Thursday, September 24, 2015

အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းအပ်နှံ ဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ


နေပြည်တော်   စက်တင်ဘာ  ၂၄  
 လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနနှင့် သြစတြီးယားနိုင်ငံ ANDRITZ Hydro GmbH တို့အကြား အထက် နမ့်ထွမ်ရေအား လျှပ်စစ်စီမံကိန်း ပစ္စည်းများလုပ်ငန်း အပ်နှံဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စက်တင်ဘာ (၂၄)ရက် နံနက်(၁၁)နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးဆန်းနှင့် ANDRITZ Hydro GmbH မှ Regional Director Mr. Martin Koubek တို့က အထက် နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်း ပစ္စည်းများ လုပ်ငန်း အပ်နှံဝယ်ယူရေး သဘောတူ စာချုပ်များကို   လက်မှတ်ရေးထိုးကြသည်။
အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းမှာ ကချင်ပြည်နယ်၊ ပူတာအိုမြို့၏ အနောက်တောင် ဘက် (၇)မိုင်ခန့်အကွာ နမ့်ထွမ် ချောင်းပေါ်တွင် တည်ရှိပြီး တည်ဆောက်ရေးကာလ (၂)နှစ်အတွင်း အပြီး အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ရာ စီမံကိန်း ပြီးစီးပါက ပူတာအိုဒေသအတွင်း လျှပ်စစ်ဓာတ် အား (၃ ဒသမ ၂)မဂ္ဂါဝပ်အား ထုတ်လုပ်ပေး နိုင်မည်ဖြစ်ပြီး (၂၄)နာရီ ဓာတ်အား ဖြန့်ဖြူး ပေးနိုင်မည် ဖြစ်သည်။
အထက်နမ့်ထွမ်ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် တပ်ဆင်မည့် စက်မှုနှင့်လျှပ်စစ်ဆိုင်ရာ စက်ပစ္စည်းများမှာ ဥရောပတွင်ထုတ်လုပ်သော အရည်အသွေးမြင့်မားသည့် စက်ပစ္စည်းများဖြစ်ပြီး လျှပ်စစ်ဓာတ်အားကို သတ်မှတ်ချက်အတိုင်း စွမ်းအားပြည့်ထုတ်လုပ်နိုင်ရန်  ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment