Tuesday, December 22, 2015

ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၂၂
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက် မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ အမျိုးသား လွှတ်တော် မဟာဗျူဟာလေ့လာရေးနှင့် သုတေသနကော်မတီ၏ အစီ ရင်ခံစာ အပါအ၀င် အစီရင်ခံစာ နှစ်ခုဖတ်ကြားတင်သွင်းခြင်းနှင့် ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းနှစ်ခု မေးမြန်း ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေး၌ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစတီဗင်သာဘိတ်၏ ချင်းပြည်နယ်၏ (၃)နှစ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းအနည်းဆုံး အဆင့်အတန်းသို့ ကျဆင်းသည့်ကိစ္စကို တာဝန်ရှိ ပြည်နယ်ပညာရေးဌာနမှ လေ့လာသုံးသပ်၊ အဖြေရှာအရေးယူဆောင်ရွက်ထားမှု ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းစုစုပေါင်း ၁၃၇၂ ကျောင်းတွင် သင်ကြားရေးဝန်ထမ်းအင်အား စုစုပေါင်း ၇၈၄၃ ဦး ခန့်ထားပေးခဲ့ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၂၆၇၀၅ ဦး ပညာသင်ယူဆည်းပူးလျက်ရှိကြောင်း။
တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် ပတ်သက်၍ ချင်းပြည်နယ်ပညာရေး မှူးရုံးအနေဖြင့် စီမံချက်များရေးဆွဲဆောင်ရွက်ခြင်း၊ ဘာသာရပ်အလိုက် စစ်ဆေးရေးအဖွဲ့ များကိုစေလွှတ်၍ သင်ကြား သင်ယူလုပ်ငန်းများကို ကြီးကြပ်စစ်ဆေးခြင်း၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခများ၏ ပို့ချချက်များကို ထပ်ဆင့်သင်ကြားပို့ချခြင်းများကို ပြုလုပ်ခဲ့ပါ ကြောင်း၊ ထိုပြင် အထက်တန်းပြနှင့် အလယ်တန်းပြဆရာ ဆရာမများ၏ ဘာသာရပ် အလိုက် ကျွမ်းကျင်စွာသင်ကြားနိုင်ရေးအတွက် မြို့နယ်အလိုက် မွမ်းမံ သင်တန်းများကို ပို့ချခဲ့ပါကြောင်း၊ အောင်ချက်မြင့်မားရေးအတွက် ချင်းပြည်နယ်သာမက တိုင်းဒေသကြီး၊ ပြည်နယ် များအလိုက် ပညာရေးမှူးများက စီမံချက်များနှင့် နှစ်စဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် ပတ်သက်၍ ဆရာ၊ ကျောင်းသား၊ မိဘနည်းတူ ဌာနဆိုင်ရာဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းပါဝင်ဆောင်ရွက်သွားပါက အမှန်တကယ် တိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ ပထမအကြိမ် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေး ကာလများအတွင်းလုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကိုကော်မတီဝင် စစ်ကိုင်းတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၆)မှ ဦးထွန်းမြင့်က ဖတ်ကြားတင်သွင်းရာ လွှတ်တော်က ဆွေးနွေး လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ မဟာဗျူဟာလေ့လာရေးနှင့် သုတေသနကော်မတီ၏ ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန် အစည်းအဝေး ကာလများအတွင်းလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုကော်မတီအတွင်းရေးမှူး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇ၀န က ဖတ်ကြားတင်သွင်းရာ လွှတ်တော်က ဆွေးနွေး လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
မဟာဗျူဟာလေ့လာရေးနှင့် သုတေသနကော်မတီ၏ အစီရင်ခံစာတွင် ကော်မတီ ဖွဲ့စည်းချိန်မှစ၍ လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အသွေးဆိုင်ရာစွမ်းရည်မြှင့်တင် ရေးအတွက် အပြန်အလှန်ဆွေးနွေးခြင်း(Debate) စုစုပေါင်း ၃၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဆွေးနွေးမှုများ၌ နိုင်ငံရေးဆိုင်ရာ ၆၀ ရာခိုင်နှုန်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ၂၀ ရာခိုင်နှုန်း၊ နိုင်ငံတကာရေးနှင့် သုံးသပ်ချက်အပိုင်းတွင် ၂၀ ရာခိုင်နှုန်းနှင့် ပညာရေးပိုင်းတွင် ၁၀ ရာခိုင်နှုန်း ဆွေးနွေးနိုင်ခဲ့ကြောင်းပါရှိသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ရက် မြောက်နေ့ကျင်းပမည့် နေ့ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment