Tuesday, September 1, 2015

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် လူမှုအဖွဲ့ အစည်းများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အစည်း အဝေးကျင်းပ



ရန်ကုန် သြဂုတ် ၃၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကို ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ကော်မရှင် အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲ အရာရှိ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်း များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက် ရောက် ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကျင်းပရန် (၆၈) ရက်သာလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှုမှာ စုစုပေါင်း ၆၁၈၉ ဦး တင်သွင်းခဲ့ပြီး မှတ်ပုံတင်ထားသည့် ပါတီအားလုံးက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း ခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ဆောင်ရွက် လျက်ရှိကြောင်း၊ စိစစ်ပြီးပါက အတည်ပြုလွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်းများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း။
မဲစာရင်းကြေညာခြင်းကို စက်တင်ဘာလလယ်ခန့်တွင် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း၊ သြဂုတ်လကုန် တွင် ကပ်ထားကြေညာရန် စီစဉ်ထားသော်လည်း ရေဘေး ဒုက္ခကြုံတွေ့နေရသည့် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်း ကြည့်ရှုရန် အခက်အခဲရှိနိုင်၍ အဆင်ပြေနိုင်မည့်ကာလကို ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း၊ မဲစာရင်းကို (၁၄)ရက် ကပ်ထားကြေညာမည်ဖြစ်ကြောင်း၊ ရက်ပေါင်း (၁၈ဝ) ကျော်လွန်နေထိုင်သူများအနေဖြင့် ပုံစံ (၃-က) ဖြင့် လျှောက်ထားနိုင်ကြောင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန် ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လျှောက်ထား လျက်ရှိကြောင်း၊ လျှောက်ထားသည့်အဖွဲ့ အစည်းများကို စိစစ်ခွင့်ပြုပြီး အသိအမှတ်ပြု ကတ်ပြား များ ထုတ်ပေးထားပြီးဖြစ်ကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံဝန်ထမ်းများကို သင်တန်း ပို့ချနိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဗဟိုအဆင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်အဆင့် နည်းပြများကို သင်တန်းပေးသွားမည်ဖြစ်ပြီး မြို့နယ်နှင့် မဲရုံမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲနှင့် မဲရုံဝန်ထမ်းများကို ဆင့်ပွားသင်တန်းပို့ချသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာ သူများ အနေဖြင့် သင်တန်းပို့ချမှုများကို လေ့လာကြည့်ရှုနိုင်ကြောင်း။
ရေဘေးသင့်ဒေသမှ မဲဆန္ဒရှင်များအနေဖြင့် မှတ်ပုံတင်ကတ်များ၊ အခြားသက်သေခံကတ်များ၊ အိမ်ထောင်စု စာရင်းများ ပျက်စီးပျောက်ဆုံးမှုရှိသောကြောင့် အလွယ်တကူ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေဘေးသင့် ဒေသများသာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်သက်သေခံလက်မှတ်ကို မဲဆန္ဒရှင်စာရင်းနှင့် တိုက်ဆိုင်စိစစ်ပြီး ထုတ်ပေးမည် ဖြစ်ကြောင်း၊ သက်သေခံလက်မှတ်အပေါ် မသမာမှုပြုရန် မဖြစ်နိုင်ကြောင်း၊ မဲပေးမည့်နေ့ မဲလက်မှတ်ထုတ်သည့် အခါ မဲစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ပြီး မသမာမှု ဖြစ်နိုင်သည်ဟု သံသယရှိက မဲရုံမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များဖြင့် ထပ်မံစိစစ်မည်ဖြစ်ကြောင်း၊ မသမာမှုပြုလုပ်ခြင်း မှန်ကန်လျှင် လုံခြုံရေးအဖွဲ့က အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
သက်သေခံလက်မှတ် ထုတ်ပေးသည့် ရည်ရွယ်ချက် သုံးချက်ရှိကြောင်း၊ ပထမအချက်မှာ သက်သေခံ လက်မှတ် တွင် မဲစာရင်းအမှတ်ပါရှိသည့်အတွက် မဲစာရင်းတွင် အမည်ရှာဖွေသည့်အခါ လျင်မြန်လွယ်ကူပြီး အချိန်ကုန် သက်သာစေရန်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ မှတ်ပုံတင် နှင့် အခြားသက်သေခံကတ်ပြားများ ပျောက်ဆုံးသည့် မဲဆန္ဒရှင်များအနေဖြင့် မဲပေးနိုင်ရန်ဖြစ်ကြောင်း၊ တတိယ အချက်မှာ သက်သေခံ လက်မှတ်တွင် အမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်နှင့်နေရပ်လိပ်စာများပါရှိသဖြင့် ယင်းအချက်များ မှားနေပါက မဲဆန္ဒရှင်က ပြင်ဆင်ပေးခြင်းအားဖြင့် နောင်ရွေးကောက်ပွဲများအတွက် မှန်ကန်သည့်မဲစာရင်းကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ လူမှုအဖွဲ့အစည်းများ အနေဖြင့် မဲဆန္ဒရှင်များသိရှိအောင် အသိပေးဆောင်ရွက် ပေးရန် တိုက်တွန်းလိုကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေး သွားမည်ဖြစ်ကြောင်းနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် IFES မှ တာဝန်ရှိသူတစ်ဦးက မဲဆန္ဒရှင် အသိပညာပေးအစီအစဉ်တွင် အသုံးပြုမည့် ပညာပေးပစ္စည်း၊ ဗီဒီယို၊ စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က တစ်နိုင်ငံလုံး အဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်း ဆိုင်ရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင် ဥက္ကဋ္ဌက မဲဆန္ဒရှင် သက်သေခံလက်မှတ်၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များဆောင်ရွက်မှု အချိန်ဇယား၊ နောက်ဆုံး အတည်ပြုထုတ်ပြန်ထားသည့် အထွေထွေသတင်းအချက် အလက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံ အဖွဲ့ဝင်လက်စွဲစာစောင်၊ မဲရုံလုပ်ငန်းစဉ် သရုပ်ပြဗီဒီယိုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်က ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းချက်များ အပေါ် တက် ရောက်လာသော လူမှုအဖွဲ့အစည်းများက မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာမှုရှိစွာ ကျင်းပနိုင်ရေး အတွက် လူမှုအဖွဲ့အစည်းများ၏စွမ်းအားမှာ မဖြစ်မနေ လိုအပ်သဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment