Monday, December 28, 2015

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၂/၂ဝ၁၅)ကျင်းပ ပြည်ပသို့ ရွှေ့ပြောင်းသွားလာကြသူများအတွက် လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်ရန် နည်းဗျူဟာများ ချမှတ်


နေပြည်တော် ဒီဇင်ဘာ ၂၈

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၂/၂ဝ၁၅)ကိုယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာလူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္က ဌပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ယခုနှစ်သည် လူကုန်ကူးမှု တိုက်ဖျက် ရေးဆိုင်ရာ ဒုတိယ(၅)နှစ်စီမံကိန်း၏ စတုတ္ထနှစ်သို့ ရောက်ရှိလာပြီဖြစ်၍ ၂၀၁၆ ခုနှစ် တတိယ(၅)နှစ် စီမံကိန်းကိုဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်များက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်သာ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင် နိုင်ခဲ့သော်လည်းယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ အစိုးရနှင့် ပူးပေါင်း၍ လူကုန်ကူး ခံရသူများပြန်လည် ပို့ဆောင်ရေးနှင့် လူကုန်ကူးသူများအား တရားစွဲဆိုရေးဆိုင်ရာ ကိစ္စရပ်များကို ချိတ်ဆက်လုပ်ဆောင် နိုင်ခဲ့ကြောင်း၊ လူကုန်ကူးမှုဆန့်ကျင်ရေး အာဆီယံကွန်ဗင်းရှင်းကို မလေးရှားနိုင်ငံ၌ ပြုလုပ်သည့်ASEAN SUMMIT ၌ အာဆီယံခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြ ပါကြောင်း။


ငွေကြေးစီးဆင်းမှုများ၏ နောက်ကွယ်၌ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ ကျူးလွန်လာနိုင်သည့် အတွက် ပြစ်မှုဆိုင်ရာကိစ္စရပ်များ၌နိုင်ငံ အချင်းချင်းအကူအညီပေးရေး ကဏ္ဍသည်များစွာ ကျယ်ပြန့်လာမည်ဖွစ်ကြောင်း၊ မြန်မာနိုင်ငံ၏နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေနှင့် မြန်မာနိုင်ငံပါဝင် လက်မှတ်ထိုးထားသည့် နိုင်ငံအချင်းချင်း အကူအညီပေးရေး အာဆီယံ သဘောတူစာချုပ်များကို နောင်လက်တွေ့နယ်ပယ်တွင် ပိုမိုထိရောက်စွာ အသုံးပြုနိုင်တော့မည်ဖြစ် ကြောင်း။

အသိပညာပေးရေး လုပ်ငန်းများကိုမီဒီယာများ၊ လူမှုအဖွဲ့အစည်းများ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များ ပိုမိုပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ပဋိပက္ခနယ်မြေများရှိ ကယ်ဆယ်ရေးစခန်းများ၊ ပြည်တွင်းရွှေ့ပြောင်း သွားလာသည့်နေရာများ၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာများ၌ UN, INGO, NGO များနှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိ ကြောင်း။

ကြိုတင်တားဆီးကာကွယ်ရေး ကဏ္ဍ၌ အသိပညာပေးလုပ်ငန်းများအပြင် လူကုန်ကူးခံရနိုင် သည့် အကြောင်းအရင်းများ၊ လူကုန်ကူးမှုဖြစ်ပွားနိုင်သည့် နေရာများ၊ လူကုန်ကူးခံရနိုင်သည့် ဦးတည်အုပ်စုများနှင့် လူကုန်ကူးမှု ကျူးလွန်နိုင်သူများကို ရှာဖွေဖော်ထုတ်ရန် လိုအပ်ကြောင်း၊ ပြည်ပသို့ ရွှေ့ပြောင်း သွားလာကြသူများ အတွက် လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှု (Safe Migration)ဖြစ်ရန် နည်းဗျူဟာများ ချမှတ်သွားကြရမည် ဖြစ်ကြောင်း၊ ပြည်တွင်းအလုပ်အကိုင် ဖန်တီးပေးနိုင်ရေးကို ကူညီဆောင်ရွက်ပေးသွားမှသာ လူကုန်ကူးမှုများ လျော့နည်းကျဆင်းလာမည်ဖြစ် ကြောင်း။

၂၀၀၅ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကိုလူကုန်ကူးမှုဆန့်ကျင်ရေး အာဆီယံ ကွန်ဗင်းရှင်းနှင့် ကိုက်ညီမှုရှိစေရန် ပြန်လည်စိစစ် ရေးဆွဲလျက်ရှိရာ မူကြမ်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း။

ယခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံကျွန်းများပေါ်ရှိလူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ရေလုပ်သား(၇၈၉)ဦးကို ကယ်တင်၍ မိဘရပ်ထံပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ပေးနိုင်ခြင်း သည်ထင်ရှားသည့် သာဓကတစ်ရပ် ဖြစ်ကြောင်း။

ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရသူများတွင်အမျိုးသမီးများနှင့် ကလေးသူငယ်များသာမက အမျိုးသားများ ပါဝင်လာသည့်အတွက် လူမှုရေးအထောက်အပံ့များ (Social Support)ရရှိရန် ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အပါအဝင်လူမှုရေး အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။

လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်းပေးအပ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထိုင်းနိုင်ငံနှင့် ပူးပေါင်း၍ ရေးဆွဲဆောင်ရွက်နေသကဲ့သို့ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှား နိုင်ငံတို့နှင့်ပါ ဆက်လက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊

နိုင်ငံတော်အစိုးရအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ လူကုန်ကူးခြင်းခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရန်၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေခွဲဝေ ချထားခဲ့ပါကြောင်း၊ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ထူထောင်ရေးတို့အတွက် နိုင်ငံတော်ကထောက်ပံ့သည့်ငွေကြေးနှင့် ပြည်တွင်းပြည်ပမှ လှူဒါန်းသောငွေကြေးများကို ရန်ပုံငွေတစ်ရပ်အနေဖြင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ ထူထောင်သွားရန် လိုအပ်ပါကြောင်း၊

မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၌ ငွေအားနှင့် နည်းပညာအကူအညီများ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အလှူရှင်များ၊ အနုပညာရှင်များ၊ မီဒီယာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း၊

တရားမဝင် လှေစီးရွှေ့ပြောင်းသွားလာသူများနှင့် ပတ်သက်၍ တရားမဝင် ရွှေ့ပြောင်းသွားလာမှု မူရင်းနိုင်ငံမဖြစ်စေရေးနှင့် တရားမဝင်လှေစီးရွှေ့ပြောင်းသွားလာမှုတစ်ဆင့်ခံမဖြစ်ရေးသည် အရေးကြီး သဖြင့် အလေးအနက်ထား ဆောင်ရွက်သွားကြရမည်ြဖစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်များ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီးဆက်လက် ဆောင်ရွက်သွားရမည့် ရည်မှန်းချက်များကိုအောင်ြမင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ် ပေးရေးလုပ်ငန်းအဖွဲ့ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် လူကုန်ကူးခံရသူ များအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ တို့ကလုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ၂ဝ၁၅ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ ၂ဝ၁၆ခုနှစ် ရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းစီမံချက် (မူကြမ်း)ကိုလည်းကောင်း၊ Human Trafficking Working Group မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို လည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများက အထွေထွေဆွေးနွေးကြသည်။


ယင်းနောက် ဗဟိုအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။

No comments:

Post a Comment