Thursday, August 6, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး အဖျောက်မြို့ ရေဘေးကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများအား ညှိနှိုင်းဆွေးနွေး






နေပြည်တော် ဩဂုတ် - ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိ ကြီးများလိုက်ပါလျက် ယနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်လေဆိပ်သို့ရောက်ရှိရာ လေဆိပ်ဧည့်ခန်းမဆောင်တွင် တိုင်းမှူးက ဧရာဝတီမြစ်ရေမြင့်တက် မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုက်ကြီးမြို့နယ် အဖျောက်မြို့တွင် ရေဝင်ရောက်မှု၊ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင်တိုက်ကြီး မြို့နယ်၊ အဖျောက်မြို့သို့ ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်သည့် ရဟတ်ယာဉ်ဖြင့် လိုက်ပါခဲ့ရာ ဥတိုကျေးရွာသို့ ရောက်ရှိကြပြီး မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ အဖျောက်ကျေးရွာသို့ ရောက်ရှိကြသည်။
ယင်းနောက်အဖျောက်တာပေါင်တွင် ဒုတိယဝန်ကြီးဦးခင်ဇော်က တာပေါင်ကြံ့ခိုင်ရေးနှင့် အမြင့်ပေ ထပ်မံမြှင့်တင် ရေးလုပ်ငန်းများ  ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လတ်တလော ရေဘေးအန္တရာယ် ကာကွယ်နိုင်ရန် ဆောင်ရွက်နေမှုနှင့် ရေရှည်တွင်ရေကြီးရေလျှံ မှုမှ ကာကွယ်နိုင်မည့်လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။

ထို့နောက် အဖျောက်မြို့ ရေလွှမ်းမိုးမှုမှ ကာကွယ်ရန်အတွက် ၂ မိုင်အရှည်ရှိ အဖျောက်တာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လုပ်အားပေးအဖွဲ့များက ကြံ့ခိုင်ရေး ဆောင်ရွက်နေမှုနှင့် အမြင့်ပေထပ်မံ မြှင့်တင်ရန် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး လုပ်အားပေးဆောင်ရွက် နေသူများကို ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။

ဆက်လက်၍  အဖျောက်မြို့တွင်းရှိ မဟာသံတန်ဆောင်းကြီးဘုရားသို့ ရောက်ရှိပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူ ပူဇော်ကာ အလှူငွေပေးအပ်သည်။

မဟာသံတန်ဆောင်းကြီးဘုရားသည် သက်တမ်း ၉၈ နှစ်ရှိပြီဖြစ်ပြီး ဘုရားဝန်းအတွင်းတွင် သုတ်၊ ဝိနည်း၊ အဘိဓမ္မာ၊ ပိဋကတ်သုံးပုံ ကျမ်းစုံကျောက်စာ ၇၂၀ ချပ်ကို အဆောင် ၅ ဆောင်ခွဲ၍ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

၎င်းနောက် တိုက်ကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က  အားပေးစကားပြောကြားရာတွင် ဇူလိုင်လဒုတိယပတ်မှစတင်၍ ရာသီဥတု ဖောက်ပြန်ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင်မုန်တိုင်းများ ကျရောက်ခြင်းကြောင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့လည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းများဖြစ် ပေါ်မှုကြောင့် ဒီရေ မြင့်တက်ခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ ဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် သတိလက်လွတ်နေထိုင်ခြင်းဖြင့် ပေးဆပ်မှုများစွာ ဖြစ်ပေါ် လာနိုင်ကြောင်းကို သတိရှိစေလိုကြောင်း၊ မြို့မိမြို့ဖများ၏ဦးဆောင်မှုဖြင့် တက်ညီလက်ညီဝိုင်းဝန်း ဆောင်ရွက်မည်ဆိုပါက အခက်အခဲများကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတွင်လည်း ပြည်သူ၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့ ညီညီညွှတ်ညွှတ်ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ရင်ဆိုင်နေရသည့် အခက်အခဲ များကို အောင်မြင်စွာကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မည်ဆိုသည့် စိတ်ဓာတ်ဖြင့် လူအင်အား၊ မော်တော်ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်နှင့် စစ်ရေယာဉ် များကို အင်အားပြည့်ထုတ်နှုတ်၍ နိုင်ငံအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူ များမှလည်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခြင်းအားဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ရေဘေးသင့် ပြည်သူများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ဧရာဝတီ မြစ်ရေမြင့်တက်လာမှုကြောင့် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ရှိ ကျေးရွာအချို့တွင် မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူ ၂၇၅ ဦးကို တိုက်ကြီးမြို့ရှိ ပြည်ဇောတိကာရုံကျောင်းတိုက်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်၍ နေရာချထားပေးပြီး လိုအပ်သော သောက်သုံးရေ၊ စားသောက်ဖွယ်ရာနှင့် အဝတ်အထည်များ ထောက်ပံ့ပေးလျက် ရှိကြောင်း သတင်းရရှိသည်။


(မြ၀တီ)

No comments:

Post a Comment