Tuesday, December 22, 2015

နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု စနစ်တကျ ရှိစေရေးနှင့် ၀န်ကြီးဌာနများလွှဲပြောင်းမှု ချောမွေ့ အဆင်ပြေရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အသွင် ကူးပြောင်းရေးအဖွဲ့တို့အကြား ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ်(၁၈)၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းသည့် အခမ်းအနားကို နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပနိုင်ရေးဆိုင်ရာ လျာထားချက်များ၊ ၀န်ကြီးဌာန များအလိုက် စနစ်တကျ လွှဲပြောင်း နိုင်ရေးအတွက် လွှဲပြောင်းပေးရမည့် လုပ်ငန်းစဉ်များ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို နှစ်ဘက်ညှိနှိုင်း၍ သတ်မှတ်သွား မည်ဖြစ်သည်။

အစည်းအဝေးသို့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီမှ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း နှင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အသွင်ကူးပြောင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်(အငြိမ်းစား) ဒေါက်တာအောင်သူတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment