နေပြည်တော် ဇန်န၀ါရီ
၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဦးမောင်မြင့်၊ ဦးရဲထွဋ်၊
မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးသာအေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် ပိုင်းတွင်
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း တောင်ရိုး၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဂယာဆောင်၌ ယာယီကိန်းဝပ်တော်မူသည့်
အိန္ဒိယနိုင်ငံ လဒတ်ပြည်နယ် လိမြို့၊ ဟမ်းမစ်ကျောင်း တော်မှပင့်ဆောင်လာသော မြတ်စွာဘုရား၏
အရိုးဓာတ်တော်အားဖူးမြော်ကြည်ညိုသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
သဒ္ဓမ္မဇောတိကာ မဟာသိမ်တော်ကြီး၌ ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ပြီး
သာသနာတော်ဆိုင်ရာများအား လျှောက်ထားသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃာ့မဟာနာယက
ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၊ အပြည်ပြည်ဆိုင်ရာ
ထေရ၀ါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ နန္ဒမာလာဘိဝံသ၊ ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံဥက္ကဋ္ဌ
သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရနှင့် တိဗက်ဆရာတော် ဒရုကပထုခ်ဆေး ရင်ပိုချေး တို့ဦးဆောင်သည့်
ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီးပြည်တွင်းရှိ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်
ဘာသာရေးခေါင်းဆောင်များ၊ ပြည်တွင်း/ပြည်ပ ဗုဒ္ဓစာပေဆိုင်ရာ ပညာရှင်များ တက်ရောက် ကြသည်။
ရှေးဦးစွာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်၊ သီတဂူ ဆရာတော်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့က
ငြိမ်းချမ်းရေး ဆီမီးတိုင်ကို ထွန်းညှိပေးကြသည်။
ယင်းနောက် တိဗက်ဆရာတော် ဒရုကပ ထုခ်ဆေး
ရင်ပိုချေး ဦးဆောင်သော တိဗက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဗုဒ္ဓဂုဏ်တော်များကို သံပြိုင်ရွတ်ဖတ်
ပူဇော်ကြသည်။
ဆက်လက်၍ သီတဂူ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ၊
ဒေါက်တာ အရှင်ဥာဏိဿရ က ကြိုဆိုနှုတ်ခွန်းဆက်သြဝါဒကထာ မြွက်ကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန် က သာသနာတော်ဆိုင်ရာ
များနှင့်စပ်လျဉ်း၍ လျှောက်ထားသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ
ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ၏ သဝဏ်လွှာကို ဒေါက်တာသန့်ဇင်က လည်းကောင်း၊သာသနာပိုင်
ရွှေကျင်ဆရာတော်ကြီး၏ သ၀ဏ်လွှာကို ဒေါက်တာ အရှင် ဆေကိန္ဒကလည်းကောင်း ဖတ်ကြားကြပြီးနောက်ပါမောက္ခချုပ်
ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာနန္ဒမာလာဘိဝံသက သြ၀ါဒကထာ မြွက်ကြားသည်။
ထို့နောက် ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံသို့
ပေးပို့လာသည့် သ၀ဏ်လွှာများကို အခမ်းအနားသို့ တက်ရောက်လာကြသည့်ဧည့်သည်တော်များက ဖတ်ကြား
ကြသည်။
ယင်းနောက် ဟိမ၀န္တာတောင်တန်းဒေသမှ ဒုတိယဂိုဏ်းချုပ်
တိဗက်ဆရာတော် ထုခ်ဆေးရင်ပိုချေးနှင့် သြစတြေးလျ-နယူးဇီလန်ရောက် ဗီယက်နမ်ဗုဒ္ဓဘာသာဝင်များ
ညီညွတ်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဆရာတော်တို့က ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းမြွက်ကြားသည်။
ထို့နောက် ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံဥက္ကဋ္ဌ
သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ က နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ငြိမ်းချမ်းရေးအလံ
ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံသို့
တက်ရောက်လာကြသည့် ဆရာတော်သံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့်အတူ
မှတ်တမ်း တင်ဓာတ်ပုံရိုက်ပြီး ညီလာခံတက် ရောက်ကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်
သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများသည်
ဆရာတော် သံဃာတော် များအား နေ့ဆွမ်းဆက် ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
အဖွဲ့ဝင်များသည် သီတဂူအပြည် ပြည်ဆိုင်ရာ ၀ိပဿနာတက္ကသိုလ်နယ်မြေသို့ ရောက်ရှိပြီး သီတဂူဝိပဿနာစေတီတော်
အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုကာ တည်ဆောက်ရေး လုပ်ငန်းများအား
ကြည့်ရှုသည်။
ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံကို
ယနေ့မှစတင်၍ ဇန်န၀ါရီ ၂၄ ရက် အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါညီလာခံသို့ နိုင်ငံခြားသား
ဘာသာရေးပညာရှင် (၂၀၀)ကျော်နှင့် ပြည်တွင်းမှ ရဟန်းသံဃာများ၊ ဘာသာရေးပညာရှင်များနှင့်
ဘာသာရေးခေါင်းဆောင်များနှင့် လေ့လာသူများ(၄၀၀)ကျော် စုစုပေါင်း (၆၀၀)ကျော် တက်ရောက်လျက်ရှိပြီး
နိုင်ငံပေါင်း (၅၂)နိုင်ငံမှ ဘာသာရေးကျွမ်းကျင်သူ ပညာရှင်များက စာတမ်းပေါင်း (၆၇)စောင်
ဖတ်ကြားတင်သွင်းကြမည်ဖြစ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာ-မြင်းမှူး ကျေးရွာ၌ တည်ထား ကိုးကွယ်သည့်
ဝေရောစန ကျောက်စိမ်း စေတီတော်မြတ်ကြီးသို့ရောက်ရှိပြီး ကျောက်စိမ်းဗုဒ္ဓရုပ်ပွား တော်မြတ်အား
ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ ကပ်လှူပူဇော်ကာ စေတီတော်မြတ်ကြီးအား လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များသည် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)
No comments:
Post a Comment