Sunday, August 9, 2015

မကြာမီ အချိန်ကာလအတွင်း ခုတင် ၂၀၀၀ ဆံ့ ဆေးရုံကြီး ဖြစ်လာပါက ပြီးပြည့်စုံသည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည်





တွေ့ဆုံမေးမြန်း-သီရိ၊ ဓာတ်ပုံ-ဇေယျာဝင်း
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကို နှင့် တွေ့ဆုံမေးမြန်းခြင်း
ယခင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရပ်ဝေးရပ်နီးမှ အရေးပေါ်လူနာများ တက်ရောက်ကုသရာတွင် အစစ အရာရာ အဆင်မပြေမှုများ ကြုံတွေ့ခဲ့ကြရသည်။ ထို့ပြင် ဆေးကုသရာ၌ လိုအပ်သည့် အရက်ပြန်၊ ဂွမ်း၊ ပတ်တီးနှင့် ဆေးထိုးအပ်မှ အစ လူနာရှင်က ကျခံ၍ ဝယ်ယူ သုံးစွဲခဲ့ရသည်။


သို့သော် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ယခုအခါ အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ပြီး ကျန်းမာရေး ဘတ်ဂျက် မှာလည်း ပိုမိုသုံးစွဲခွင့် ရရှိလာခြင်းကြောင့် စရိတ်မျှပေး ကျန်းမာရေး ဝန်ဆောင်မှုများကို ဖော်ဆောင် လာနိုင်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကို နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ရေးသား တင်ပြလိုက်ရပါသည်-
မေး ။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို တက်ရောက် ကုသသူတွေအနေနဲ့ အရင်က အရက်ပြန်ကအစ ပတ်တီး အဆုံး ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကျခံခဲ့ရပါတယ်။ အခုနောက်ပိုင်း ကျန်းမာရေး ဘတ်ဂျက် တိုးလာပြီးတဲ့နောက် ဘယ်လို ပုံစံမျိုးနဲ့ သွားနေပါသလဲ။
ဖြေ ။ အရေးပေါ် ဌာနမှာရောက်တဲ့ လူနာကတော့ ခုဆိုရင် ဘာမှမဝယ်ရဘူး။ ကျွန်တော်တို့ လိုအပ်တဲ့ ဆေးဝါး တွေ၊ သူနဲ့ဆိုင်တဲ့ အထောက်အကူပြု စမ်းသပ်တာတွေပေါ့။ ဥပမာ- ဓာတ်မှန်ရိုက်စရာရှိရင် ဓာတ်မှန် ရိုက်မယ်။ အာထရာဆောင်း ရိုက်စရာရှိရင် ရိုက်မယ်၊ စီတီရိုက်ဖို့လိုတယ်ဆိုရင် ရိုက်မယ်၊MRI ရိုက်ဖို့ လိုတယ်ဆိုရင် ရိုက်မယ်။ အဲဒီဟာတွေအကုန်လုံး အခမဲ့ ဖြစ်ပါတယ်။ FOC ပါပဲ။ အရေးပေါ်အတွက် ရောက်လာတဲ့ လူနာမှန် သမျှ ဓာတ်ခွဲ စမ်းသပ်မှုကFOC ပါပဲ။
မေး ။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအနေနဲ့ ယခင်နဲ့ ယခုကွာခြားမှု အပိုင်းလေး တွေကိုရှင်းပြပေးပါ။
ဖြေ ။ အခုဆိုရင် ဆေးတော်တော်များများကိုလည်း နိုင်ငံတော်ရဲ့ အထောက်အပံ့နဲ့ ပေးနိုင်တယ်။ နောက် ဝန်ထမ်းပိုင်းတွေ အနေနဲ့ စိတ်ဓာတ် Mind Set ကိုလည်း ပြုပြင်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။
မေး ။ ဆေးရုံကြီးအနေနဲ့ ရောဂါရှာဖွေရေး စက်တွေနဲ့ ပတ်သက်ပြီး ပြီးပြည့်စုံမှု ရှိပါသလား။ ဘယ်လိုစက်တွေ လိုအပ်ချက်ရှိပါသလဲ။
ဖြေ ။ စက်ကိရိယာတွေ အနေနဲ့ကတော့ တော်တော်လေး ပြည့်ပြည့်စုံစုံရှိ တယ်လို့ ပြောရမှာဖြစ်ပါတယ်။ CT (ကွန်ပျူတာဓာတ်မှန်) မှာဆိုရင် သူ့အမျိုးအစားအလိုက် အများကြီး ရှိပါတယ်။ နောက် MRI (Magnetic Resonance Imaging) ဆိုရင် စက်နှစ်လုံးရှိတယ်။ X-Ray ဓာတ်မှန်ရိုက်တဲ့ ဟာဆိုရင် ဒီမှာ အခုခေတ်ပေါ် Digital X – Ray တွေပဲ ဖြစ်နေပါပြီ။
မေး ။ ဒီစက်တွေက ဘယ်တုန်းက ရောက်ရှိပါသလဲ။ စတင်အသုံးပြုတဲ့ နှစ်ကို ပြောပြပေးပါ။
ဖြေ ။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်ကနေစပြီးတော့ စက်အသစ်တွေ စဝင်လာတယ်။ ကင်ဆာလူနာတွေကို ဓာတ်ကင်တဲ့Linear Accelerator စက်ဆိုရင် ၂ဝ၁၃-၂ဝ၁၄ မှာတစ်လုံး၊ ၂ဝ၁၄-၂ဝ၁၅ မှာ တစ်လုံးတပ်ဆင် ပြီးသွားပြီ။ နောက်တစ်ခုက CT (ကွန်ပျူတာဓာတ်မှန်) ပေါ့၊ ၂ဝ၁၃-၂ဝ၁၄၊ ၂ဝ၁၄-၂ဝ၁၅ မှာ တိုးချဲ့ ဝယ်ထား တာ ရှိပါတယ်။ နောက်ပြီး မြန်မာပြည်မှာ ပထမဦးဆုံးလုပ်နေတဲ့ ဟာပေါ့။ Cyclotron ဆိုတာRadioisotope ထုတ်ပြီးတော့မှ ရောဂါရှာဖွေတာပေါ့။ Cyclotron ထုတ်တဲ့စက်ကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှာ ဝယ်ခဲ့ တာပါ။ PET။ CT (အဏုမြူ ရောင်ခြည်သုံး ရောဂါ ရှာဖွေရေးစက်) တွေလည်း ဝယ်ယူခဲ့ပါတယ်။
မေး ။ ဆေးရုံကြီးအနေနဲ့ ခုတင် (၁၅ဝဝ)ဆံ့ဆိုပေမယ့် လူနာနဲ့ခုတင် မျှတမှု ရှိပါသလား။
ဖြေ ။ အမြဲတမ်းလူနာ ၁၆ဝဝ လောက်ရှိပါတယ်။ သတ်မှတ်တဲ့ ခုတင်အရေ အတွက်နဲ့ဆိုရင် မလောက် ငဘူးပေါ့။ ခုတင်နဲ့ လူနာမဆံ့တဲ့ အခါကျတော့ အလယ်မှာ ထိုးရတာတို့၊ ဘေးအစွန် ဝရန်တာမှာ ထားရတာတို့ ဖြစ်လာတာပေါ့။ ဒါပေမယ့် ယခုအချိန်မှာ ဒီဆေးရုံကြီးကို ခုတင် ၂ဝဝဝ အဖြစ် တိုးမြှင့်ဖို့ ကျန်းမာရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ အခု အစိုးရအဖွဲ့ကို တင်ထားတာ နောက်ဆုံး အဆင့် ဖြစ်နေပါပြီ။ မကြာခင်မှာ ပြန်ကျလာမယ်လို့ သိရပါတယ်။ မကြာခင် အချိန်ကာလအတွင်းမှာ ဆေးရုံကြီးက ခုတင် ၂ဝဝဝ ဆံ့ ဖြစ်မှာပါ။ အဲဒီမှာ လိုအပ်တဲ့ ဝန်ထမ်းတွေ အပြည့်အစုံ ပါလာမယ်။ နောက် သူနာပြု အရေ အတွက်တွေလည်း ပြည့်စုံအောင် ပါလာမှာ ဖြစ်တဲ့အတွက် ဒီထက်ပိုပြီးတော့ ပြီးပြည့်စုံတဲ့ ကျန်းမာရေး စောင့် ရှောက်မှုတွေ ပေးနိုင်မှာဖြစ်ပါတယ်။
မေး ။ လက်ရှိဆေးရုံကြီးမှာ ဆရာဝန်အင်အား ဘယ်လောက်ရှိပါသလဲ။ လူနာနဲ့ ဆရာဝန်အချိုး မျှတပါရဲ့လား။
ဖြေ ။ လက်ရှိခုတင် ၁၅ဝဝ ဆံ့ ဆေးရုံအနေနဲ့ဆိုရင် အထူးကု ဆရာဝန်ရော လက်ထောက် ဆရာဝန်တွေ အပါအဝင် ခွင့်ပြုအင်အားက ၂၇၈ ယောက်ရှိရာမှာ အခုခန့်အပ်ထားတာက ၂၁၆ ယောက် ရှိပါတယ်။ နောက် သူနာပြုဆိုရင် ခွင့်ပြုတာက ၄၁၈ ယောက်ရှိပြီးတော့ ကျွန်တော်တို့ခန့်ထား တာက ၄ဝ၂ ယောက်ပဲရှိပါတယ်။ ခုနက လူနာခုတင်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီမှာ လူနာ ၁၅ဝဝ ဆံ့ ဆေးရုံဆိုပေမယ့် ခုတင်ပေါင်း ၁၅၆၃ ခုတင်သုံးစွဲနိုင်ပါတယ်။ ဆရာဝန်နဲ့ လူနာအချိုးဆိုရင် ဆရာဝန်တစ်ယောက်က လူနာခြောက်ယောက် လောက် တာဝန်ယူရတယ်။ သူနာပြုတစ်ယောက်ဆိုရင် လူနာလေးယောက်ပေါ့။ ဆရာဝန်နဲ့သူနာပြုအချိုးက ၁း၂ ရှိတာတွေ့ရတယ်။ ကျွန်တော်တို့ ကုသရေးဦးစီးဌာနကလည်း ဒီဆေးရုံကြီးက အဆောင်များတယ်။ သူနာပြုဆရာမတွေ ပိုလိုတယ်။ ဒါကြောင့် အနောက်ပိုင်းဆေးရုံကြီးအင်အား၊ အရှေ့ပိုင်းဆေးရုံကြီးအင်အား၊ သန်လျင်ဆေးရုံကြီးအင်အားနဲ့ ဒီမှာတွဲဖက်ပြီးတော့ ချထားပေးတာ ဆရာမ ၂ဝ/၂၅ ယောက်လောက်ရှိပါတယ်။ အဲဒီတော့ ဆရာမ မပြည့်စုံမှုကိုလည်း ဒီလိုနည်းနဲ့ ဖြေရှင်းပေးနေပါတယ်။
မေး ။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအတွက် ဆေးဝါး လိုအပ်ချက်နှင့် ပတ်သက်ပြီး ဘယ်ကုမ္ပဏီတွေက ရရှိပါ သလဲ။ တင်ဒါခေါ်တာလား။ ဒီအပိုင်းလေးကို ရှင်းပြပေးပါ။
ဖြေ ။ အဓိကအားဖြင့် မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာန(FDA) အသိအမှတ်ပြုပြီးတော့ မှတ်ပုံတင်နံပါတ်ရတဲ့ဆေးတွေကိုပဲ အဓိကထားပြီး ဝယ်တာ ဖြစ်ပါတယ်။ ဝယ်တော့လည်း အိတ်ဖွင့်တင်ဒါစနစ် နဲ့ ဝယ်ရပါတယ်။ ဒီဆေးရဲ့ အာနိသင်ကတော့ သက်ဆိုင်ရာ အထူးကုဆရာ ဝန်ကြီးများရဲ့ သုံးလာတဲ့ အတွေ့ အကြုံပေါ်မှာ မူတည်ပြီးတော့ သူတို့ရဲ့ ထောက်ခံချက် လိုပါတယ်။ သူတို့ထောက်ခံတဲ့ ဆေးဝါးလည်းဖြစ်ရမယ်။ ဈေးနှုန်းလည်း သင့်တင့်မျှတရမယ်။ နောက်ကုမ္ပဏီကလည်း ခိုင်မာရမယ်။ မခိုင်မာတဲ့ ကုမ္ပဏီကျတော့လည်း အချိန်မီ မပေးသွင်းနိုင်တာတို့၊ ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ရပ်ဆိုင်းသွားမှာ ဖြစ်တဲ့အတွက် ကုမ္ပဏီရဲ့ ခိုင်မာမှုကို ထည့်သွင်းပြီးတော့ ရွေးချယ်တာ ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို နိုင်ငံတော် အစိုးရကနေ ဆေးဝယ် ဖို့ ဆိုပြီး ဘတ်ဂျက်ချထားပေးတာ ရှိပါတယ်။ အဲဒီ ဘတ်ဂျက်ပေါ်မှာ မူတည်ပြီး ဆေးဝယ်ရတာ ဖြစ်ပါတယ်။ ဘတ်ဂျက်က ခြောက်လ တစ်ခါ ချတာမျိုးလည်းရှိတော့ ဆေးဝယ်ယူဖို့က တစ်နှစ်ကိုတစ်ခါ သို့မဟုတ် နှစ်ခါ တော့ ဝယ်ရတယ်။ ကျွန်တော်တို့ တစ်နှစ်တစ်နှစ်ကို ချုပ်ဆိုရတာ ဆေး ကုမ္ပဏီ ၇ဝ/၈ဝ လောက် ရှိပါတယ်။
မေး ။ တင်ဒါအောင်တဲ့ ဆေးကုမ္ပဏီတွေ အနေနဲ့ သက်တမ်းလွန်ဆေးမျိုးတွေ မဖြစ်အောင် ဘယ်လို ကတိကဝတ်တွေနဲ့ စာချုပ်ချုပ်ဆိုရပါသလဲ။
ဖြေ ။ ကျွန်တော်တို့ သာမန်အားဖြင့်တော့ သက်တမ်းနှစ်နှစ်၊ သက်တမ်း လွန်ဖို့ နှစ်နှစ်ကျန်သေးတယ်ဆိုတဲ့ ဆေးကိုပဲ အဓိကဝယ်ပါတယ်။ တချို့ဆေးတွေက သူ့သက်တမ်းကိုက နှစ်နှစ်ပဲပေးထားတဲ့ ဆေးတွေလည်းရှိ တယ်။ ဒါမျိုးကျတော့ လျှော့ပြီးတော့ တစ်နှစ်ခွဲနဲ့ ဝယ်ရတဲ့အခါမျိုးတွေလည်း ရှိတယ်။ တချို့ဆေးတွေကျတော့ ဒီမှာတင်ဒါအောင်မှ နိုင်ငံခြားကို မှာရတဲ့ အခါမျိုးလည်းရှိတယ်။ ကျွန်တော်တို့ ကုန်နိုင်တဲ့အပေါ်မှာ မူတည် ပြီးတော့ သက်တမ်းလွန် မလွန် ချင့်ချိန်ရတာရှိပါတယ်။ အမှန်တော့ သက်တမ်းလွန် မယ်ဆိုရင် ဆေးရုံတွေက နေပြီးတော့ အချင်းချင်းညှိနှိုင်းပြီး အသုံးများတဲ့ ဆေးရုံကို ပို့ပေးရတာရှိပါတယ်။
ဒီဆေးရုံကြီးမှာ အပတ်စဉ် ညှိနှိုင်းအစည်းအဝေးလုပ်တယ်။ အဲဒီမှာ သူတို့ ဆေးရုံကနေပြီးတော့ ဘယ်ဆေးကဖြင့် သက်တမ်းက ဒီလောက်ရှိပါတယ်။ သူတို့မှာ အရေအတွက်များနေတဲ့အတွက် သူတို့ ဆေးရုံအနေနဲ့သုံးလို့ မကုန်တော့ပါဘူး။ အဲဒီတော့ ဘယ်ဆေးရုံတွေ အလိုရှိပါသလဲ။ ကျွန်တော်တို့ ရန်ကုန်ဗဟိုအဆင့် ဆေးရုံကြီးတွေကတော့ နှစ်ပတ်တစ်ခါ အစည်းအဝေးလုပ် တဲ့အတွက် ဒီအချက်က ပြေလည်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကျ တော့လည်း ကုသရေးဦးစီးဌာနမှူး အချင်းချင်း ချိတ်ဆက်ပြီးတော့ သူတို့ဆီ မှာ ဘာဆေးတွေကတော့ဖြင့် ပိုလျှံနေတယ်။ အဲဒါကို အသုံးပြုပေးနိုင်မလား။ ရန်ကုန်ဆေးရုံကြီးလိုမျိုးကတော့ ပြန်ပေးရတာနည်းတယ်။ ကျွန်တော်တို့က ယူသုံးပေးရတာ များပါတယ်။
မေး ။ လူနာတွေကို စရိတ်မျှပေးဆိုပေမယ့် လုံးဝမတတ်နိုင်တဲ့သူတွေကို ဘယ်လိုစီစဉ် ထားရှိပါသလဲ။
ဖြေ ။ လုံးဝဘာမှမဝယ်ရဘဲ လုံးဝအခမဲ့ဆိုတာ ကမ္ဘာမှာ မရှိသေးပါဘူး။ သင့်တင့် လျောက်ပတ်တဲ့ မရှိမဖြစ် ဆေးဝါးကိုတော့ အဓိကထားပေး တယ်၊ တကယ်လို့ လိုအပ်တဲ့ဆေးဝါးကို အဲဒီလူနာကသုံးဖို့ လိုလာတယ် ဆိုရင် တော့ သူကဝယ်ကို ဝယ်ရမှာဖြစ်ပါတယ်။ လုံးဝမတတ်နိုင်တဲ့ သူကတော့ ဆေးပဒေသာပင် ရန်ပုံငွေဆိုတာရှိပါတယ်။ အဲဒီကနေစိုက်ထုတ်ပြီးတော့ ဝယ်ပေးတာမျိုးလည်း ရှိပါတယ်။
မေး ။ အရင်က ဒီဆေးရုံကြီးအနေနဲ့ ထမင်းကျွေးမွေးတဲ့ အစီအစဉ်တွေ ရှိတယ်။ အခုရော အဲဒီအစီအစဉ် ပြန်လုပ်ဖို့ ရှိပါသလား။
ဖြေ ။ ဆေးရုံမှာစမ်းသပ်ပြီးတော့ လုပ်ဖို့ရှိပါတယ်။ တကယ်မတတ်နိုင်တဲ့ လူနာတွေ၊ တကယ်အစားအသောက် ကျွေးဖို့လိုတဲ့လူနာတွေအတွက် စီစဉ်ဆောင်ရွက်ထားတာရှိပါတယ်။ အဲဒါကျွန်တော်တို့ တင်ဒါပေးမှာပါ။ အကြမ်းအားဖြင့်တော့ တစ်နေ့ကို သုံးကြိမ်ကျွေးမှာပေါ့။ လူနာ ၂ဝဝ ကို စမ်းသပ်ကျွေးဖို့ အစီအစဉ်ရှိပါတယ်။ အောင်မြင်ရင် ဒီထက်ပိုပြီးတော့ တိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိလည်း ကျွေးနေတာရှိပါတယ်။ ဒါပေမယ့် နည်းတယ်၊ လုံးဝကိုမတတ်နိုင်ဘူး၊ အဆောင်ထဲကနေ အကြောင်း ကြားရင် စားဖိုဆောင်ကနေ ချက်ပြုတ်ကျွေးတယ်။ ဒါလည်းအစိုးရဘတ်ဂျက် ထဲက ကျွေးတာပေါ့။ လက်ရှိကတော့ တစ်လကို လူနာ ၃ဝ နဲ့ ၄ဝ ကြား ကျွေးနေပါတယ်။ အောက်တိုဘာဆိုရင်တော့ လူနာ ၂ဝဝ ကျွေးနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။
မေး ။ တချို့ ဆေးရုံကြီးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိပါတယ်။ ဂိတ်ပေါက်ဝ တွေမှာ ပိုက်ဆံတောင်းတာတို့၊ အလှူငွေတောင်းခံတာတို့၊ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကြပ်မတ် လုပ်ဆောင်နေပါသလဲ။
ဖြေ ။ ခုနပြောခဲ့တဲ့အတိုင်းပဲ။ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ရေးရာကို ပြောင်းလဲရမယ်ဆိုတာ အဲဒီအချက်လည်း ပါတယ်။ ဘာမဆို ရမှ လုပ်ချင်တာမျိုးမဟုတ်ဘဲနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ဖြစ်အောင် စိတ်ဓာတ် ရေးရာ ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ တစ်ခါတလေ မလွှဲမရှောင်သာလို့ အရေးယူလိုက်ရတဲ့ဟာမျိုးတွေလည်း သာဓကရှိပါတယ်။ သူတို့အနေနဲ့ နောက်မလုပ်ရဲအောင်ပေါ့။ ခုတော့ တတ်နိုင်သမျှ စိတ်ဓာတ်ရေးရာလည်း မြှင့်တင်ပေးတယ်။ သူတို့ရဲ့ တခြားသက်သာချောင်ချိရေးတွေကိုလည်း ကြည့်ရှု ဆောင်ရွက်ပေးတယ်။ ဒီနှစ်ထဲမှာဆိုရင် သုံးလေးယောက်လောက် အရေးယူ လိုက်ရတာရှိတယ်။ အလုပ်ထုတ်ပယ်တဲ့အထိ အရေးယူခဲ့ပါတယ်။
မေး ။ အခုဆိုရင် ပုဂ္ဂလိက ဆေးရုံကြီးတွေလည်း အပြိုင်အဆိုင် ပေါ်လာပြီဆိုတော့ ဆေးရုံကြီးအနေနဲ့ ဘယ်လို အဆင့်မြှင့်တင်မှုတွေ လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ခုနပြောတဲ့ စက်ကိရိယာတွေ ဖြည့်ဆည်းတယ်။ ဒီစက်တွေကို ကိုင်တွယ်တတ်အောင်လို့ ပြည်တွင်း ပြည်ပ အလွှာအသီးသီးကို နိုင်ငံခြား ကို ပညာတော်သင် စေလွှတ်ထားတာတွေရှိတယ်။ နောက်တစ်ခုက ရန်ကုန် ဆေးရုံကြီးကို အားလုံးကဝိုင်းပြီးတော့ လာကြတဲ့အတွက် ဒီမှာပဲတအား စုပြုံ နေတာပေါ့။ အဲဒီတော့ ရန်ကုန်ဆေးရုံကြီးရဲ့ ပြင်ပတွေမှာ ဆေးရုံတွေကို တိုးချဲ့ပြီးတော့ အဆင့်မြှင့်ဖို့ စီစဉ်ဆောင်ရွက်နေတယ်။ ဥပမာ-သန်လျင်ဆိုရင် အရင်တုန်းက ခုတင် ၁၅ဝ ပေါ့။ အခု ခုတင် ၂ဝဝ အဆင့်မြှင့်လိုက်ပြီးတော့ သူ့အတွက်လိုအပ်တဲ့ ဝန်ထမ်းတွေကို ခန့်ပေးလိုက်ခြင်းအားဖြင့် သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းဘက်က လူနာတွေက ရန်ကုန်ကို လာတာနည်း သွားတာပေါ့။
အခုဆိုရင် ကျွန်တော်တို့ အင်းစိန်ကိုလည်း အဆင့်မြှင့်မယ်။ နောက်သင်္ဃန်းကျွန်း အဆင့်မြှင့်မယ်။ နောက်လှိုင်သာယာကျတော့ ဧရာဝတီ တိုင်းဒေသကြီးဘက်က လာတဲ့သူတွေအကုန်လုံးကို ထိန်းထားနိုင်ဖို့ ကျွန်တော် တို့ ထန်းတပင် ဒါမှမဟုတ် လှိုင်သာယာလမ်းပေါ်မှာ ဆေးရုံကြီးတစ်ရုံ အဆင့်မြှင့်တင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စီစဉ်ဆောင်ရွက် လျက်ရှိတယ်။ နောက်မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးဘက်ကလာတဲ့ သူတွေ အတွက်လည်း ထောက်ကြန့်ဘက်မှာ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ ဆေးရုံကြီး တစ်ရုံဆောက်ဖို့ စီစဉ်ဆောင်ရွက်နေတယ်။
အလားတူပဲ မင်းရဲကျော်စွာကားဝင်းကိုလည်း ဂျပန်နိုင်ငံရဲ့ အကူအညီ နဲ့ ခုတင် ၃၅ဝ ဆံ့ ဆေးရုံတစ်ရုံ ဆောက်မယ်။ အဲဒီလိုအစွန်အဖျားမှာ ဆေးရုံ ကြီးတွေ တိုးလာတာနဲ့အမျှ ဒီရန်ကုန် ပြည်သူ့ဆေးရုံကြီးရဲ့ ဝန်ထုပ်ဝန်ပိုး လျော့ ကျလာမယ်။ အဝေးမှာရှိတဲ့ ဆေးရုံတွေကို အဆင့်မြှင့်တင်ခြင်းအားဖြင့် ဆေးရုံကြီးရဲ့ ဝန်ထုပ်ဝန်ပိုး လျော့ကျသွားအောင် စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါတွေကို လက်ရှိအစိုးရလက်ထက်မှာပဲ စီစဉ် ဆောင်ရွက်မှာပါ။ ထောက်ကြန့် မှာ ဆောက်မယ့်ဟာဆိုရင် မြေက ပညာရေးဝန်ကြီးဌာနပိုင် ဖြစ်နေလို့ ပညာ ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ စီစဉ်ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ တက္ကသိုလ်ဆေးရုံဆိုလည်း အဆင့်မြှင့်ထား တာပဲ။ သူကလည်း ပညာရေးဝန်ကြီး ဌာနပိုင်မြေဖြစ်နေတယ်။ ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေဖြစ်အောင် ညှိနှိုင်း ပြီးတော့ လုပ်ဆောင်နေပါတယ်။ နောက်ပြီး ရန်ကုန်ဆေးရုံကြီး နောင်အနာဂတ် မှာဖြစ်လာမယ့် စီမံချက်တွေပေါ့။
စီမံချက်ဆိုပေမယ့် အခုကတည်းကစပြီး အကောင်အထည်ဖော်နေ ပါပြီ။ ဒီနှစ် ကုသရေးဦးစီးဌာနက တင်ဒါခေါ်တဲ့ထဲမှာ ပါပါတယ်။ ကျွန်တော် တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းထဲမှာ လူနာဆောင် ၁၂ ထပ်ဆောင်အသစ် တစ်ခု ဆောက်လုပ်မှာဖြစ်ပါတယ်။ နောက်ဝန်ထမ်းတွေ သက်သာချောင်ချိ ရေးပါ။ ဆရာဝန်တွေအတွက်လည်း အရာရှိအိမ်ရာတစ်လုံး ဆေးရုံကြီးနဲ့ မျက်နှာချင်းဆိုင်ဘက်ခြမ်းမှာ ဆောက်ဖို့ လျာထားပါတယ်။ ၁ဝ ထပ်မြင့် အဆောက်အအုံပေါ့။ အောက်ထပ်မှာ ကားပါကင်ပါပြီးတော့ အပေါ်ထပ်မှာ လေးခန်းတွဲ ကိုးထပ်ပေါ့။ မိသားစု ၃၆ ဦး နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒီလမှာ လည်း အငယ်တန်း ဝန်ထမ်းတွေအတွက် ဝန်ထမ်းအိမ်ရာ ဆောက်ဖို့ရှိပါ တယ်။ ဝန်ထမ်းအိမ်ရာနှစ်လုံးမှာ ဝန်ထမ်းမိသားစု ၄ဝ လောက်နေနိုင်မှာ ဖြစ်ပါတယ်။
မေး ။ ဆေးရုံကြီးအနေနဲ့ အရေးပေါ်ဌာနမှာ အရေးပေါ် လူနာတင်ယာဉ်တွေ ထားရှိမှုနဲ့ပတ်သက်ပြီး ဘယ်လို စီမံထားရှိပါသလဲ။
ဖြေ ။ အရေးပေါ်စနစ်ကတော့ တော်တော်လေးလုံလောက်ပါတယ်။ စုစုပေါင်းကား ၁ဝ စီးလောက်က အသင့်ရှိပါတယ်။ အဲဒီမှာ ခြောက်စီး က လုံးဝအသစ်ဖြစ်ပါတယ်။ ကျန်တဲ့လေးစီးကလည်းအဟောင်းဆိုပေမယ့် ဆီးဂိမ်းတုန်းက သုံးထားတဲ့ကားက ၁ဝ စီးလောက်ကို အသုံးပြုနိုင်ပါတယ်။
မေး ။ တစ်နေ့ကိုအရေးပေါ်လူနာဝင်ရောက်မှု ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ တစ်နေ့ကို အရေးပေါ်လူနာ ပျမ်းမျှအားဖြင့် ၃ဝဝ၊ ၄ဝဝ လောက်ရှိ ပါတယ်။ အကုန်လုံးတော့လည်း ဆေးရုံမတင်ရဘူးပေါ့၊ အဲဒီမှာ စောင့်ကြည့် တဲ့ ဌာနလည်းရှိတယ်။ အဲဒီမှာတင်စောင့်ကြည့်ပြီးတော့ လိုရင်ဆေးရုံတင် တယ်။ မလိုရင် ပြန်ချိန်းပေါ့။ အဲဒါမျိုးတွေလည်း ရှိပါတယ်။
မေး ။ ဆေးရုံကြီးရဲ့သန့်ရှင်းမှု၊ သန့်စင်ခန်းကအစပေါ့၊ ဘယ်လိုမျိုး လုပ်ဆောင် ထားပါသလဲ။
ဖြေ ။ အလုပ်သမားတွေရှိပါတယ်။ အလုပ်သမားတွေကို သူ့ဂျူတီနဲ့ သူ သတ်မှတ်ပြီးတော့ သန့်စင်ခန်း သန့်ရှင်းရေးလုပ်ငန်းတွေကို ဆောင် ရွက်တာလည်း ရှိပါတယ်။ OPT လိုဟာမျိုးကျတော့ အခပေးစနစ်နဲ့သွားတဲ့ သန့်စင်ခန်းတွေလည်း ရှိပါတယ်။
မေး ။ လက်ရှိမေးခဲ့တာများနဲ့ ပတ် သက်ပြီး ဆေးရုံအုပ်ကြီးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။
ဖြေ ။ ခုနပြောတဲ့ထဲမှာလည်း ပါပါတယ်။ ဒီမှာတက်တဲ့ လူနာတွေ ကများလာတယ်။ ဒီမှာရှိတဲ့ဝန်ထမ်း အရေအတွက်က လူနာနဲ့စာရင်း နည်းတယ်ပေါ့၊ နည်းတဲ့အတွက် ခုတင် ၂ဝဝဝ ဖြစ်လာရင်တော့ ပိုပြီး တော့ ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ အခုတော့ လိုအပ်ချက်ရှိနိုင်ပါတယ်။
နောက်ဆေးရုံကြီးမှာ အဆောက် အအုံတွေကတိုးချဲ့ပြီးတော့ အများ ကြီးဆောက်လာတယ်။ အဲဒီတော့ ဆောက်ရတဲ့ အဆောက်အအုံတွေ က အထပ်မြင့်အဆောက်အအုံပဲ ဆောက်ဖို့ ရှိတော့တယ်။ အဲဒီလို နေရာမလပ် ဆောက်လာရတဲ့အတွက် ကားတွေရပ်ဖို့ အခက်အခဲရှိလာတယ်။ နောက်ပြီး ဓာတ်ခွဲခန်းနဲ့ ကလေးတွေ စာသင်တဲ့ အခန်းကို VIDEO CONFERENCING တပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ လုပ်ချင်တဲ့ထဲမှာ NETWORK တစ်ခုလည်းပါတယ်။ NETWORK သာ ချိတ်လိုက်ရင် အခုဟာကDIGITAL X –RAY တပ်ထားပေမယ့်လို့ ဖလင်နဲ့ ထုတ်နေရတုန်းပဲ။
တကယ်လို့သာ NETWORK သာ ချိတ်ဆက်ထားမယ်ဆိုရင်DIGITAL X – RAY ရိုက် လည်း သူ့သက်ဆိုင်ရာဌာနကို NETWORK နဲ့ ပို့လိုက်နိုင်တယ်ဆိုရင် ကုန်ကျ စရိတ်တွေ အများကြီး သက်သာသွားမယ်။ လူအားငွေအားအကုန်သက်သာ သွားမယ်။ အဲဒီ NETWORK လေးတပ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
နောက်တစ်ခုက လူနာတစ်ယောက်ဆိုရင် လူနာစောင့်က လေးငါး ယောက် အနည်းဆုံးပါလာတယ်။ လူနာဘေးမှာက တစ်ယောက်နှစ်ယောက် ထက်ပိုပြီး ပေးမစောင့်နိုင်ဘူး။ ကျန်တဲ့လိုက်လာတဲ့ သုံးလေးယောက်က ဆေးရုံ အတွက် ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတာပေါ့။ ရေချိုးတာတို့၊ အိမ်သာ တက်တာတို့၊ နောက်စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတာတို့၊ ဆေးလိပ်သောက် တာတို့ဆိုတာ အဲဒီလိုဆေးရုံညစ်ပတ်အောင်က ဆရာဝန်တွေ လုပ်တာ မဟုတ်ဘူး၊ လူနာစောင့်တွေကပဲ လုပ်နေတာ။ ဒါကလည်း ပြည်သူလူထုကူညီ ပူးပေါင်း ဆောင်ရွက်မှသာ ဒီဆေးရုံကြီးရဲ့ သန့်ရှင်းမှုက အမြဲထိန်းသိမ်းသွား နိုင်မှာ ဖြစ်ပါတယ်။
ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။


No comments:

Post a Comment