းလျက် သဝဏ်လွှာ ပေးပို့လိုက်ပါသည်။
No comments:
Post a Comment