နေပြည်တော်
ဇန်နဝါရီ ၂၂
စစ်ကိုင်းတောင်ရိုး၊
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်
လျှောက်ထားခဲ့သည့် သာသနာတော် ဆိုင်ရာ လျှောက်ထားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ကမ္ဘာတစ်ဝန်းလုံးရှိ သန်းပေါင်းများစွာသော လူသားများအတွက်
၎င်းတို့ ကိုးကွယ် ယုံကြည်သော ဘာသာတရားသည် ၎င်းတို့၏ဘဝများ အဓိပ္ပါယ်ရှိစွာ ရှင်သန် ရပ်တည်ရေးကို
အထောက်အကူပြုလျက်ရှိသကဲ့သို့ ရှည်လျားသောလူ့သမိုင်းတွင်လည်း ယင်းကိုးကွယ်မှု ဘာသာတရားက
အရေးပါသော အခန်းကဏ္ဍမှ အမြဲတမ်းပါဝင်လျက်
ရှိပါသည်။ ဗုဒ္ဓဘာသာသည် ဘက်လိုက်မှုကင်း၍ အလယ်အလတ်လမ်းစဉ်ကို
လျှောက်လှမ်းသော ဘာသာတရားဖြစ်ပါသည်။
"စိတ်ငြိမ်းချမ်းမှုနှင့် အတ္တမှလွတ်မြောက်ရေးသည် ဗုဒ္ဓဘာသာဝင်တို့၏
အန္တိမ ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါသည်။ ယင်းပန်းတိုင်ကို သီလ၊ သမာဓိ၊ ပညာ အားထုတ်မှု
ဖြင့်သာ ရရှိအောင် ဆောင်ရွက်နိုင်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူသော မေတ္တာ၊ ကရုဏာ၊
မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးသည် ငြိမ်းချမ်းညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်စေသော
လမ်းစဉ်သို့ ရှေးရှုဦးတည်သော တုနှိုင်းမဲ့လမ်းစဉ်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်များမှာ
ဗုဒ္ဓဘာသာဝင်များအတွက်မျှသာမဟုတ်ဘဲ အသားအရောင်၊ အမျိုးအနွယ်၊ အယူဝါဒ ခွဲခြားခြင်းမရှိသော
လူသားအားလုံး ကျင့်သုံးနိုင်သည့် အခြေခံခိုင်မာစွာ တည်ဆောက်ထားသော ဘာသာတရားဖြစ်ပါသည်။"
ကမ္ဘာ့ရွာခေတ်တွင် မတူကွဲပြားသော လူမျိုး၊ ယဉ်ကျေးမှုနှင့်
ဘာသာတရား များရှိသည့် လူသားများသည် ရှေးယခင်ကာလများထက် ပို၍အတူတကွ နေထိုင် လုပ်ကိုင်နေကြရပြီဖြစ်ပါသည်။
မတူကွဲပြားသော မျိုးရိုးဇာတိနှင့် မတူကွဲပြားသော ယဉ်ကျေးမှုရှိသည့် လူမှုအသိုက်အဝန်းများသည်
နိုင်ငံတကာအမှတ်အသား တစ်ခုအဖြစ် တည်ရှိလာပြီ ဖြစ်ပါသည်။ ယင်းနှင့်အတူ အသားအရောင်၊ အတွေးအခေါ်၊
အယူအဆ၊ ယုံကြည်မှုနှင့် အခြားအကြောင်းတရားများအခြေခံလျက် ဘက်လိုက်မှု၊ အုပ်စုဖွဲ့မှုဟူသော
မလိုလားအပ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများလည်း ပေါ်ပေါက်လာပါသည်။ တစ်ချိန် တည်းမှာပင်
အမုန်းစကားများ၊ ရန်ငြိုးရန်စများ၊ လူမျိုးရေးနှင့် ဘာသာရေးဆက်နွယ်သော ပဋိပက္ခများအပြင်
အဆိုးဆုံးမှာ အစွန်းရောက်ဝါဒများ၊ အကြမ်းဖက်ဝါဒများ ပေါ်ထွန်း လာစေခြင်း ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏ အဘိဓမ္မာဒေသနာတော်၌ ပူလောင်ခြင်းရှိလျှင် ငြိမ်းချမ်းခြင်းရှိသည်၊
အမှောင်ရှိလျှင် အလင်းရှိသည်ဟူ၍ ထုတ်ဖော် ဟောကြားထားပါသည်။ အဝိဇ္ဇာအမှောင် တွင်း၌ ပိတ်လှောင်ခြင်းခံကြရသော
ကမ္ဘာ့လူသားတို့သည် ပူလောင်ခြင်း၏အကြောင်း ရင်းခံနှင့် ပူလောင်ခြင်းသဘောတို့ကို ကွဲပြားခြားနားစွာ
မသိကြပါ။ ထို့ကြောင့် ယနေ့ ကမ္ဘာ၌ ဖြစ်ပွားနေသောစစ်ပွဲတို့သည် တောက်လောင်လျက်ရှိသော
မီးပုံထဲသို့ လောင်စာ များကို ထပ်မံထည့်သွင်းနေသကဲ့သို့ ဖြစ်ပါသည်။
တဏှာလောဘအစွန်းရောက်သူတို့သည် မီးပုံထဲသို့ လောင်စာထည့်သူများ
ဖြစ်ကြပါသည်။ ဒေါသအာဃာတ အစွန်းရောက်သူတို့သည်လည်း ဤကမ္ဘာလောက ကြီးကို မီးရှို့သူများဖြစ်ပါသည်။
ယင်းနိယာမသဘောသည် လူမျိုးဘာသာမရွေး လူသားတိုင်း၌ ရှိနေကြပါသည်။ သို့ဖြစ်ပါ၍ "မည်သည့်တိုင်းပြည်
မည်သည့်လူမျိုးမဆို လောဘဟူသော အစွန်းတစ်ဖက်နှင့် ဒေါသဟူသော အခြားအစွန်းတစ်ဖက် စသည့်
အစွန်းနှစ်ဖက်ကို လွတ်အောင်ရှောင်၍ မဇ္ဈိမပဋိပဒါအလယ်လမ်းကို လျှောက်လှမ်းနိုင်ရန် အရေးကြီးပါသည်။
ကမ္ဘာတစ်ဝန်းရှိ ဘာသာရေး ခေါင်းဆောင်များ၊ အမျိုးသားရေး ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်အားလုံးတို့က
လူသားအားလုံးကို အစွန်း နှစ်ဖက်မှ လွတ်အောင်ရှောင်ရန်နှင့် အလယ်လမ်းကိုလျှောက်လှမ်းကြရန်
ဝိုင်းဝန်း တိုက်တွန်းနှိုးဆော်မှုပြုလျက် အတူတကွ ကြိုးပမ်းအားထုတ်ကြရန်" ပြောကြားလိုပါသည်။
အလယ်လမ်းဆိုသည်မှာ သီလ၊ သမာဓိ၊ ပညာဖြစ်ပါသည်။ "ကိုးကွယ်မှုဘာသာ
တရားတိုင်းက ကိုယ်နှုတ်နှစ်ပါး ပြစ်မှုမလွန်ကျူးအောင် ထိန်းသိမ်းကြရန် ဆုံးမလမ်းညွှန်
သည်ဟု တပည့်တော်ယုံကြည်ပါသည်။ ကိုးကွယ်မှုဘာသာတိုင်းကို တည်ထောင်ခဲ့ ကြသည့် ဘာသာရေးခေါင်းဆောင်အားလုံးတို့သည်
အစွန်းနှစ်ဖက်ကို လွတ်အောင် ရှောင်၍ စိတ်၏ တည်ငြိမ်ခြင်းကို တည်ဆောက်ကြရန် ဆုံးမလမ်းညွှန်တော်မူကြသည်ဟု
တပည့်တော်ယုံကြည်ပါသည်။" ၎င်းအပြင် အရှိတရားနှင့် အမှန်တရားကို ဖော်ထုတ်ပြီး ရိုးသားစွာသိမြင်နိုင်မှသာ
ပြဿနာအားလုံး၏အဖြေကို ရရှိနိုင်လိမ့်မည်ဟူသော သစ္စာတရားကို ကြီးမြတ်သောပညာဖြင့် ဟောကြားညွှန်ပြကြသည်ဟုလည်း
တပည့်တော် ယုံကြည်ပါသည်။ "ဘာသာတရားတိုင်းက ဆုံးမညွှန်ပြသော အစွန်းနှစ်ပါးကို လွတ်အောင်
ရှောင်ခြင်း၊ အလယ်အလတ်လမ်းစဉ်ပေါ်၌ လျှောက်လှမ်းခြင်းကို လူသားတစ်ဦးချင်းမှစ၍ လူသားအားလုံးအထိ
ကျင့်သုံးကြပါလျှင် တစ်ဦးချင်းစီ၏ ငြိမ်းချမ်းရေးမှ တစ်ကမ္ဘာ လုံးငြိမ်းချမ်းရေးအထိ
ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။"
၁၉၅၄ ခုနှစ် ဇွန်လတွင် တရုတ်ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်း၊
အိန္ဒိယ ၀န်ကြီးချုပ်ဟောင်း ဂျဝါဟာလ်နေရူးနှင့် မြန်မာဝန်ကြီးချုပ်ဟောင်း ဦးနုတို့သည်
အပြန်အလှန် ချစ်ကြည်လေးစားမှုအတွက် သံတမန်ရေးရာ စံနှုန်းများတည်ဆောက်ရန် ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ယင်းနောက်အဆိုပါ
မူကြီးငါးချက်သည် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံနှင့် အရေးပါသည့် ကမ္ဘာ့အဖွဲ့အစည်းများ၏
ကြေညာချက်များတွင် အဓိကအချက်များ အဖြစ် ပါဝင်လာခဲ့ပါသည်။ ယင်းမူကြီး ငါးချက်မှာ -
(၁) တစ်နိုင်ငံနှင့်
တစ်နိုင်ငံ အချုပ်အခြာအာဏာနှင့် နယ်မြေဒေသ အပိုင်းအခြားကို အပြန်အလှန်လေးစားရေး၊
(၂) အပြန်အလှန်
ဒေါသအာဃာတ ကင်းစင်ရေး၊
(၃) တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏
ပြည်တွင်းရေးကိစ္စများတွင် အပြန်အလှန် စွက်ဖက်မှု မရှိရေး၊
(၄) နှစ်ဖက်အကျိုးစီးပွားအတွက်
ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊
(၅) ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်ရေးတို့ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက
ဖော်ပြပါ မူကြီးငါးချက်သည် ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူသော ဗြဟ္မစိုရ်တရားလေးပါးတွင်
ပါဝင်လျက် ရှိပါသည်။ မဟာကရုဏာတော်ရှင် ဗုဒ္ဓမြတ်စွာဘုရား၏ လူသားအားလုံးနှင့် သက်ဆိုင်သော
သတင်းစကားများသည် လူသားအားလုံး လူမှု ဒုက္ခ သုက္ခ အနှောင်အဖွဲ့ များမှ ကင်းလွတ်ရေးအတွက်
မေးခွန်းထုတ်ဖွယ် မလိုလောက်အောင်ပင် စွမ်းဆောင် ထားနိုင်သကဲ့သို့ လူသားတိုင်း ချမ်းမြေ့ပျော်ရွှင်စွာ
နေထိုင်နိုင်သော အေးချမ်းဖွံ့ဖြိုးသည့် လူ့လောကကြီးသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ပါသည်။
"ဤဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံကြီးသည် စစ်ပွဲနှင့်
အကြမ်းဖက်မှုများ အဆုံးသတ်စေရန် အားထုတ်ကြိုးပမ်း ရာတွင် အထောက်အပံ့တစ်ခုဖြစ်ပြီး လူသားတို့၏
လောကငြိမ်းချမ်းရေးနှင့် တစ်ကိုယ်ရေငြိမ်းချမ်းရေး နှစ်မျိုးလုံး အတွက်လည်း ထိရောက်မှုရှိမည်ဖြစ်ကြောင်း
ယုံကြည်ပါသည်။"
ဤမင်္ဂလာအခါသမယတွင် ယခုကျင်းပသည့် ညီလာခံကြီး ပြီးမြောက်
အောင်မြင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များနှင့်
တက်ရောက်ကြသူအားလုံး ကျန်းမာ ချမ်းသာကြပါ စေကြောင်း လေးစားစွာ ဆန္ဒပြု ဆုတောင်းအပ်ပါသည်။
သတ္တဝါမှန်သမျှ ချမ်းမြေ့သာယာရှိကြပါစေ။
No comments:
Post a Comment