Monday, September 28, 2015

လူးသားအားလုံးပါဝင်နိုင်မည့် Global Citizens ဖြစ်လာစေရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်

 
''အားလုံး တစ်သားတည်းဖြစ်ဖို့ ဆိုတာအခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့အားလုံး တစ်ယောက်မှာရှိတဲ့ အခက်အခဲတွေကို ကျန်တဲ့ လူတွေက ကူညီဖြေရှင်း ပေးကြမယ်၊ ဒါမှမဟုတ် မျှဝေပေးကြ မယ်ဆိုရင် အရာခပ်သိမ်း တူညီမှုတွေ ကိုခံစားကြရမယ်လို့ ယုံကြည်ပါတယ်'' ဟု အိန္ဒိယနိုင်ငံမှ ကလေးငယ် တစ်ဦး၏ ပြောကြားချက်ကို လူပေါင်း   ခြောက်သောင်းကျော်က တစ်ခဲနက် လက်ခုပ်တီး ကြိုဆိုကြသည်။



နယူးယောက်မြို့ စင်ထရယ်ပတ်ခ် ပန်းခြံထဲတွင် စက်တင်ဘာ ၂၆ ရက် ညနေကကျင်းပသည့် (၄)ကြိမ် မြောက် Global Citizen Festival တွင် နိုင်ငံတကာမှ ကလေး ငယ်များ၏ ကရုဏာသက်ဖွယ်စကားသံ များအပြင် ကမ္ဘာလုံး ဆိုင်ရာအဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်နေ မှုများနှင့် လှူဒါန်းမှုအသီးသီးကို မြင်တွေ့ရသည်။
ထို့အပြင် နာမည်ကြီးအဆိုတော် များဖြစ်သောBeyonce၊ Pearl Jam၊ Ed Sheeran နှင့် Coldplay တို့၏ ဖျော်ဖြေမှုများလည်းပါဝင်ရာ ပရိ သတ် အများအပြား လာရောက် ကြည့်ရှုအားပေးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအပါအဝင် ဖွံဖြိုးဆဲ နိုင်ငံများအတွက် ကုလသမဂ္ဂအဖွဲ့ အစည်းအသီးသီးမှ ကူညီမှုများကို ဆယ်စုနှစ် ပေါင်းများစွာလုပ်ဆောင် လာခဲ့ပြီး နောက်ပိုင်းတွင် ပညာပေး လုပ်ငန်းများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် မှုများ အတွက် ပိုမိုအကူအညီများ ပေးအပ်ခြင်းဖြင့် လတ်တလောဖြေရှင်း ရမည့်အရေးကိစ္စများ တဖြည်းဖြည်း ချင်း လျော့နည်းလာသည်ကို မြင်တွေ့ ရကြောင်း၊ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက အကြိမ် (၇ဝ) မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ထည့်သွင်းပြောကြားသည်။ ယခုအခမ်းအနားတွင် အခြား နှစ်များထက်ပိုမိုကာ Every Women EveryChild အစီအစဉ်ဖြင့် နိုင်ငံတကာမှ အမျိုးသမီးများနှင့် ကလေး သူငယ်များကို ပိုမိုဖိတ်ခေါ်ဆွေးနွေး ဖြစ်ခဲ့ကြောင်း သိရသည်။
''အရောင်အသွေးစုံတဲ့ ညချမ်းမှာ အားလုံးဟာ တစ်သားတည်းရှိနေခဲ့ကြ တယ်။ အားနည်းသူတွေကို အားကြီး သူတွေကမျှဝေရင်း ကမ္ဘာလုံးဆိုင်ရာ လူသားတွေအဖြစ် ရပ်တည်သွား ကြမယ်'' ဟု ပြောကြားရင်း ကမ္ဘာ့ နာမည်ကြီး အဆိုတော် Eddie Vedder က Beyonce' ကို စင်မြင့် ပေါ်သို့ ဖိတ်ခေါ်ခဲ့ပြီး ဂန္ထဝင်သီချင်း တစ်ပုဒ် ဖြစ်သည့် Redemption Song ကိုဖျော်ဖြေခဲ့ ရာ ပရိသတ် များ တစ်ခဲနက် အားပေးခဲ့ကြ သည်။
ထိုပွဲတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအရေးကို အထူး အလေးပေးကာ ဖော်ထုတ်ပြောဆို ခဲ့ကြပြီး အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့မှ ကလေး သူငယ်များနှင့် ယင်းတို့၏ခံစားချက် များကို ထုတ်ဖော် ပြောဆိုခွင့်များ ပေးအပ်ခဲ့သည်ကိုလည်း မြင်တွေ့ရ သည်။
ဆိုပါပွဲတော်သို့ အမေရိကန် သမ္မတနှင့် သမ္မတကတော်တို့က ဗီဒီယိုမှတစ်ဆင့် အားပေးခဲ့ရာ ၆၂ သန်းသော အမျိုးသမီးများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့သည်။
အခမ်းအနားတွင် နိုဘယ်ငြိမ်း ချမ်းရေးဆုရှင် ပါကစ္စတန်အမျိုးသမီး ငယ် Malala Yousafzai က ကလေး သူငယ်များနှင့် အမျိုးသမီးများအတွက် အမှာစကားပြောကြားခဲ့ပြီး ဟောလီး ဝုဒ်မှ အနုပညာရှင်ပေါင်း များစွာက လည်း အခမ်းအနားသို့ တက်ရောက် အားပေးခဲ့ကြသည်။
Pearl Jam ၏ John Lenon သီချင်းကြောင့် ဖျော်ဖြေပွဲတက်ရောက် လာကြသူအချို့ မျက်ရည်ဝိုင်းခဲ့ကြပြီး ကမ္ဘာ အရပ်ရပ်ရှိ အဆင်မပြေမှု ကြုံတွေ့နေရသူများအား ဆုတောင်း မေတ္တာများ ပို့သခဲ့ကြသည်။ ''ထင်ထား တာထက် ပိုအောင်မြင် တဲ့ပွဲဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ ငွေကြေးတွေဟာ ကမ္ဘာအရပ်ရပ်က လိုအပ်နေတဲ့နေရာတွေဆီကို အမြန်ဆုံးရောက်သွား မယ် လို့ကတိပြုပါတယ်။ မိမိတို့တတ်နိုင်တဲ့အခြေအနေဟာ အခြားသူတွေအတွက် တန်ဖိုးအမြင့်ဆုံးဖြစ် နိုင်ပါတယ်'' ဟု ကုလ သမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးက အဆိုပါပွဲတွင် ထည့်သွင်းပြောကြား သည်။
Global Citizens Festival သို့ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးနှင့် ကလေးသူငယ်အရေး ဆောင်ရွက်သူ များ၊ လူသား အကျိုးပြုလုပ်ငန်းဆောင် ရွက်သူများနှင့် နိုင်ငံ့ခေါင်းဆောင်များကို ကုလသမဂ္ဂက ဖိတ်ကြားခဲ့ပြီး အဆိုပါ ပွဲတော်သို့ တက်ရောက်ရန် ကမ္ဘာတစ်လွှားမှ ပရိသတ်များက အဆိုပြုလွှာများ တင်သွင်းခဲ့ကြ ကြောင်း Global Citizens Festi- val ကျင်းပရေး လှုပ်ရှားမှုအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထောင်ပေါင်းများစွာသော ပွဲ ကြည့်ရှုလိုသူများသည် နယူးယောက် မြို့ရှိ စင်ထရယ်ပတ်ခ်ပန်းခြံတွင် တန်းစီကာ စောင့်ဆိုင်းခဲ့ကြရပြီး သုံးမိုင်ခန့်ရှည်လျားသည့် ပန်းခြံ တစ်လျှောက် စည်းကမ်းတကျ စီတန်း လျက်ရှိသည်ကို မြင်တွေ့ရသည်။
ကုလသမဂ္ဂအထွေထွေ ညီလာခံ မှ ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်ကို အကောင် အထည်ဖော်ရန် ၁၅ နှစ် စီမံကိန်းကို ၂ဝ၃ဝ ပြည့်နှစ်အထိ ချမှတ်နိုင်ခဲ့ပြီး ယင်းတို့အနက် အရေးကြီးသည့် အချက် ၁၇ ချက်ဖြစ်သည့် ဆင်းရဲ နွမ်းပါးမှုပပျောက်ရေး၊ ငတ်မွတ် ခေါင်းပါးမှု ပပျောက်ရေး၊ ကျန်းမာရေး စနစ်၊ မြင့်မားသည့် ပညာရေးဘုံစနစ်၊ ကျားမခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ စွမ်းအင်ကို အကျိုးရှိစွာ အသုံးချရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ စက်ရုံ အလုပ်ရုံများနှင့် အခြေခံအဆောက် အအုံများပြည့်မီရေး၊ ဆင်းရဲချမ်းသာ ကွာဟမှုတိုက်ဖျက်ရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ခြင်းဆိုင်ရာပူးပေါင်းဆောင် ရွက်ရေး၊ လေးစားလိုက်နာမှုနှင့် ကျင့်ဝတ်ဆိုင်ရာများ အလေးထား ဆောင်ရွက်ရေး၊ သဘာဝသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေ သယံဇာတများ ထိန်းသိမ်းစောင့် ရှောက်ရေး၊ တောရိုင်း တိရစ္ဆာန်များ အား ကာကွယ် ထိန်းသိမ်းရေးနှင့် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ပဋိပက္ခချုပ်ငြိမ်းရေး ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ခြင်းတို့ကို အလေးထား လုပ်ဆောင်တတ်ကြစေ ရန်နှင့် အမျိုးသမီးများနှင့် ကလေး သူငယ်များ အတွက် စောင့်ရှောက်မှု များ ပိုမိုပေးအပ်နိုင်ရန်ရည်ရွယ်ကာ ကုလသမဂ္ဂမှ Global Citizens Festival ကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment