Monday, August 10, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်မြို့မှ ရေဘေးသင့် ပြည်သူများအား သွားရောက် တွေ့ဆုံအားပေး





နေပြည်တော် သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ၀န်ကြီးများ၊ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ ရွှေပလ္လင်မှော် စေတီတော် ဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ရေဘေး ကယ်ဆယ်ရေး စခန်းသို့ သွားရောက်ပြီး ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ အားပေးသည်။


ထို့နောက် နိုင်ငံတော်သမ္မတက ရေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီနှင့် ထောက်ပံ့ ပစ္စည်းများကို ပေးအပ်သည်။

အဆိုပါ ကယ်ဆယ်ရေး စခန်းတွင် ရေဘေးသင့် ပြည်သူ (၆၀၀)ဦးကျော် ရှိပြီး လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက် ရှိသည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် ရွှေကူရပ်ကွက်ရှိ ရွှေကူ(၁) အခြေခံပညာ မူလတန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ရေဘေး ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိပြီး ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ထောက်ပံ့ ပစ္စည်းများကို ပေးအပ်သည်။

ရွှေကူ(၁) ရေဘေး ကယ်ဆယ်ရေး စခန်းတွင် ရေဘေးသင့်ပြည်သူ (၂၉၀)ကျော်ရှိပြီး ပြည်မြို့နယ် အတွင်း ရေဘေး ကယ်ဆယ်ရေးစခန်း (၁၈)ခု ဖွင့်လှစ်၍ ရေဘေးသင့် ပြည်သူများအား စောင့်ရှောက်ပေးလျက် ရှိသည်။

ဆက်လက်၍ အောင်ဆန်း ပြည်သာယာ ကိုးသောင်း တိုးချဲ့ရပ်ကွက်ရှိ န၀င်းတာဘောင်သို့ ရောက်ရှိပြီး ရပ်ကွက်များ အတွင်းသို့ ရေ၀င်ရောက်မှုမရှိစေရန် သဲအိတ်များဖြင့် န၀င်းတာဘောင် မြှင့်တင်ထားရှိမှုကို ကြည့်ရှုသည်။

ထိုသို့ ကြည့်ရှုစဉ် နိုင်ငံတော် သမ္မတအား ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူများက န၀င်း တာဘောင်ဆိုင်ရာ အချက်အလက်များ၊ တာဘောင် ပြန်လည် ပြုပြင်ထားရှိမှု၊ အနိမ့်ပိုင်း နေရာများတွင် သဲအိတ်များဖြင့် တာဘောင် မြှင့်တင် ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ထူးကဲမြစ်ရေ တက်ခဲ့မှု အခြေအနေ၊ ဇူလိုင် (၃၁)ရက်က စိုးရိမ်ရေမှတ် ရောက်ရှိခဲ့မှုအပေါ် ဒေသခံပြည်သူများ၊ တပ်မတော်သားများနှင့် ဆည်မြောင်း ဦးစီးဌာနမှ ၀န်ထမ်းများ ပူးပေါင်းပြီး သဲအိတ်များဖြင့် တာဘောင် မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်း တင်ပြချက်များ အပေါ် နိုင်ငံတော်သမ္မတက လက်ရှိ န၀င်းတာကို ထူးကဲမြစ်ရေကြီးမှုမှ ကာကွယ်နိုင်ရန် အတွက် အမြင့်ပေကို တိုးမြှင့် တည်ဆောက် ပေးရမည် ဖြစ်ကြောင်း၊ န၀င်းချောင်းအနီးရှိ လော့သော့ချောင်းမှ တစ်ဆင့် ရေလျှံမှု မဖြစ်ပွားစေရန် ရေဘေး ကာကွယ်ရေးတာများ အသစ် ဆောက်လုပ် သွားရမည် ဖြစ်ကြောင်း၊ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို စီမံချက်ရေးဆွဲပြီး တင်ပြကြရန် ဖြစ်ကြောင်း မှာကြားသည်။




ယနေ့နံနက်(၆)နာရီတွင် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီမြတ်ကြီးအား သွားရောက် ဖူးမြော် ကြည်ညိုပြီး ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီး ကပ်လှူ ပူဇော်သည်။

ထို့နောက် နိုင်ငံတော် သမ္မတက စေတီတော် အတွက် အလှူငွေများ ပေးအပ် လှူဒါန်းပြီး ဧည့်သည့်တော် မှတ်တမ်း စာအုပ်၌ လက်မှတ် ရေးထိုးသည်။


နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် နံနက်(၁၁)နာရီ မိနစ် (၂၀)တွင် ပြည်မြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

No comments:

Post a Comment