ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိ သုဓမ္မ ဦးသိန်းစိန်ထံ မှ
ပေးပို့သော ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် (၄)နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်
သဝဏ်လွှာ
(၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်)
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)
တည်ထောင်ခြင်း၏ (၄၈)နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ ယခုကဲ့သို့ ထူးမြတ်သည့် အခါသမယတွင်
မိမိအနေဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်တကွ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး၏
နိုင်ငံသူနိုင်ငံသားအားလုံးတို့အား ကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနှင့် ပြည့်ဝပါစေကြောင်း
နှုတ်ခွန်းဆက်သ အပ်ပါသည်။
ယခုနှစ် အာဆီယံ၏ထူးခြားမှုမှာ ယခုနှစ်ကုန်တွင်
နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး၊ ယဉ်ကျေး မှုများအရ ပေါင်းစည်းထားသည့်
အာဆီယံ အသိုက်အဝန်းကြီးပေါ်ထွန်းလာမည် ဖြစ်ပါသည်။ အာဆီယံ အဖွဲ့အနေဖြင့် ဒေသငြိမ်းချမ်းရေး၊
တည်ငြိမ်ရေးနှင့် လုံခြုံရေး၊ စီးပွားရေးပေါင်းစည်းမှုနှင့် ရေရှည် တည်တံ့မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
အစရှိသည့် ရည်မှန်းချက် များအတွက် ဦးတည် ဆောင်ရွက်ရာတွင် အရေးပါသည့် အောင်မြင်မှုများ
ရရှိထားပြီး လက်ရှိတိုးတက်ဖြစ်ပေါ်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက် ခြင်းဖြင့်
ကမ္ဘာ့အလယ်တွင် အာဆီယံအသိုက်အဝန်းကြီးကို စုပေါင်းကြိုးပမ်းမှုများနှင့် ထည်ထည် ဝါဝါဖြစ်ပေါ်
လာစေနိုင်မည် ဖြစ်ပါသည်။
အာဆီယံအသိုက်အဝန်း တည်ဆောက်ရှင်သန်ရေးသည်
အာဆီယံ၏ အန္တိမရည်မှန်းချက်ဖြစ်ပါသည်။ အဆိုပါရည်မှန်းချက်ကို ဦးတည်ပြီး ၂ဝဝ၃ ခုနှစ်၊
ဘာလီ သဘောတူညီချက်အပေါ်အခြေခံသည့် အာဆီယံ အသိုက်အဝန်းတည်ဆောက်ရေးကို သဘောတူညီခဲ့ကြပါသည်။
အဆိုပါ ရည်မှန်းချက်ကို ၂ဝဝ၈ ခုနှစ်၌ ပြဋ္ဌာန်းခဲ့သည့် အာဆီယံပဋိညာဉ်စာတမ်းတွင် ထပ်လောင်းအတည်ပြုဖော်ပြ
ခဲ့ပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို
အခြေပြုပြီး တည်ဆောက်သည့် အာဆီယံအသိုက် အဝန်းသည် ''ပြည်သူ့ဗဟိုပြု၊ ပြည်သူ့ အခြေပြုသည့်
အသိုက်အဝန်းဖြစ်စေရေးကို အလေးထား ဆောင်ရွက် လျက်ရှိ ပါသည်။ အဆိုပါအချက်ကို ၂ဝ၁၅ခုနှစ်အတွက်
အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံမှ အာဆီယံ၏ဆောင်ပုဒ်ကို “Our People, Our
Community, Our Vision ” ဟု သတ်မှတ် ထားခြင်းသည် များစွာလျော်ကန်မှု ရှိပါသည်။ အဆိုပါဆောင်ပုဒ်သည်
အာဆီယံ၏ ဖြတ်သန်းခဲ့သော (၄၈)နှစ် အတွင်း ဒေသတွင်းပေါင်းစည်းမှုနှင့် ပြည်သူ့ဗဟိုပြုဆောင်ရွက်မှုများကို
ထင်ဟပ်စေမည်ဖြစ်ပါသည်။ ယခုအခါ အာဆီယံခေါင်းဆောင်များအနေဖြင့် အာဆီယံ ပါလီမန်များညီလာခံ၊
အရပ်ဘက်လူမှုအဖွဲ့ အစည်း များ၊ လူငယ် အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကိုယ်စားလှယ်များနှင့်
တွေ့ဆုံ မှုများပြုလုပ် လျက်ရှိပါသည်။
အာဆီယံအသိုက်အဝန်းတွင် အဓိကမဏ္ဍိုင်များအဖြစ်
ပါဝင်ကြသည့် နိုင်ငံရေး၊ လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေး မဏ္ဍိုင်နှင့် လူမှုရေးယဉ်ကျေးမှုမဏ္ဍိုင်
များ၏ ရည်မှန်းချက်များသည် ပြည်သူများ၏ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုမြှင့် တင် ပေးရန်၊
စီးပွားရေး၊ လူမှုရေးအဆင့်အတန်းမြင့်မားစေရန်၊ ဒေသတွင်းပြည်သူ များအကြား နားလည်မှု ပိုမိုတည်ဆောက်နိုင်ရန်နှင့်
အပြန်အလှန်ဆက်ဆံမှု များ မြှင့်တင်ပေးရန်ဖြစ်ပါသည်။
နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်အရ အာဆီယံအသိုက်အဝန်းအတွင်း
ပဋိပက္ခများအား ကာကွယ်ခြင်း၊ ပဋိပက္ခများ ကိုငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေး အဖြေရှာခြင်း၊
ပဋိပက္ခအလွန် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော
အုပ်ချုပ်မှုစနစ်တည်ဆောက်ခြင်း၊ နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ အာဆီယံ၏ တန်ဖိုးနှင့်
စံချိန်စံညွှန်းတို့ကို မြှင့်တင် ထိန်းသိမ်းခြင်းစသည့် အခြေခံကောင်းများ တည်ဆောက်ဖြစ်ပေါ်စေမည်
ဖြစ်ပါသည်။
စီးပွားရေးမဏ္ဍိုင်အနေဖြင့် အာဆီယံဒေသကို
စီးပွားရေးအရတည်ငြိမ်မှု၊ တိုးတက်ဖွံ့ဖြိုးမှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းအားမြင့်မားမှုတို့ရရှိရန်
မြှင့်တင် ပေးခြင်း၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် ငွေပင်ငွေရင်းတို့အား
ဒေသတွင်း လွတ်လပ်စွာလည်ပတ်စီးဆင်းနိုင်စေခြင်း၊ ဆင်းရဲနွမ်းပါးမှုကို လျော့နည်းစေကာ
တစ်ပြေးညီ ဖွံဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။
အာဆီယံအသိုက်အဝန်း၏ လူမှုရေးအသိုက်အဝန်း
မဏ္ဍိုင်အောက်တွင် ကရုဏာတရားထွန်းကားပြီး အချင်း ချင်း စောင့်ရှောက်မှုနှင့် မျှဝေခံစားမှုရှိ
သည့် အသိုက်အဝန်းဖြစ်စေရေး၊ ပြည်သူများ၏ ဘဝအဆင့်အတန်း ခိုင်မာစေ ရေး၊ အမျိုးသမီးများ၊
လူငယ်များနှင့် ကလေးသူငယ်များ၏ အခွင့်အရေး ခိုင်မာစေရေး၊ သဘာဝဘေး အန္တရာယ်များကို ကြံ့ကြံ့ခံနိုင်စွမ်းရှိစေသောဒေသ
အဖြစ် ဖန်တီးဖော်ဆောင်နိုင်ရန် မျှော်မှန်းထားရှိပါသည်။
ထို့အပြင် အာဆီယံနိုင်ငံများအနေဖြင့်
မိမိတို့၏ ပြည်တွင်းကိစ္စများကိုလည်း ငြိမ်းချမ်းသည့် စေ့စပ်ဆွေးနွေးမှု များဖြင့် အဖြေရှာလျက်ရှိပါသည်။
မိမိတို့နိုင်ငံ အနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံ တော်၏
အရေး အကြီးဆုံး ဦးစားပေးကိစ္စအဖြစ် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်း
ရေးနှင့် တည်ငြိမ်ရေးကို အကျိုးပြုလျက်ရှိပါသည်။ ထို့အပြင် အာဆီယံအဖွဲ့ အစည်းက ထားရှိသည့်
စံနှင့် တန်ဖိုးများ ဖြစ်ကြသော ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးနှင့် ကောင်းမွန်သော စီမံခန့်ခွဲအုပ်ချုပ်မှုတို့တွင်လည်း
မြန်မာနိုင်ငံ အနေဖြင့် အခြားသော အဖွဲ့ဝင်နိုင်ငံများနှင့် တန်းတူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
အာဆီယံအသိုက် အဝန်းတည်ထောင်မှုတွင် အရေးကြီးသည့်ကဏ္ဍတွင်
ပါဝင်သည့် အာဆီယံစီးပွားရေး အသိုက် အဝန်း ပေါ်ထွန်းလာသည့်အတွက် အာဆီယံနိုင်ငံတိုင်း
အကျိုးခံစားရ မည်ဖြစ်ပါသည်။ အာဆီယံ စီးပွားရေး အသိုက် အဝန်းသည် တရားမျှတသည့် ယှဉ်ပြိုင်မှုမှတစ်ဆင့်
အဖွဲ့ဝင်နိုင်ငံများ၏ စီးပွား ရေးကိုမြှင့် တင်ပေးမည် ဖြစ်ပါသည်။ အာဆီယံစီးပွားရေးအသိုက်အဝန်းသည်
အာဆီယံအသိုက်အဝန်းတွင် အခွင့် အလမ်းများ ပေးအပ်လျက်ရှိသကဲ့သို့ တရားမျှတသည့် စီးပွားရေး
လုပ်ငန်းများ ထိန်းသိမ်းမြှင့် တင်ရန် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ချမှတ်ပေးမည်
ဖြစ်ပါသည်။
အာဆီယံအသိုက်အဝန်းတည်ထောင်ပြီးနောက် မိမိတို့နိုင်ငံအနေဖြင့်
မိမိတို့ အားထားရသည့် စီးပွားရေး လုပ်ငန်းများဖြစ်သည့် လယ်ယာစိုက်ပျိုးရေး၊ သားငါးထုတ်လုပ်ရေးနှင့်
အသေးစားနှင့် အလတ်စား လုပ်ငန်း များကိုလည်း ဆက်လက်ဦးစားပေးသွားရမည်ဖြစ်ပါသည်။ ယှဉ်ပြိုင်နိုင်စွမ်းအား
မြင့်မား စေရေး၊ ပြည်ပသို့ တိုးတက်ယှဉ်ပြိုင်နိုင်ရေးအတွက် နိုင်ငံတော်အပိုင်းမှ ကူညီ
ပံ့ပိုးပေးလျက်ရှိပါသည်။ ပြည်ပပို့ကုန် တိုးမြှင့်နိုင် ရေးအတွက် အမျိုးသားပို့ကုန်
မဟာဗျူဟာကိုလည်း ရေးဆွဲအကောင် အထည် ဖော်လျက်ရှိပါသည်။
အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းသည်
ပညာရေး၊ ကျန်းမာရေးကဏ္ဍများ မြှင့်တင်ခြင်းဖြင့်လည်း ပြည်သူတို့၏ လူမှုရေးအကျိုး စီးပွားကိုတိုးတက်စေပြီး
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို မျှော်မှန်းချက်အဖြစ် ထားရှိပါသည်။ ယနေ့ ကမ္ဘာတွင် တွေ့ကြုံခံစားနေကြရသည့်
သဘာဝဘေး အန္တရာယ်ကျရောက်မှုများ၊ ရာသီဥတုဖောက်ပြန်မှုများကို ကာကွယ်နိုင်ရန် အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊
သဘာဝဘေး အန္တရာယ်ကျရောက်မည်ကို ကြိုတင်သိရှိ အကာအကွယ်ယူနိုင်ရေး၊ အချိန်မီ တုံ့ပြန်ကာကွယ်
နိုင်ရေး၊ လူသားချင်းစာနာမှု အကူအညီများကို ထိရောက်စွာ ဖြန့်ဖြူးကူညီနိုင်ရေးအစရှိသည့်
အရေးပေါ် ကိစ္စရပ်များ၊ စားနပ်ရိက္ခာ ဖူလုံစေရေး၊ စွမ်းအင်ဖူလုံစေရေး စသည့် ဒေသတွင်းအရေးကိစ္စရပ်များကို
အာဆီယံ အနေဖြင့် အာဆီယံနိုင်ငံ အချင်းချင်းနှင့်လည်းကောင်း၊ ဆွေးနွေးဖက် နိုင်ငံများနှင့်လည်းကောင်း
ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
ယခုတင်ပြခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုအားလုံးသည်
အာဆီယံ၊ ပြည်သူတို့အတွက် ရည်ရွယ်၍ လုပ်ဆောင် ခြင်း၏အကျိုးတို့ဖြစ်ပါသည်။ ပေါ်ထွန်းလာမည့်
အာဆီယံအသိုက်အဝန်းသည် အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူ များကို အကျိုးရှိစေမည် ဖြစ်သကဲ့သို့
စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ရမည်မှာ မုချဖြစ်ပါသည်။ အခြေခံအားဖြင့် မတူညီကွဲပြား
သည့် နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ ကိုးကွယ်မှုဘာသာများ၊ ကွာခြားသော ဖွံ့ဖြိုး တိုးတက်မှု
အစရှိသည့် မတူကွဲပြားမှုများရှိသည့် အာဆီယံအနေဖြင့် မတူညီမှုများကို စည်းလုံး ညီညွတ်သော
အင်အားအဖြစ်ပြောင်းလဲရန် အစဉ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ အာဆီယံအနေဖြင့် ပြီးခဲ့သည့်
(၄၈)နှစ်တာ ကာလအတွင်းက ရရှိခဲ့သည့် တိုးတက်မှုများကို အခြေခံပြီး အာဆီယံ၏ အောင်မြင်မှု၊
မတူကွဲ ပြားခြင်းနှင့်စည်းလုံးမှုတို့ကို ဂုဏ်ယူလျက်မကြာမီ ပေါ်ထွန်းလာမည့် အာဆီယံအသိုက်
အဝန်း ကိုကြိုဆိုကာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့်အာဆီယံ အသိုက်အဝန်းကြီး အောင်မြင်ရေးအတွက်
ဆက် လက် ကြိုးပမ်းအား ထုတ်သွားကြရန် တိုက်တွန်းပါသည်။ ထို့ပြင်တာဝန်သိသော အာဆီယံပြည်သူများ
အဖြစ် အာဆီယံအသိုက် အဝန်းနှင့်အတူ ရရှိခံစားမည့် အခွင့်အလမ်းများကိုလည်း အကောင်းဆုံးအသုံးချနိုင်
ကြပါ စေရန် အာဆီယံ နေ့အခါသမယတွင် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
No comments:
Post a Comment