Thursday, January 7, 2016

ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက် နေ့ကျင်းပ


နေပြည်တော် ဇန်န၀ါရီ ၇
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် အစည်း အဝေး ခန်းမ၌ကျင်းပရာ အရေးကြီးအဆို တစ်ရပ်တင်သွင်းခြင်း၊ မေးခွန်း(၄)ခုမေးမြန်းဖြေကြားခြင်း၊ အမျိုးသား လွှတ်တော်က ပြင်ဆင် ချက်ဖြင့် အတည်ပြုပေးပို့သည့် ဥပဒေကြမ်းများအား လွှတ်တော်သို့ အသိပေး တင်ပြခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း၊ အမျိုးသားလွှတ်တော်ကပြင်ဆင်ချက် မရှိ ပြန်လည်ပေးပို့ လာသည့် ဥပဒေကြမ်းများအား လက်ခံရရှိကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းအသိပေးတင်ပြခြင်း နှင့် ဥပဒေကြမ်းတစ်ခုအား လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်း တို့ကို ဆောင်ရွက်သည်။



အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ၊မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်မှ ဒေါက်တာ မေ၀င်းမြင့် က တည်ဆဲ ဥပဒေများ၊ စည်ပင်သာယာရေးကော်မတီစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်းမရှိဘဲ ရန်ကုန်မြို့၌ တည်ဆောက် လျက် ရှိသည့်အထပ်မြင့် အဆောက်အအုံများ ကို ဥပဒေ များစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရန် ဆောင်ရွက်ပြီး သည်အထိရပ်ဆိုင်း ထားရန် ပြည်ထောင်စု အစိုးရ တိုက်တွန်းကြောင်း အရေးကြီး အဆိုတင်သွင်းရာ မော်လမြိုင်မဲ ဆန္ဒနယ်မှ ဒေါ်ခင်ဌေးအောင်က ထောက်ခံသည်။  
ပခုက္ကူမဲဆန္ဒနယ်မှ ဦးပိုက်ကို ၏ ပခုက္ကူမြို့နယ်အဆုံး ယောချောင်းဘေးရှိ ကျေးရွာများအတွက် အရှေ့ကမ်းဖြူ အခြေခံပညာအလယ်တန်းကျောင်း ခွဲအား အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးနိုင်ရေး မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်း က သတ်မှတ်မူဘောင်များနှင့် ကိုက်ညီမှု မရှိခြင်း၊ ၂၀၁၅ - ၂၀၁၆ ခုနှစ်ပညာသင်နှစ်အတွက် ဖွဲ့စည်းပုံခွင့်ပြုချက်ရရှိခဲ့သည့် အခြေခံပညာ အလယ်တန်း ကျောင်းအရေအတွက်အားလုံးအား တိုးမြှင့်ပေးခဲ့ပြီးဖြစ်ခြင်းတို့ကြောင့် ၂၀၁၅- ၂၀၁၆ ပညာသင် နှစ်တွင် အဆိုပါကျောင်းအားအဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေး ပါကြောင်း ဖြေကြားသည်။
ဘီးလင်းမဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးအောင်၏ ဘီးလင်းမြို့နယ်၊ ကဇိုင်းကျေးရွာရှိ ကဇိုင်းဆည်မှ ရေများအား မြို့ပေါ် ရပ်ကွက်များသို့ သောက်သုံးရေသွယ်ယူသုံးစွဲနိုင်ရေးအ တွက်သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးခင်ဇော်က ဆည် မြောင်းဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးပေးဝေမှုကိုသာ အဓိက ဆောင်ရွက် လျက်ရှိပြီး ကဇိုင်း တမံမှ ဘီးလင်းမြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေဖြန့်ဝေခြင်းလုပ်ငန်းသည် မြို့နယ် စည်ပင် သာယာရေးအဖွဲ့(သို့မဟုတ်) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ အစီအစဉ်ဖြင့် ဆောင်ရွက် သွားရမည့်လုပ်ငန်းဖြစ်၍ အဆိုပါဆည်မှ ရေများအား ရေရှားသည့် မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေသွယ်ယူနိုင်ရန် သက်ဆိုင်ရာဌာနများမှ တင်ပြညှိနှိုင်း လာပါက ဆည်မြောင်းဦးစီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းသည်။
တမူးမဲဆန္ဒနယ်မှ ဦးခင်မောင်ရွှေ၏ တမူးခရိုင်အတွင်းရှိ ရေကြီးရေလျှံမှုကြောင့် တောင်သူ လယ်သမားများ စိုက်ပျိုးထားသည့် လယ်ယာများပျက်စီးခဲ့ရသဖြင့် စိုက်ပျိုးစရိတ် ချေးငွေပြန်ဆပ်ရန်အခက်အခဲရှိနေခြင်းနှင့် ရေတိုက် စားသွားသည့် လယ်ယာမြေများအစား လုပ်ကိုင်စားသောက်ရန် မြေလွတ်မြေရိုင်းများကို လျောက်ထား ခွင့်ပေးပြီး အမြန်ဆုံးချထား ပေးရန်မည်သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးခင်ဇော်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နည်းဥပဒေ အခန်း(၆)၊ နည်းဥပဒေ (၃၀) အရ ရက်ရွှေ့ဆိုင်းပေးဆပ်ခွင့်ပြုရန် မြို့နယ်ဘဏ်ခွဲမန်နေဂျာသို့ လျှောက်ထားတင်ပြနိုင်ပြီး ယနေ့ ထိ တမူးခရိုင်မှ ရေကြီးရေလျှံမှုကြောင့်ပျက်စီးခဲ့ရသည့်လယ်မြေများအတွက် ၂၀၁၅ ခုနှစ် မိုးရာသီချေးငွေအား ရက်ရွှေ့ ဆိုင်းပေးဆပ်ခွင့်တင်ပြလာခြင်းမရှိသေးပါကြောင်း၊ ရေတိုက် စားသဖြင့် လယ်ယာမြေများ ပျက်စီး မှုရှိခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ လယ်ယာမြေဖော် ထုတ်လုပ်ကိုင်လိုသူများအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့သို့ တင်ပြလျှောက် ထားရန်ဖြစ် ပါကြောင်း ဖြေကြား သည်။
ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့သည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှု ဥပဒေကြမ်းနှင့် နည်းပညာနှင့်သက်မွေးပညာရေး ဥပဒေ ကြမ်းတို့ အား လွှတ်တော်သို့ အသိပေး တင်ပြပြီး   ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးစိုးရယ်နှင့် ဦးသိန်းထွန်းဦး တို့က အစီရင်ခံစာ ဖတ်ကြား တင်သွင်းရာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၌သာဆက်လက်ဆွေးနွေးရန်အတွက် အမျိုးသား လွှတ်တော်သို့ ပြန် လည်ပေးပို့ရန် လွှတ်တော်က အတည်ပြုသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိပြန်လည်ပေးပို့သည့်``  ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း´´၊ ``အမျိုးသား လွှတ်တော်ရွေး ကောက်ပွဲ ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ကြမ်း´နှင့် ``တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေကို တတိယအ ကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း´´များအား လက်ခံ ရရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း လွှတ်တော်သို့ ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြုပေးပို့သည့် `` မြန် မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ် တော်၏ ပြင်ဆင်ချက်များအနက် သဘောတူသင့်သည့် အချက် ၃၁ ချက်နှင့် ဥပဒေကြမ်း ကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၈၉ ချက် တို့အား ဥပဒေကြမ်းကော်မတီဝင် ဦးစတီဖန်က တင်သွင်းရာ လွှတ်တော်က အတည်ပြုသည်။
ဆက်လက်၍ မြန်မာ့ကျောက်မျက်ရတနာဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း တစ်ရပ် လုံးအားပြင်ဆင် ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်းအတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၀၀ အရဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်မှ ဒေါက်တာ မေ၀င်းမြင့် တင်သွင်းသည့် အရေးကြီးအဆိုအား နေပြည်တော် ဥတ္တရသီရိမဲဆန္ဒနယ်မှ ဦးမင်းသူနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှ ဦးတင်မောင်ဦး တို့က ထောက်ခံဆွေးနွေးကြရာ ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့် က ဆောက်လုပ်ရေး ၀န်ကြီးဌာနအနေဖြင့် တိုက်ရိုက်ပတ် သက်ခြင်းမရှိသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ် နေသည့် အဆောက် အဦများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းဥပဒေများအတိုင်းလိုက် လျောညီထွေစွာဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာမြို့တော်စည်ပင်သာယာရေး ကော်မတီများက သတ်မှတ်စည်းမျဉ်းစည်းမျဉ်းစည်းကမ်းများချမှတ်၍ ကြီးကြပ်ခွင့်ပြုလျက်ရှိ ပါကြောင်း၊ အထပ်မြင့် အဆောက် အဦများ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အထပ်မြင့်အ ဆောက်အဦ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ် စစ်ဆေးရေးပညာရှင်အဖွဲ့ ဖွဲ့စည်းထား ပါကြောင်း၊ ဆိုပါအဖွဲ့ကို လွတ်လပ်သည့် အဖွဲ့အစည်း တစ်ရပ် အနေဖြင့်ဖွဲ့စည်းထားပြီး ၁၂ ထပ်ခွဲနှင့် အထက်အဆင့်ရှိသည့် အဆောက်အဦများ ကိုကြီးကြပ် စစ်ဆေး ပါကြောင်း၊ နိုင်ငံ တစ်ဝန်းဆောက်လုပ်သည့်အဆောက်အဦများသည့် ဥပဒေ၊ စည်းမျဉ် စည်းကမ်း၊ စံချိန်စံညွှန်း များကို အခြေခံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းသည်။
 ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ရန်ကုန်ပြည် သူ့ဆေးရုံကြီး၌ တစ်နှစ်ပတ်လုံး တက်ရောက်သည့် လူနာအရေအတွက်မှာ ယခင်က  ၂၅၀၀၀ ဦးရှိခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ၆၂၅၀၀ခန့် တိုးတက်လာပါကြောင်း၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ လူနာဆောင် ထပ်မံဆောက် လုပ်ရန်လို အပ်မည်ဟု သုံးသပ်မိပါကြောင်း၊ ဆွေး နွေးချက်များအရ ဆောက်လုပ်မှုကို ၀န်ကြီးဌာန အနေဖြင့် ရပ်ဆိုင်း ထားမည်ဖြစ်ပါကြောင်း ရှင်းလင်းသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ၊မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာ မေ၀င်းမြင့် တင်သွင်းသည့် အရေးကြီး အဆိုအား လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်သွားမည်ဖြစ် ကြောင်းကြေညာသည်။ 

No comments:

Post a Comment