မုံရွာ ဩဂုတ် ၈
ရေဘေးသင့်ဒေသများ ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းရှိ
ပြည်သူများအား မြန်မာနိုင်ငံအရပ်ရပ်ရှိ အလှူရှင်များမှ ပေးပို့လှူဒါန်းသော ဆန်အိတ်များ၊
စားသုံးဆီ၊စားသောက်ကုန်၊ ရေသန့်ဘူး၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဆေးဝါးပစ္စည်းများ၊ အဝတ်အထည်များ၊
အခြားလိုအပ်သည့်လူသုံး ကုန်ပစ္စည်းများ၊ နိုင်ငံတော်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ
ထောက်ပံ့သော မီးစက်ကြီးများ၊ ထရန်စဖော်မာများ၊ ကလေးဒေသအတွင်း ရေကြီးနစ်ပြီးပျက်စီးခဲ့သော
လယ်မြေများအချိန်မီ ပြန်လည်ထွန်ယက် နိုင်ရေးအတွက် လယ်ထွန်စက်ကြီးများတို့ကို မုံရွာလေယာဉ်ကွင်းမှတဆင့်ကလေးမြို့သို့
လည်းကောင်း၊ မုံရွာမြို့ သလ္လာဝတီဆိပ်နှင့် အလုံမင်းဒေါင့်ဆိပ်ကမ်းမှတဆင့်ချင်းတွင်းမြစ်ကြောင်းအတိုင်း
အောင်မြသန်း ရေယာဉ်များဖြင့် ကလေးဝမြို့သို့ လည်းကောင်း၎င်းမှတဆင့် ကလေးမြို့သို့ မော်တော်ယာဉ်များ
ဖြင့်ပေးပို့လျက်ရှိရာ အဆိုပါ ရေဘေးထောက်ပံ့ ပစ္စည်းများကို လေယာဉ်ပေါ်နှင့် ရေယာဉ်များပေါ်သို့
ထောက်ပံ့ပစ္စည်းများ တင်ဆောင်ရာတွင် လုပ်အားဒါနပြုသူများ၏ ရင်တွင်းစကားများကို စုစည်းတင်ပြအပ်
ပါသည်။
ဦးရွှေဝင်း
စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး
စစ်ကိုင်းတိုင်းဒေသကြီး
၁။ ကျွန်တော်တို့ ဌာနအနေနဲ့ ကောလင်းဒေသက ရေနစ်မြုပ်လယ်မြေတွေ အချိန်မီပြန်လည်စိုက်ပျိုးဖို့
အတွက် ထွန်စက်အစီး(၃၀)ကိုလွှတ်ပြီးအကူအညီပေးနေပါတယ်၊ အခုကလေးဒေသအတွက် လည်း နေပြည်တော်က
ထွန်စက်အစီး(၂၀)၊ မန္တလေးတိုင်းဒေသကြီးက ထွန်းစက်အစီး(၃၅)စီးနဲ့ စစ်ကိုင်းတိုင်းဒေသ
ကြီးက ထွန်းစက်(၂၅)စီး စုစုပေါင်းအစီး(၈၀)နဲ့ ရေနစ်မြုပ်လို့ ပျက်စီးသွားတဲ့လယ်မြေတွေကို
အချိန်မီစိုက် ပျိုးနိုင်ဖို့ထွန်ယက်ခြင်းတွေကို အကူအညီပေးမှာပါ၊ အဲဒိလိုကူညီတဲ့အခါမှာ
ကျွဲနွားမရှိတဲ့တောင်သူတွေ ကို ဦးစားပေး ထွန်ယက်ပေးမှာပါ၊ လယ်ယာသုံးစက်ကိရိယာ ရေနစ်မြုပ်ထားတဲ့
တောင်သူတွေကိုလည်း သူတို့ရဲ့ စက်ကိရိယာတွေကို ပြန်လည်ပြုပြင်ပေးတဲ့အလုပ်တွေကိုလည်းကူညီပေးသွားမှာပါ၊
အခုလိုကူညီခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်၊ ကျွန်တော်တို့ကဝန်ထမ်းတွေဖြစ်တော့ လုပ်အားအကူအညီပဲပေးနိုင်တယ်
လေ၊ အဲဒိလို ကူညီခွင့်ရတဲ့အတွက် အများကြီးကျေနပ်မိပါတယ်။
ဦးမျိုးထွဋ်ဦး
လက်ထောက်ညွှန်ကြားရေးမှူး
စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန
၂။ မုံရွာမြို့နယ် ရေဘေးအတွက် ရေကြီးချိန်ကလည်း သဲအိတ်တွေခင်းတယ်၊ ရေဝင်တဲ့နေရာတွေက
ကလေးတွေ၊ သက်ကြီးရွယ်အိုအဖိုး၊အဖွားတွေကို ရေဘေးလွတ်ရာကို ရွှေပြောင်းပေးတဲ့နေရာတွေမှာ
ကူညီ ပေးကြရတယ်၊ အခုလည်း မီးသတ်တပ်ဖွဲ့အနေနဲ့က ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင်(၃၅)ဦး အရန်မီးသတ်
တပ်ဖွဲ့ဝင် (၁၀၀)ဦးစုစုပေါင်း (၁၃၅)ဦးနဲ့ နေ့ည (၂)ဆိုင်းခွဲပြီး ကလေးဒေသနဲ့ ချင်းပြည်နယ်
အတွင်းက ရေဘေးသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေး ပစ္စည်းတွေကို အောင်မြသန်း ရေယာဉ်တွေအပေါ်
အရောက် တင်တဲ့နေရာမှာ လုပ်အားဒါန ပြုနေကြတာပါ။ အခု(၃)ရက်ရှိပါပြီ၊တပ်ဖွဲ့ဝင်တွေအားလုံးပင်ပန်းကျပေမဲ့
ရေဘေးသင့်ပြည်သူတွေ အတွက်က အရေးကြီး လိုအပ်နေတဲ့အတွက် အချိန်မီ ပို့ဆောင်နိုင်ဖို့အတွက်
သယ်ပိုးပေး နေကြပါတယ်၊ အခု လိုကူညီခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။
ဦးမျိုးဝင်း
အောင်မြသန်းရေယာဉ်မိသားစု
၃။ မုံရွာမြို့မှာ ရေကြီးမှူဖြစ်တဲ့ အချိန်တုံးကလည်း သဲအိတ်တွေ၊ မော်တော်ယာဉ်တွေအကူအညီပေးခဲ့
ပါတယ်၊ အခုလည်း ကလေးဒေသနဲ့ ချင်းပြည်နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေး
ပစ္စည်းတွေကို ကျွန်တော်ရဲ့ အောင်မြသန်းရေယာဉ်မိသားစုက ရေယာဉ် (၇)စီးနဲ့ အခမဲ့ပို့ဆောင်ပေးမှာပါ
ကျွန်တော်ကိုယ်တိုင်လည်း ဆန်အိတ်(၈၀၀)နဲ့၊ ငါးပိသာဝင်ဆီပုံး (၈၀၀)ကိုပေးပို့လှူဒါန်းပါတယ်၊
အနယ်နယ် အရပ်ရပ်ကအလှူရှင်တွေလှူဒါန်းကြတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ရေဘေးသင့်ဒေသအရောက်ကျွန်တော်
ပိုင်တဲ့ရေယာဉ်တွေနဲ့ အမှန်တကယ် လိုအပ်တဲ့သူတွေဆီကို ပို့ဆောင်ပေးခွင့်ရတဲ့အတွက် အများကြီး
ကျေနပ်ပီတိ ဖြစ်ရပါတယ်၊ တန်(၅၀)ဆံ့ရေယာဉ်(၁)စီး၊ တန်(၁၅၀)ဆံ့ရေယာဉ်(၃)စီး၊ တန်(၃၀၀)ဆံ့
ရေယာဉ် (၁)စီး၊ တန်(၃၅၀)ဆံ့ရေယာဉ်(၁)စီး နဲ့ ဆန်အိတ် (၉၀၀၀)ကျော်၊ ဆီပုံးတွေ၊ ထွန်စက်တွေ၊
မီးစက်ကြီးတွေ၊ ထရန် စဖော်မာတွေ၊ စားသောက်ကုန်မျိုးစုံ၊ ရေသန့်ပုလင်းတွေ၊ ဆေးဝါးမျိုးစုံ၊
အခြားလူသုံးကုန်တွေကို တန်ချိန် (၈၀၀)လောက်ကို ကလေးဝမြို့ကိုအခမဲ့ပို့ဆောင်ပေးမှာပါ၊
ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်တဲ့အချိန် မှာလည်း ထပ်ပြီး အကူအညီတွေပေးသွားမှာပါ၊
နိုင်ငံခြားတိုင်းပြည်တွေကတောင် လာပြီးလှူဒါန်းနေကြသလို နိုင်ငံတစ်ဝှမ်းကလည်း အလှူရှင်တွေက
အခုလိုလှူဒါန်းကြတာ အများကြီးဝမ်းသာပါတယ်၊ ရေဘေးသင့်ပြည်သူ တွေလည်း အမြန်ဆုံး ရေဘေးဒုက္ခတွေ
ကင်းဝေနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
တပ်သား ဝင်းနောင်
အမှတ်(၉၂၉) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း
၎။ ကယ်ဆယ်ရေးပစ္စည်းတွေကို လေယာဉ်ပေါ်တွေကိုသယ်ပေးရတယ်၊ အခုချင်းတွင်းရေကြောင်းကနေ
အချိန်မီ တင်ပို့နိုင်ဖို့အတွက် လုပ်အားလာပေးတာ အခု(၃)ရက်ရှိပါပြီ၊ ပြည်သူတွေ ရေဘေးဒုက္ခရောက်ကျရတဲ့
အချိန်မှာ ငွေကြေး၊ ပစ္စည်းတွေမလှူဒါန်းနိုင်တဲ့အတွက် လုပ်အားဒါန ပေးခွင့်ရတဲ့အတွက် အများကြီးဝမ်းသာ
ပီတိ ဖြစ်ရပါတယ်၊ အများပြည်သူတွေ လှူဒါန်းတဲ့ ပစ္စည်းတွေကိုမြင်ရတော့ေ ရဘေးသင့်ပြည်သူတွေ
အတွက် ကျေနပ်ပီတိ ဖြစ်ရပါတယ်၊ တစ်ဒေါင့်တစ်နေရာက ပါဝင်ခွင့်ရတဲ့အတွက် ပျော်ပါတယ်။
တပ်သား ကျော်စွာဝင်း
အမှတ်(၉၂၉)ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း
၅။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဒေသနဲ့
ချင်းပြည်နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေး ပစ္စည်းတွေ ရေယာဉ်တွေ အပေါ်ကို
သယ်ယူတဲ့နေရာမှာ လုပ်အားဒါန လာပေးတာ (၃)ရက်ရှိပါပြီ။ ပင်ပန်းပေမဲ့လည်း ရေဘေးသင့်ပြည်သူတွေ
အတွက် ကိုယ်ကိုယ်တိုင် ငွေကြေး၊ ပစ္စည်းတွေ မလှူဒါန်းနိုင်တော့ တပ်မတော်သား တစ်ယောက်အနေနဲ့
လုပ်အားဒါနကို လှူတန်းခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ ရေဘေးသင့် ဒေသတွေက ပြည်သူတွေ ကျန်းမာစွာနဲ့
ထူထောင်ရေး လုပ်ငန်းတွေ ပြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
ရဲတပ်သားနန်းထိုက်
မြို့မရဲစခန်း၊ မုံရွာမြို့နယ်
၆။ မြစ်ရေကြီးချိန်မှာ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ခဲ့ပါတယ်၊ အခုရေကျချိန်မှာလည်း
ရေဘေးသင့် ဒေသတွေကို ပို့မဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထမ်းကူပေးတာပါ၊ ကျွန်တော်တို့က ဝန်ထမ်းတွေ
ဖြစ်တဲ့အတွက် သူများတွေလို ငွေကြေး၊ ပစ္စည်းတွေ မကူညီနိုင်တော့ လုပ်အားဒါနပဲ ပေးနိုင်တာ၊
အခုလို လုပ်အားနဲ့ ရေဘေးသင့် ပြည်သူတွေကို ကူညီခွင့်ရတဲ့အတွက် အများကြီး ကျေနပ်ပီတိ
ဖြစ်ရပါတယ်၊ ပင်ပန်းပေမဲ့ တစ်အားပျော်ပါတယ်။
တပ်သား မျိုးညွန့်အောင်
ပုလဲမြို့နယ်မီးသတ်စခန်း
၇။ ကျွန်တော်က ပုလဲမြို့နယ် မီးသတ်စခန်းရဲ့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကပါ၊ ဒီမှာလုပ်အားလာပေးတာ
(၃)ရက် ရှိပါပြီ၊ ဒီကိုလည်းရောက်ရော အနယ်နယ်အရပ်ရပ်က လှူတဲ့ကယ်ဆယ်ရေးပစ္စည်းတွေ အများကြီးပဲ
တွေ့ရတော့ အရမ်းအံ့ဩမိတယ်၊ ကိုယ်တိုင်မလှူနိုင်ပေမဲ့ လုပ်အားနဲ့လှူဒါန်းခွင့်ရတဲ့အတွက်
အများကြီးပဲ ဝမ်းသာ မိပါတယ်၊ သဘာဝဘေးကြီးလည်း အမြန်ကင်းဝေးပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလည်း
အမြန်ဆုံး လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းနေပါတယ်။
ကိုဖိုးတာ
ရန်ကင်းလူငယ်လူမှုကူညီရေးအသင်း၊ မုံရွာမြို့
၈။ လုပ်အားလာပေးတာတော့ ပထမဆုံးနေ့ပါ၊ အင်အား(၉)ဦးနဲ့ လုပ်တာပါ၊ ကျွန်တော်တို့
လူမှုကူညီရေး အသင်းနေနဲ့ ပစ္စည်းတွေလည်း လှူဒါန်းတယ်၊ လုပ်အားလည်း လာပေးတာပါ၊ ကျွန်တော်တို့
လူမှုကူညီရေး အသင်းတွေ အနေနဲ့က ဒုက္ခခံစားနေရတဲ့ မည်သူမဆို ကူညီနေတာဆိုတော့ အခုလည်း ရေဘေးခံစားနေရတဲ့
ကလေးဒေသနဲ့ ချင်းပြည်နယ် ပြည်သူတွေကို ကယ်ဆယ်ရေးပစ္စည်း တွေအပြင် လုပ်အားပါ ပေးခွင့်ရတဲ့အတွက်
ဝမ်းသာပါတယ်၊ ဆက်ပြီးလည်း လုပ်အားဒါန ပေးသွားမှာပါ၊ ပင်ပန်းပေမဲ့လည်း ပျော်ပါတယ်။
ဦးသန့်ဇင်
ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ
၉။ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီအနေနဲ့ ကလေးဒေသနဲ့ ချင်းပြည်နယ်အတွင်းက
ရေဘေးသင့် ပြည်သူတွေ အတွက် ဆန်(၅၀၀)အိတ်နဲ့ အပါချီဘိလပ်မြေ (၁၀၀၀)အိတ် လာရောက်လှူဒါန်းတာပါ၊
ကုမ္ပဏီက မော်တော်ယာဉ်တွေနဲ့ ဝန်ထမ်းတွေနဲ့ လာပြီးလှူဒါန်းကြတာပါ၊ အခုလို ကိုယ်ထိလက်ရောက်လာပြီး
လှူဒါန်းခွင့် ရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်၊ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ ရေဘေးကယ်ဆယ်ရေး
လုပ်ငန်းတွေကို အခုလ(၃)ရက်နေ့က စပြီး လုပ်ဆောင်ခဲ့တာပါ။
ဦးအောင်ထိုက်
ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ
၁၀။ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီအနေနဲ့ မုံရွာခရိုင်အရာတော်မြို့နယ်က ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ အဖြစ် ဇူလိုင်လ (၂၈)ရက်ကတည်းက
စပြီး ထမင်းထုပ်ဝေတယ်၊ ဆန်၊ ဆီတွေ လိုက်ပြီး လှူနေပါတယ်၊ အခုလည်းကလေးဒေသနဲ့ချင်းပြည်နယ်အတွင်းက
ရေဘေးသင့်ပြည်သူတွေအတွက် လာပြီး လှူကြတာပါ၊ အဲဒိလိုလှူဒါန်းခွင့် ရတဲ့အတွက် ကုမ္ပဏီအနေနဲ့
အများကြီးဝမ်းသာပီတိဖြစ်ပါတယ်။
ဖိုးချမ်း-မုံရွာ










No comments:
Post a Comment