Thursday, December 24, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တက်ရောက်အမှာ စကား ပြောကြား

နေပြည်တော် ၊  ဒီဇင်ဘာ - ၂၄
ကာကွယ်ရေး စနစ်ဆိုသည်မှာ တပ်မတော် (ကြည်း၊ရေ၊လေ)  ပေါင်းစည်း ဆောင်ရွက်ရကြောင်း၊ ရေတပ်ဖွဲ့၏ ရေပြင်ကိုကာကွယ် နိုင်သည့် စွမ်းပကားများအား ဝေဟင်ကာကွယ်ရေး စွမ်းအားများနှင့် ပေါင်းစပ်အားဖြည့်ခြင်းဖြင့် မြန်မာ့ပင်လယ် ကာကွယ်နိုင်မှုကို စိတ်ချရသည့် အနေအထား ရောက်အောင် ကြိုးစားလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း(၆၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်(ရေ)ဝတ်စုံအား ဂုဏ်ပြု ဝတ်ဆင်၍ တက်ရောက်အမှာ စကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက် ပိုင်းတွင် ရေတပ်သင်္ဘောကျင်း ဌာနချုပ်သို့ ရောက်ရှိရာ ဌာနချုပ်မှူးက ရေယာဉ် တည်ဆောက်မှုနှင့် ပြုပြင်မှု ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ်များ တည်ဆောက်ရာတွင် ရေယာဉ် အမျိုးအစားလိုက် ရည်မှန်းချက် တာဝန်များကို ပီပြင်စွာ ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ရန်၊ သင်္ဘောလွန်း ကျင်းများကို အဆင့်မြှင့်တင်သွားရန်၊ Commercial နှင့်ပတ်သက်၍လည်း လေ့လာ သုတေသနပြုမှုများ ဆောင်ရွက်ရန်နှင့် မြန်မာ့ပိုင်နက် ပင်လယ်ကို အပြည့်အဝကာကွယ် နိုင်ရေးအတွက် လိုအပ်သည့်ရေယာဉ် တည်ဆောက်ပြုပြင်မှု ဆိုင်ရာများကို မှာကြားသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေတပ် သင်္ဘောကျင်း ဌာနချုပ် အတွင်းရှိ တည်ဆောက်ဆဲဖြစ်သော ကမ်းလွန်ကင်းလှည့် ရေယာဉ်နှင့် ကော်ဗတ် စစ်ရေယာဉ် တည်ဆောက်နေမှု၊ ရေယာဉ်များ လွန်းတင်ပြင်ဆင်မှု၊ ကိုယ်ထည် တပ်ဆင်တွဲဆက် သည့် အလုပ်ရုံတိုးချဲ့မှု နှင့် ရေယာဉ်ပုံစံငယ် စမ်းသပ်ကန် တည်ဆောက် နေမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ သန်လျင်တပ်နယ် အမှတ်(၃) ရေတပ်ဆိပ်ခံ တံတား၌ (၆၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲ တာဝန်ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး  ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ သန်လျင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ်မိုးအောင် က တပ်တော်ဝင် အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရေတပ် သင်္ဘောကျင်း ဌာနချုပ်မှူးက ဗျူဟာ စစ်ရေယာဉ်စုမှူး ထံသို့ စစ်ရေယာဉ်များနှင့် ပတ်သက်သော စာရွက်စာတမ်းများ လွှဲပြောင်း ပေးအပ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) က တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ် ပုံစံငယ်များကို ဂါရ၀ပြု ပေးအပ်သည်။
၎င်းနောက် စစ်ဦးစီး အရာရှိချုပ်(ရေ)က တပ်တော်ဝင် စစ်ရေယာဉ်များ အဖြစ် ကြေငြာရာ နိုင်ငံတော် သီချင်းတီးခတ်ခြင်း၊ တပ်တော်ဝင် အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း ရှစ်ချက်တီးခြင်း၊ နိုင်ငံတော် အလံ လွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံ လွှင့်တင်ခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သည်။
ယင်းနောက် တပ်တော်ဝင် စစ်ရေယာဉ်များ ဖြစ်သော ကမ်းထိုးရေယာဉ်များ၊ ပင်လယ်သွား ဆေးရုံရေယာဉ်-သံလွင်နှင့် စစ်ရေယာဉ်-ဆင်ဖြူရှင်တို့အား  လှည့်လည် ကြည့်ရှုကြရာ စစ်ရေယာဉ် တာဝန်ကျတပ်ဖွဲ့များက ကြိုဆို အလေးပြုပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့် စစ်ရေယာဉ်မှူးများ က လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက်  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေယာဉ် ဆင်ဖြူရှင် ပေါ်ရှိ အလေးပြုခံ စင်မြင့်ပေါ်တွင် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ထိုအချိန်တွင် စစ်ရေယာဉ်-ရန်တိုင်းအောင်မှ လည်း အမြောက် ၁၉ ချက် ပစ်ဖောက်၍ ဂုဏ်ပြုအလေးပြု သည်။ ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဖရီးဂိတ် စစ်ရေယာဉ် - အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်(ဒုံးပျံ) အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်(အမြောက်) စုစုပေါင်း ၈ စီး တို့က Single Line Formation ပုံပြုမောင်းနှင်၍ ချီတက် အလေးပြုကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အား ကာကွယ်ရေးဦးစီးချုပ်(ရေ) က အမြောက်ပစ်ဖောက် ဂုဏ်ပြု အလေးပြု ထားသော ပထမဆုံး ကျည်ဆံအား အထိမ်းအမှတ် လက်ဆောင်အဖြစ် ဂါရ၀ပြုပေးအပ်သည်။
၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က  ဂုဏ်ပြုမောင်းနှင်ချီတက် အလေးပြုခဲ့သောစစ်ရေယာဉ်များမှ ဗျူဟာ စစ်ရေယာဉ်စုမှူး ဗိုလ်မှူးကြီး နိုင်မင်းကျော် နှင့် တပ်တော်ဝင် စစ်ရေယာဉ်များမှ စစ်ရေယာဉ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်မျိုးလှိုင်တို့ အား ဂုဏ်ပြုလက်ဆောင်များ အားလည်းကောင်း၊ ရေတပ် သင်္ဘောကျင်း ဌာနချုပ် ဌာန ချုပ်မှူး ဗိုလ်ချုပ်မြင့်ဦးအား ဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများအား လည်းကောင်း ပေးအပ်သည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အမှာစကား ပြောကြားရာတွင် တပ်မတော်(ရေ)၏ (၆၈)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ် များ တပ်တော် ဝင်နိုင်ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ၊ တပ်မတော် (ရေ)မှ ကိုယ်တိုင် တည်ဆောက်ခဲ့သည့် ခေတ်မီအဆင့်မြင့် ဖရီးဂိတ် စစ်ရေယာဉ်-ဆင်ဖြူရှင် နှင့် တပ်မတော်သမိုင်း တွင် ယခင်က မရှိသေးသည့် ပင်လယ်သွား ဆေးရုံ စစ်ရေယာဉ်-သံလွင် တို့အား တပ်တော် ဝင်နိုင်ခြင်းသည် တပ်မတော်(ရေ)၏ သမိုင်း၊ တပ်မတော်၏ သမိုင်းနှင့် နိုင်ငံတော်သမိုင်းတွင် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ကြောင်း၊ ဖရီးဂိတ် စစ်ရေယာဉ်-ဆင်ဖြူရှင် အား ယခင် တည်ဆောက်ခဲ့ ပြီးဖြစ်သည့် စစ်ရေယာဉ်-အောင်ဇေယျနှင့် ကျန်စစ်သား တို့အား တည်ဆောက်ခဲ့မှု အတွေ့အကြုံများ ပေါ်တွင်မူတည်၍ တတိယမြောက် အကောင်းဆုံး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အလားတူ ပင်လယ်သွား ဆေးရုံရေယာဉ်-သံလွင်အား တပ်တော်ဝင် နိုင်ခြင်းကြောင့် ကမ်းရိုးတမ်း ဒေသတစ်လျောက်တွင် နေထိုင်ကြ သည့် တိုင်းရင်းသား ပြည်သူများအား အဓိကထား၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ် ပေးနိုင်မည်ဖြစ်ပြီး လိုအပ်ပါက တပ်မတော်သား မိသားစုများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ တပ်မတော် (ရေ) ၏ ရည်မှန်းချက်ဖြစ်သော “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စောင့်ရှောက် ကာကွယ်နိုင် ရမည်ဖြစ်ကြောင်း၊ ယခင်ဆယ်စုနှစ်အတွင်း ယိုပေါက်များစွာ ရှိခဲ့သော်လည်း တဖြည်းဖြည်း ပြုပြင်ပြောင်းလဲ တည်ဆောက်ခဲ့ခြင်းကြောင့် ပြီးပြည့်စုံမှု မရှိသေးသော်လည်း အတိုင်းအတာ တစ်ခုအထိ စောင့်ရှောက်ကာကွယ် နိုင်ပြီဖြစ်ပြီး ဆက်လက်ကြိုးစား လုပ်ဆောင်ရဦး မည်ဖြစ်ကြောင်း၊ စစ်ရေယာဉ်များ၏ စွမ်းပကားကို မြှင့်တင်ရာတွင် ရေယာဉ်၏ ဒီဇိုင်းပုံစံ အခြေခံကို မပြောင်းဘဲ တပ်ဆင်ထားသည့် စက်ပစ္စည်း၊ အီလက်ထရောနစ် ပစ္စည်း၊ လက်နက်စနစ် စသည်တို့ကို ပြောင်းလဲ၍ လိုအပ်သော Performance ရရှိအောင် ဆောင်ရွက်ခြင်းနှင့် လိုအပ်ချက်များအပေါ် အခြေခံ၍ ပြီးပြည့်စုံအောင် ပြောင်းလဲ ဆောင်ရွက်ခြင်းတို့အား လုပ်ဆောင်နိုင်ကြောင်း၊ မိမိလုပ်ကိုင် နိုင်သည့် စွမ်းပကားနှင့် ကိုယ်တိုင်တီထွင်ကြံဆ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ရေတပ် သင်္ဘောကျင်း ဌာနချုပ်အနေဖြင့် တိုတောင်းသည့် ကာလအတွင်း စစ်ရေယာဉ် ၃၀ စီးကျော် တည်ဆောက်နိုင်သကဲ့သို့ အဆင့်မြင့် စစ်ရေယာဉ်များကိုပါ တည်ဆောက်နိုင်ခဲ့ ကြောင်း၊ ယင်းမှာ တပ်မတော်(ရေ) အရာရှိ၊ စစ်သည်များ၏ အင်ဂျင်နီယာ စွမ်းပကားနှင့် စွမ်းဆောင်ရည် မြင့်မားမှု၊ တီထွင်ကြံဆ နိုင်မှုတို့ကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့ကို ပြည့်စုံစွာ အသုံးချနိုင်ပါက ယခုထက်ပို၍ အစွမ်းထက်မြက်သည့် ရေတပ်ဖွဲ့ကြီးကို တည်ဆောက်နိုင် မည်ဖြစ်ကြောင်း၊ ကာကွယ်ရေး လုပ်ငန်းဆိုသည်မှာ အချိန်ယူ၍ ကြိုတင်ပြင်ဆင် လုပ်ကိုင်ရ ကြောင်း၊ နောင်အနာဂတ်တွင်  Blue Water Navy ဖြစ်သည်အထိ ကြိုတင်ပြင်ဆင်မှု များနှင့်တာဝန်ရှိသူများ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြသူများ တစိုက် မတ်မတ် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ စစ်ရေယာဉ်များ တပ်တော်ဝင် နိုင်ခြင်းကြောင့် တပ်မတော်(ရေ) အတွက်၊ တပ်မတော် နှင့် နိုင်ငံတော်အတွက် ဂုဏ်ယူပါ ကြောင်း၊ ထိုသို့ တပ်တော်ဝင် နိုင်အောင် ကြိုးပမ်းဆောင်ရွက် ခဲ့ကြသော တပ်မတော် (ရေ)မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်အားလုံးကို ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာသော  အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စစ်ရေယာဉ် တည်ဆောက်စဉ်က ပါဝင်ခဲ့သည့် တပ်မတော်(ရေ)မှ အငြိမ်းစားအရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ယင်းနောက် ညနေပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် (၆၈) နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်း အမှတ်ပြခန်းများနှင့် အထိမ်းအမှတ် ပစ္စည်းအရောင်းဆိုင်များအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး အဖွဲ့ဝင်များနှင့်အတူ လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ ကျင်းပပြုလုပ်သော (၆၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့  အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ဒုံးပျံတင် ဖရီးဂိတ် စစ်ရေယာဉ် ၁ စီး၊ ပင်လယ်သွား ဆေးရုံရေယာဉ် ၁ စီးနှင့် တင့်ကားတင် ကမ်းထိုး ရေယာဉ် ၆ စီးတို့ တပ်တော်ဝင် ခဲ့ခြင်းဖြစ်သည်။
တပ်မတော်(ရေ)အနေဖြင့် ဒုံးပျံတင် ဖရီးဂိတ် စစ်ရေယာဉ်များအား ၂၀၀၅ခုနှစ်မှ စတင်၍ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ရာ စစ်ရေယာဉ် အောင်ဇေယျအား ၂၀၁၀ပြည့်နှစ်တွင်လည်းကောင်း၊ စစ်ရေယာဉ် ကျန်စစ်သားအား ၂၀၁၄ခုနှစ်တွင် လည်းကောင်း တပ်တော်ဝင်ခဲ့ပြီးဖြစ်သည်။
ယခုတတိယ စစ်ရေယာဉ်ဖြစ်သည့် စစ်ရေယာဉ် ဆင်ဖြူရှင်အား ၂၀၁၀ခုနှစ်တွင် စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယခင်တည်ဆောက်ပြီး ဖရီးဂိတ်စစ်ရေယာဉ်များနှင့် အခြေခံပုံစံ တူညီသော်လည်း ရေဒါပုံရိပ် ဖမ်းယူရရှိမှုကို ပိုမိုလျော့ချနိုင်သည့် ကိုယ်ပျောက် နည်းပညာ ဒီဇိုင်းအသုံးပြုထားပြီး ပိုမိုစွမ်းအားမြင့်မားသည့် စစ်လက်နက် ပစ္စည်းများ ထပ်မံဖြည့်ဆည်း တပ်ဆင်ထားသော အလျား ၁၀၈ မီတာ၊ တန်ချိန် ၁၈၅၀ ရှိသည့် အဆင့်မြင့် ခေတ်မီဒုံးပျံတင် ဖရီးဂိတ် စစ်ရေယာဉ်ဖြစ်သည်။
အလားတူ ၂၉မီတာ ကမ်းထိုးရေယာဉ် ၆ စီးကိုလည်း ၂၀၁၅ခုနှစ်၊ မတ်လမှ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်၏ စစ်ဆင်ရေးများတွင် များစွာအထောက် အကူပြုနိုင်သည့် တင့်ကားတင် ကမ်းထိုး ရေယာဉ်များအဖြစ် ထိရောက်စွာ အသုံးပြု နိုင်မည်ဖြစ်သည်။
ယင်းသို့ စစ်ရေယာဉ်များကို ကိုယ်တိုင် တည်ဆောက်နိုင်ခြင်းကြောင့် ပြည်ပ နိုင်ငံများမှ ဝယ်ယူခြင်းထက် ကုန်ကျစရိတ်များစွာ သက်သာခြင်း၊ မိမိအရာရှိ၊ စစ်သည်များ အတွက် အဖိုးမဖြတ်နိုင်သော ရေယာဉ်ဒီဇိုင်းပြုလုပ် တည်ဆောက်မှု နည်းပညာ အတွေ့အကြုံများ ရရှိခြင်း၊ တပ်မတော်(ရေ)၏ မြန်မာ့ပင်လယ်ပြင် ကာကွယ်ရေး စွမ်းပကား တိုးမြှင့်ရာတွင် များစွာ အထောက်အကူရရှိခြင်း အကျိုးကျေးဇူးများ ရရှိစေသည်။
ပင်လယ်သွား ဆေးရုံရေယာဉ်-သံလွင်ကို ၂၀၁၃ခုနှစ်တွင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ လွှဲပြောင်းရယူပြီး အဆင့်မြင့် ဆေးရုံရေယာဉ် အဖြစ် အသွင်ပြောင်းလဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဆေးရုံရေယာဉ် သံလွင်တွင် ၂၅ ခုတင်ဆံ့အဆင့်မြင့် ဆေးရုံတစ်ခုနှင့် ညီမျှသည့် CT Scan Room? Minor Eye Operation Room? Minor Operation TheatreESihf Major Operation Theatre  တို့ပါဝင်ပြီး ဆေးရုံတက်ရောက် ကုသနိုင်ရန် လူနာဆောင် (Patient Room)၊ မေ့ဆေးစက်၊ အသက်ရှု အားကူစက်များ ပါဝင်သော အထူးကြပ်မတ် ကုသဆောင်တို့လည်း ပါဝင်သည်။
ထို့ပြင် တယ်လီဗေးရှင်း ဓါတ်မှန်ရိုက်စက်၊ သွေးအတွင်းရောဂါရှာဖွေရေး စက်များ၊ မျက်စိ၊နား၊ နှာခေါင်း စမ်းသပ်စက်များ၊ အောင်ဆီဂျင် ထုတ်လုပ်သော အထိုင်စက်နှင့် ဆေးရုံသုံးစွန့်ပစ် ပစ္စည်းများ ဖျက်ဆီးရန်စက်များ ပါရှိသည်။ သားဖွား၊ မီးယပ်လူနာ များကိုလည်း ကုသပေးနိုင် ကာ သားဖွားခန်းတစ်ခန်းပါရှိပြီး မွေးကင်းစ ကလေး အသားဝါ ကုသခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။ သွားဘက်ဆိုင်ရာ ရောဂါများ ကုသနိုင်ရန် အတွက် Dental Chair and Unit အပြည့်အစုံ၊ ခေတ်မီဓာတ်ခွဲခန်း တို့ပါရှိပါ သည်။ ဆေးရုံရေယာဉ်တွင် လူနာများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေး ဓာတ်လှေကား စနစ်ကိုလည်း တပ်ဆင်ထားသည်။
ပင်လယ်သွား ဆေးရုံရေယာဉ် သံလွင်အား တပ်တော် ဝင်နိုင်ခြင်းကြောင့် မြန်မာ့ပင်လယ် ကန်းရိုးတန်း တစ်လျောက်ရှိ မြို့ရွာများမှ ပြည်သူလူထုအား တပ်မတော်၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ထိရောက်စွာ အကျိုးပြုနိုင်မည် ဖြစ်သည့် အပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့လည်း အမြန်ဆုံး သွားရောက် ၍ အဆင့်ဆင့် ကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်းများပြုလုပ် ပေးနိုင်မည်ဖြစ်သည်။
(၆၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ ရေတပ်စခန်းဌာန ချုပ်၌ အရုဏ်ဆွမ်းကပ်ခြင်းလှူပြီး သန်လျင်တပ်နယ်ရေတပ် လေ့ကျင့်ရေး ဌာနချုပ်၌ စစ်ရေးပြ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment