Saturday, August 8, 2015

(၄)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်


နေပြည်တော် သြဂုတ် ၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ သြဂုတ် ၂ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် (၄၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက် ရှိခဲ့သည်။

မလေးရှားနိုင်ငံ၌ ပြည်ထောင်စုဝန်ကြီးသည် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ (၄၈)ကြိမ်မြောက် အစည်းအဝေး၊ အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများ၏ (၁၆) ကြိမ်မြောက် အစည်းအဝေး၊ ပဉ္စမအကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး၊ (၂၂)ကြိမ်မြောက် အာဆီ ယံ ဒေသဆိုင်ရာဖိုရမ် ဝန်ကြီးအဆင့်အစည်းအဝေး၊ အရှေ့တောင် အာရှ အဏုမြူ လက်နက်ကင်းမဲ့ဇုန်ဆိုင် ရာကော်မရှင် အစည်းအဝေးနှင့် အာဆီယံဆွေးနွေးဖက် နိုင်ငံ ၁ဝ နိုင်ငံနှင့် တစ်နိုင်ငံချင်းစီကျင်းပသည့် ဝန်ကြီးအဆင့် အစည်းအဝေး များသို့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးများမှ အာဆီယံနှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးသည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီနှင့်အတူ ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-အမေရိကန်ပြည်ထောင်စု ဆွေးနွေးဖက်နိုင်ငံ ဆက်ဆံရေးတွင် ညှိနှိုင်းရေးမှူး အဖြစ် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ အာဆီယံ-သြစတြေးလျ ဆွေးနွေးဖက်ဆက်ဆံရေးတွင် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အာဆီယံ အစိုးရအချင်းချင်းဆိုင်ရာ ကော်မရှင်နှင့် တွေ့ဆုံပွဲသို့လည်း တက်ရောက်ခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အဋ္ဌမအကြိမ်မြောက် မဲခေါင်မြစ် အောက်ပိုင်းနိုင်ငံများ ကနဦးဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေး၊ အဋ္ဌမအကြိမ်မြောက် မဲခေါင်-ဂျပန်ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ပဉ္စမ အကြိမ်မြောက် မဲခေါင်-ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေး တို့ကိုလည်း တက်ရောက်ခဲ့ပြီး အဋ္ဌမအကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများ ကနဦးဆောင်ရွက်မှု ဝန်ကြီးအဆင့်အစည်းအဝေး၌ ပြန်လည်ပြုပြင် ထားသည့် ၂ဝ၁၆-၂ဝ၂ဝ အကောင်အထည်ဖော်မှုစီမံကိန်းကို ထပ်လောင်း အတည်ပြု ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ကွာလာလမ်ပူမြို့၌ ရှိနေစဉ် တရုတ်၊ သြစတြေးလျ၊ တူရကီ၊ ဒီမိုကရက်တစ် ကိုရီးယားသမ္မတနိုင်ငံ၊ နော်ဝေနိုင်ငံ ခြားရေးဝန်ကြီးများနှင့်လည်းကောင်း၊ ဥရောပသမဂ္ဂကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် တို့နှင့်လည်းကောင်း၊ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကျိုးတူကိစ္စများကို ဆွေးနွေး ခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများမှ (၄၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပြီး အီရန်အဏုမြူအစီအစဉ်၏ ပူးတွဲလုပ်ငန်း အစီအစဉ်အပေါ် အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီး များ၏ ထုတ်ပြန်ချက်၊ ပင်လယ်သမုဒ္ဒရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပူးပေါင်းဆောင်ရွက်ရေး အာဆီယံ ဒေသဆိုင်ရာဖိုရမ်ထုတ်ပြန် ချက်များအပါအဝင် အစည်းအဝေးများအပေါ် အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန် ချက်များနှင့် အခြားကြေညာချက်များ လုပ်ငန်းအစီအစဉ်တို့ကို ထုတ်ပြန် နိုင်ခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် အာဆီယံ ထူထောင်သည့် ၁၉၆၈ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့သည့် အစည်း အဝေးဖြစ်ပြီး ယခုနှစ်တွင် (၄၈)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ယင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုအခြေပြု၍ အာဆီယံကို အခြေခံသည့် ဒေသဆိုင်ရာအဖွဲ့ အစည်းအဝေးများကိုလည်း ယင်းအစည်း အဝေးနှင့် တစ်ဆက်တစ်စပ်တည်း ကျင်းပလေ့ရှိသည်။ ယင်း အချက် သည် ဒေသတွင်းနှင့်ဒေသပြင်ပ အဖွဲ့အစည်းများအတွင်း အာဆီယံ၏ ဗဟိုအချက် အချာကျမှုကို ဖော်ပြလျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment