Wednesday, December 23, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်္ဂလာဒုံ တပ်နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း တာယာ စက်ရုံ (ရွာမ)သို့ သွားရောက် စစ်ဆေး

နေပြည်တော်  ဒီဇင်ဘာ ၂၃
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံ တပ်နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)သို့ သွားရောက်  စစ်ဆေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တာယာစက်ရုံ (ရွာမ) အစည်းအဝေး ခန်းမ၌ စက်ရုံမှူးက တာယာ ထုတ်လုပ်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံ၏ ပြည်တွင်းတာယာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စက်ရုံ၏ စွမ်းအားပြည့် ကုန်ထုတ်စွမ်းအား မြှင့်တင် ရမည်ဖြစ်သကဲ့သို့ ထုတ်ကုန် အရည်အသွေး ကောင်းမွန်ရေးကိုလည်း စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  နှစ်စဉ် ပြည်တွင်း တာယာ လိုအပ်ချက် ၂ ဒသမ ၅ သန်းခန့်ရှိရာ ရွာမစက်ရုံအနေဖြင့် စွမ်းအားပြည့် လည်ပတ်ပါက ၈ ဒသမ ၅ သိန်းခန့်သာ ထုတ်လုပ်နိုင်သဖြင့် ယခုထက်ပို၍ စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ စက်ရုံစွမ်းအားပြည့် ကုန်ထုတ်လုပ်ခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမို ရရှိလာမည် ဖြစ်ကြောင်း၊ ခိုင်မာသော ဈေးကွက် ရရှိရေးအတွက် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး ဟန်ချက်ညီအောင် လုပ်ဆောင် ရမည်ဖြစ်ကြောင်း  အရည်အသွေးတူပါက ဈေးနှုန်း သက်သာရမည်၊ ဈေးနှုန်းတူပါက အရည်အသွေး ပိုမိုကောင်း မွန်ရမည်ဆိုသည့် မူဝါဒနှင့်အညီ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ကုန်ထုတ် လုပ်ငန်းများသည် အမြတ်အစွန်း နည်းနည်းဖြင့် ထုတ်ကုန် ပမာဏများများ ဖြစ်အောင် စီမံဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန် တိုးတက် လာသည်နှင့်အမျှ ပြည်ပ သွင်းကုန်ကြောင့် နိုင်ငံခြားငွေ သုံးစွဲမှုကို လျော့ချနိုင်ပြီး တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း၊ ထုတ်ကုန် တိုးတက် ထုတ်လုပ်ခြင်းဖြင့် သွင်းကုန် ပမာဏကို လျှော့ချနိုင်ကာ ပိုမို ငွေကြေးခိုင်မာမှု အထိုက် အလျောက် ဖြစ်လာစေပြီး နိုင်ငံတော်၏ စီးပွားရေး ကာကွယ်မှု တစ်ခုအဖြစ် ကုန်ထုတ် လုပ်ငန်းများ ပိုမို တိုးတက်စေရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသ ထားသော တာယာများအား ကြည့်ရှု စစ်ဆေးကြပြီး တာယာ ထုတ်လုပ်မှု အဆင့်ဆင့်ကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

မြန်မာစီးပွားရေး ကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)သည် ရန်ကုန်တိုင်း ဒေသကြီး  အင်းစိန်မြို့နယ်၊ ရွာမစက်မှု နယ်မြေတွင် တည်ရှိသည်။  ၂၀၁၄ခုနှစ် ဇန်နဝါရီလမှစ၍  ပြည်တွင်းဈေးကွက်သို့ Tristar Tyre ဆိုဒ်စုံ ဖြန့်ဖြူး ရောင်းချ ပေးလျက်ရှိပြီး ပြည်တွင်း တာယာ လိုအပ်ချက်ကို ယခုထက်ပိုမို၍ တိုးတက် ထုတ်လုပ် ဖြည့်ဆည်းနိုင်ရေး၊ သက်သာသော ဈေးနှုန်းဖြင့်ဖြန့်ဖြူး ရောင်းချနိုင်ရေး ရည်မှန်းချက် ထား ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment