ကနေ့ပဲ တပည့်တစ်ယောက်က
ဖုန်းဆက်လာပါ တယ်။ လူငယ်တစ်စုဟာ ဟောပြောပွဲတစ်ခုလုပ်ချင်လို့ ဆရာကြီးကို ဖိတ်ချင်တယ်၊
လုပ်ပေးနိုင်မလား လို့မေးလာတယ်။ လူငယ်တွေအတွက်ဆိုတာမို့ ကျွန်တော် က လုပ်ပေးမယ်လို့
ကတိပေးမိတယ်။ ကတိပေးပြီးမှ ခေါင်းထဲအတွေးတစ်ခုဝင်လာပြီး ဆက်သွယ်လာသူကို ဆက်မေးမိတယ်။
ဟောပြောပွဲကိုဘာအတွက်လုပ်တာလဲ၊ ဘယ်သူတွေပါသေးသလဲ။ အခုလိုမေးလိုက်မှ ကျွန်တော် နဲ့အတူ
နာမည်ကြီးစာရေးဆရာမနှစ်ဦးလည်း ပါဝင် မှာဖြစ်ကြောင်း ပြန်ပြောပါတယ်။ ဒါကြောင့် ကျွန်တော်
က အကျိုးအကြောင်း သူနားလည်အောင် ရှင်းပြပြီး ငြင်းလိုက်ပါတယ်။
ကျွန်တော့်ကို
ဖိတ်တာက စာပေဟောပြောပွဲ။ ကျွန်တော်ကစာရေးပေမယ့် စာရေးဆရာတစ်ဦး မဟုတ်ဘူး။ ကျွန်တော်ကစာကို
ဝေဝေဆာဆာ မရေး တတ်ဘူး။ စိတ်ထဲရှိတာ ကောက်ရေးတဲ့သူ။ ဒါကြောင့် စာရေးဆရာစစ်စစ်တွေကိုသိပ်အားကျတယ်၊
အထင်ကြီး မိပါတယ်။ စကားလုံး ရွေးချယ်မှုသပ်ရပ်တယ်၊ ကြွယ်ဝတယ်၊ ပါဠိစကားကို သုံးတတ်ကြတယ်။
ကျွန်တော်က ရိုးရိုးစင်းစင်းပဲ ရေးတတ်တာမို့ စာရေးဆရာအဖြစ် ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ဘူး။
စာရေးတဲ့သူတစ်ဦးအနေနဲ့ပဲ ရှင်သန် နေတာ။
စာပေဟောပြောပွဲတွေဟာ
အရင်နှစ်ပေါင်းများစွာ ကတည်းက ရှိခဲ့တာပါ။ အထူးသဖြင့် စာဆိုတော်နေ့ ကျင်းပတဲ့ အခမ်းအနားနဲ့အတူ
ပေါ်ပေါက်ခဲ့ပုံရတယ်။ စာပေဟောပြောပွဲတွေမှာ နာမည်ရ စာရေးဆရာ ဆရာမတွေ၊ ပန်းချီ ဆရာ ဆရာမတွေ
ဟောကြပြောကြ တယ်။ သူတို့ပြောနေတာကို နားထောင်ရင်း၊ ကြည့်ရင်း သိပ်အားကျတယ်။ ပရိသတ်ကို
ဆွဲဆောင်နိုင်တယ်။ စိတ်ဝင်စားအောင် ပြောတတ်တယ်၊ လက်ခုပ်လက်ဝါး တီးအောင်ဖန်တီးနိုင်တယ်၊
အံ့သြရတာက သူတို့ဟာ လက်တန်းဟောနိုင် ပြောနိုင်ကြတယ်။ အာဏာရအဖွဲ့ အစည်းတွေကို တစေ့တစောင်း
ဝေဖန်တတ်ကြတယ်၊ ပရိသတ်အကြိုက်ဆောင်ရွက်နိုင်ကြတယ်။ ကျွန်တော် တို့နိုင်ငံမှာ ဟောပြောပွဲနဲ့ပတ်သက်လာရင်
တရား ဒေသနာဟောကြားတဲ့ ဆရာတော်ကြီးတွေဟာလည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါပါတယ်။
ဘာသာ-သာသနာ ကျင့်ထုံးကျင့်နည်းတွေကို
ဒကာ တွေ နားလည်သဘောပေါက်အောင် ဟောနိုင်ကြတယ်။ တချို့ဆရာတော်တွေက ပုံကားချပ်တွေအသုံးပြုသလို
အထောက်အကူပစ္စည်းတွေကိုလည်း သုံးကြတာတွေ့ရ တယ်။ အသံအောင်ကြတယ်၊ လေယူလေသိမ်း စကားအဖြတ်အတောက်ပီပြင်တယ်။
နားထဲရောက် သွားအောင် ဟောနိုင်ကြတယ်။ အခုလို ဆရာတော်ကြီး တွေရဲ့ တရားပွဲတွေကို တီဗွီကတစ်ဆင့်
ထုတ်လွှင့်ပေး တော့ တရားဒေသနာတွေဟာ တစ်တိုင်းတစ်ပြည်လုံး ပျံ့နှံ့သွားခဲ့တယ်။ အမေရိကန်နိုင်ငံမှာ
နာမည်ကြီး ခရစ်ယာန်သင်းအုပ်ဆရာတွေကို TV evangelist လို့ ခေါ်ဝေါ်သမုတ်ကြတယ်။ အဓိပ္ပာယ်က
တီဗွီကတစ်ဆင့် ဓမ္မဒေသနာတွေ ဖြန့်ဝေတဲ့သူတွေ ဖြစ်ကြတယ်။
အခုခေတ် မြန်မာပြည်မှာ
ခေတ်စားလာတဲ့ ဟောပြောပွဲပုံစံအသစ်တစ်ခုကို တွေ့မြင်ရပြန်တယ်။ ဒါကတော့ ဘဝအောင်မြင်မှုနဲ့
ပတ်သက်ပြီး ဟောတဲ့ သူတွေ ကြော်ငြာကောင်းကောင်းသုံးပြီး ပရိသတ်တွေ စုစည်းတယ်။ ဝတ်ပုံစားပုံ၊
လှုပ်ရှားပုံကအစ ပရိသတ် စိတ်ဝင်စားအောင် ကြိုးစားကြတယ်။ ဒီပုံစံကို အမေရိကန်နိုင်ငံမှာ
အတွေ့များတယ်။ လူတိုင်းက ချမ်းသာချင်ကြတော့ ဖြတ်လမ်းနည်းနဲ့ ချမ်းသာနိုင်မယ့် နည်းလမ်းတွေကို
ရှာဖွေကြတယ်။ တစ်ခုတော့ရှိတယ်။ သူတို့ဆီမှာ အခုလို ဟောပြောပွဲတွေ လုပ်တဲ့သူတွေဟာ သူတို့ကိုယ်တိုင်
အောင်မြင်မှုရတဲ့သူတွေ၊ အောင်မြင် တယ်ဆိုတဲ့နေရာမှာလည်း နယ်ပယ်အသီးသီးမှာ အသိအမှတ်ပြုခြင်းခံရသူတွေ၊
မိမိဘဝနဲ့ယှဉ်ပြီး ပြောကြ တာမို့ သူတို့ရဲ့စကားတွေဟာ တန်ဖိုးရှိလှတယ်။
ကျွန်တော် တို့ဆီမှာရှိတဲ့အနေအထားက
ပုံစံတစ်မျိုးဖြစ်နေသလားလို့ စိုးရိမ်မိတယ်။ ကြော်ငြာတာကြည့်ရင် ဖော်ပြတဲ့အရည် အချင်းတွေက
သံသယဖြစ်စရာတွေ။ တတ်ထားတဲ့ ဘွဲ့တွေ၊ ဂုဏ်ထူးတွေကလည်း အတုအယောင်တွေ။ မိမိ ကိုယ်မိမိ
ပေးထားတဲ့ဒေါက်တာဘွဲ့၊ ပါမောက္ခဘွဲ့တွေ သုံးနေတာတွေ့ရတော့ စိတ်ထဲမှာ စိတ်ပူမိတယ်။ အတု
အယောင်ပေါတဲ့ ခေတ်မှာ စစ်မှန်မှုကို တန်ဖိုးထားစေချင် မိတယ်။
နောက်တစ်မျိုးက
နယ်တွေမှာ ခေတ်စားနေတဲ့ multi-level marketing လို့ခေါ်တဲ့ ပစ္စည်းရောင်းတာနဲ့ တွဲဖက်ပြီး
ဟောပြောကြတာတွေ။ တစ်လောက တောင်ကြီးရောက်တော့ ဒီအကြောင်းကို ဟောပြောပွဲ အပြီး မေးခွန်းမေးတဲ့အခါ
ထည့်မေးသွားတယ်။ သူတို့ဆီ မှာ multi-level marketing တွေပျံ့နှံ့နေပြီး စိန်ခေါ်မှု အမြောက်အမြားနဲ့
ကြုံတွေ့နေရကြောင်း ပြောကြတယ်။
အမှန်တော့
multi-level marketing ဆိုတာဟာ အယုံလွယ်သူတွေကို လှည့်စားတဲ့ အစီအစဉ်တစ်ရပ်ပဲ ဖြစ်တယ်။
ဒီပုံစံကို pyramid scheme လို့လည်းခေါ်ကြ တယ်။ အမေရိကန်ပြည်ထောင်စုမှာ အခုလိုလိမ်လည်တဲ့
သူကို ထောင်တစ်သက်တစ်ကျွန်းချလိုက်တယ်။ သူရဲ့ နာမည်က Ponzi ဖြစ်တာမို့ သူတီထွင်တဲ့
အရောင်းပုံစံ ကို Ponzi scheme လို့ပြောတယ်။ ပစ္စည်းတစ်မျိုးကိုပုဂ္ဂိုလ် တစ်ဦးက ကိုယ်စားလှယ်
၁ဝ ဦးရှာဖွေပြီး ရောင်းစေတယ်။ ဒီကိုယ်စားလှယ်တစ်ဦးစီက နောက် ၁ဝ ဦးစီရှာပြီး ကိုယ်စားလှယ်အဖြစ်
တာဝန်ပေးတယ်။ ဒီလိုနဲ့အဆင့်ဆင့် အရောင်းတာဝန်တွေ ယူကြတယ်။ ဒီအစီအစဉ်မှာ ပါဝင်ကြသူတွေက
အိမ်ရှင်မတွေ၊ အလုပ်အကိုင်မရှိတဲ့ သူတွေများပါတယ်။
အခုလို အဆင့်ဆင့်တာဝန်တွေ
ယူကြရင်း နောက်ဆုံး အဆင့်မှာရှိတဲ့သူတွေက ဒုက္ခရောက်ကုန်ကြတယ်။ ပစ္စည်း တွေရောင်းတဲ့အခါ
အကြွေးနဲ့ရောင်းပြီး ပြန်မဆပ်တဲ့အခါ အောက်ဆုံးအဆင့်က ကိုယ်စားလှယ်တွေ ဒုက္ခရောက် ကုန်တယ်။
တောင်ကြီးမှာဖြစ်နေတာကပုံစံ မျိုးစုံဖြစ် နေတာကို သိခဲ့ရတယ်။ ရောင်းတဲ့ပစ္စည်းတွေက ဆေးတွေ၊
အလှကုန်တွေ။ အရည်အသွေးတွေက မပြည့်မီဘူး။ ရောင်းသူ၊ သုံးစွဲတဲ့သူတွေမှာ အန္တရာယ်တွေဖြစ်ကြတယ်။
အမှန်တော့ ဒီပြဿနာကmulti-level marketing နဲ့ တိုက်ရိုက်မပတ်သက်ပါဘူး။ အရည်အသွေးထိန်းချုပ်မှု
ပြဿနာဖြစ်တယ်။
ကျွန်တော်ကဟောပြောပွဲကို
၁၉၉၄ ခုနှစ် မှစတင် ခဲ့တယ်။ အခုဆို နှစ်ပေါင်း ၂ဝ ကျော်ခဲ့ပြီ။ ဒီတုန်းက ကျွန်တော်
မြန်မာပြည် ခဏအပြန်မှာ စီးပွားရေး တက္ကသိုလ်မှာလုပ်ခဲ့တာ။ ဒီတုန်းက ဟောပြောပွဲတက်တဲ့
သူတွေကို ကျွန်တော်က အကျွေးအမွေးနဲ့ ဧည့်ခံခဲ့တယ်။ ကျွန်တော့်ကို ကွန်ပျူတာနဲ့ အကူအညီပေးခဲ့သူက
တူ ဖြစ်တဲ့ ဒေါက်တာ ထွန်းသူရသက်။ ကျွန်တော်မြန်မာပြည်ကို ခဏခွင့်နဲ့ပြန်လာတဲ့အခါတိုင်း
ဟောပြောပွဲတွေလုပ် ဖြစ်ခဲ့ တယ်။ ခွင့်တစ်လနဲ့အပြန် အနည်းဆုံး သုံးလေးကြိမ် လုပ်ခဲ့တယ်။လောဘကြီးတာမို့
ဇနီးကသတိပေးတယ်။ လုပ်စရာ၊ ကိုင်စရာတွေကို အာရုံမစိုက်ဘဲဟောပြောပွဲကို အာရုံ စိုက်ခဲ့တယ်။
ကျွန်တော်ဟာ ၁၉၆၆ ခုနှစ်မှာ ဆရာဖြစ်လာခဲ့တယ်။ ဆရာ မဖြစ်ခင် ကျောင်းသားဘဝ ကတည်းက စာသင်တာ
ဝါသနာပါခဲ့တယ်။ နောက်ဆုံးနှစ် စာမေးပွဲဖြေဖို့ သူငယ်ချင်းတွေစုပြီး စာကျက်တဲ့အခါ ကျွန်တော်က
ဦးဆောင်ပြီးစာပြခဲ့တယ်။ နည်းပြဆရာဘဝနဲ့ စာသင်ခဲ့ရတာကို အခုထိ မှတ်မိသေးတယ်။ နိုင်ငံခြားမှာ
ပညာတော်သင်အဖြစ်သွားစဉ် တက္ကသိုလ်က ပါမောက္ခ ဆရာ ဆရာမတွေရဲ့ ပြောဟန်၊ ဆိုဟန်၊ လှုပ်ရှားဟန်တွေကို
အသေးစိတ်လေ့လာခွင့်ရခဲ့တယ်။ စာတော်တာနဲ့ စာ အသင်အပြ ကောင်းတာနဲ့ မဆိုင်တာတွေ့ရတယ်။
တချို့ ဆရာဆရာမတွေက စာသိပ်တော်တယ်၊ ရွှေတံဆိပ်တွေရခဲ့ တယ်။ ဒါပေမယ့် ကျောင်းသူ ကျောင်းသားတွေ
နားလည် အောင်မသင်ပြနိုင်တာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်တော် က သင်ကြားမှုပညာရပ်ကို
အထူးပြုလေ့လာခဲ့တယ်။
အဓိက အရည်အချင်းက
Presentation Skills လို့ခေါ်တဲ့ တင်ပြမှုနှင့်ပတ်သက်တဲ့ ကျွမ်းကျင်မှုရအောင် ကြိုးစားခဲ့တယ်။
လေ့ကျင့်ခဲ့တယ်။ အဓိကလိုအပ်ချက်က ကြည်လင်ပြတ်သားတဲ့တင်ပြချက် ဖြစ်တယ်။ ဒီအကြောင်း နဲ့ပတ်သက်ပြီး
ပါမောက္ခတစ်ဦးက ကျွန်တော့်ကို အကြံပေး ခဲ့တယ်။ တင်ပြမှုတစ်ခုကို ပြင်ဆင်တဲ့အခါ အချက်သုံးချက်
ကို သတိပြုဖို့လိုတယ်။
ပထမအချက်ကတော့
ပရိသတ်တွေကို မိမိဘာကို တင်ပြမလဲဆိုတာ အရင်ဆုံး မိတ်ဆက်ဖို့လိုတယ်။ အခုလိုမိတ်ဆက်ထားတဲ့အတိုင်း
ဒုတိယအချက် အနေနဲ့ တင်ပြရမယ်။ နောက်ဆုံးအချက်ကတော့ ကိုယ် ဘာတင်ပြခဲ့သလဲဆိုတာကို ပရိသတ်တွေ
သတိ ရအောင် ဆောင်ရွက်ခြင်းဖြစ်တယ်။
ကျွန်တော့်အနေနဲ့ကတော့
ပရိသတ်တွေကိုလေးစား မှုဟာ အရေးကြီးဆုံးဖြစ်တယ်လို့ ယူဆမိတယ်။ ပရိသတ်ရှိလို့ ဟောပြောပွဲဖြစ်တာ။
သူတို့အားမပေးရင် ကိုယ်ဘယ်လောက် ပြောချင်ဟောချင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း
ပရိသတ်တွေကို လေးလေး စားစားဆက်ဆံရမယ်။ သူတို့ရဲ့ အခြေအနေ၊ အနေ အထားကို ဂရုစိုက်ဖို့လိုတယ်။
သူတို့နားလည်မယ့် စကားလုံးတွေကို ရွေးချယ်ရမယ်။ သူတို့မှတ်သားနိုင် အောင် ကြိုးစားရမယ်။
ကျွန်တော်လုပ်ခဲ့တဲ့
ဟောပြောပွဲတိုင်းမှာ အလွတ် မလုပ်နိုင်ခဲ့ပါဘူး။ လက်တန်းမပြောနိုင်ခဲ့ဘူး။ ကျွန်တော်က
ကွန်ပျူတာကိုအသုံးပြုပြီး တင်ပြချက်ကို Slides တွေ ပြင်ဆင်ခဲ့တယ်။ ဒီ Slides တွေဟာ
လူအသုံးများတဲ့ Power Point လို့ခေါ်တဲ့ တင်ပြမှု ပဲဖြစ်တယ်။ ကျွန်တော်က အချိန်ရတိုင်း
ရှိတိုင်း ဒီ Slides တွေကိုပြင်ဆင်တယ်။ အခုလိုဆောင်ရွက်တဲ့ အခါမှာလည်း ပန်းချီဆရာတစ်ယောက်လို
ကားချပ်ကို လှပအောင် ကြိုးစားရတယ်။ အချိန်ယူရတယ်။
နှစ်နှစ်ဆယ်ကျော်အတွင်း
ကျွန်တော်လုပ်ခဲ့တဲ့ ဟောပြောပွဲတွေ မနည်းလှပါဘူး။ ရန်ကုန်မြို့သာမက နယ်မြို့တွေမှာလည်း
လုပ်ဖြစ်ခဲ့တယ်။ တက္ကသိုလ် တွေမှာ ကျင်းပပေးနိုင်ခဲ့သလို အပြင်မှာလည်း ပရိသတ် တွေအတွက်
လုပ်ပေးနိုင်ခဲ့တယ်။ ကျွန်တော် ဟောပြောပွဲတွေ လုပ်တာကိုသုံးသပ်ရင်း တပည့်တစ်ဦး က ဆရာဟောပြောပွဲတွေ
ဘာကြောင့်ဆက်လုပ်နေ တာလဲ။ အကျိုးထူးပါ့မလား။ သူ့ရဲ့စေတနာကို နားလည် ပေမယ့် ကိုယ့်ဝါသနာကိုတော့
တားလို့မှမဖြစ်တာ။ ဒါကြောင့် ကျွန်တော် ဆက်လုပ်နေခဲ့တယ်။
၂ဝ၁၅ ခုနှစ်အတွင်း
ဟောပြောပွဲမျိုးစုံလုပ်ခဲ့တဲ့အထဲ ကျွန်တော့်အဖို့ ထူးခြားတဲ့ပွဲတွေကတော့ ''ပိုမို ကောင်းမွန်တဲ့အနာဂတ်၊
ပိုမိုကောင်းမွန်တဲ့မြန်မာ'' ခေါင်းစဉ်နဲ့ လုပ်ခဲ့တဲ့ပွဲတွေဖြစ်တယ်။ ရန်ကုန်၊ မန္တလေး၊
မုံရွာ၊ မြင်းခြံ၊ ပခုက္ကူ၊ တောင်ကြီး၊ ပုသိမ်မြို့တွေမှာ ဟောခဲ့တာ။ ပရိသတ်အများစုက
လူငယ်တွေဖြစ်တာ မို့ အားရမိတယ်။ ကျွန်တော်တို့အနာဂတ်အတွက် လူငယ်တွေဟာ အဓိကဖြစ်တယ်။
အခုခေတ်လူငယ် တွေကို ကျွန်တော်ယုံကြည်တယ်၊ အားကိုးတယ်။ သူတို့တစ်တွေဟာ တက်ကြွတယ်၊ သတ္တိရှိတယ်၊
သစ္စာရှိ တယ်။ အနာဂတ်ဟာသူတို့လက်ထဲရှိတာမို့ ကျွန်တော် တို့ စိတ်ပူစရာမရှိဘူးလို့ ယုံကြည်မိတယ်။
။
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

No comments:
Post a Comment