Friday, August 28, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 3rd Thailand-Myanmar High Level Committee အစည်းအဝေးတက်ရောက်




နေပြည်တော်၊ ဩဂုတ်-၂၈
မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အားလျော်စွာ ရှည်ကြာသော ဆက်ဆံရေး သမိုင်းအစဉ်အလာ ရှိသည့် နိုင်ငံများဖြစ်ကြောင်း၊ ယခု မျက်မှောက်ကာလသည် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးအကောင်းဆုံး အချိန်အခါဖြစ်ပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီး အစည်းအဝေး များ၊ ဒေသအဆင့် နယ်ခြားကော်မတီ အစည်းအဝေးများနှင့် မြို့နယ်အဆင့် နယ်ခြား ကော်မတီအစည်းအဝေးများ ပုံမှန်ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် တည်ဆောက်လျက် ရှိပါကြောင်း၊ ယခု အစည်းအဝေးမှတစ်ဆင့် တပ်မတော် နှစ်ရပ်အကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုအားကောင်း လာစေရန် တည်ဆောက်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Dusit  Thani  Hotel ရှိ  Vimansuriya Room ၌ ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၅ မိနစ်တွင် ကျင်းပပြုလုပ်သော 3rd Thailand-Myanmar High  Level  Committee  Meeting တွင် ထည့်သွင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Dusit Thani Hotel ရှိ Library Room ၌ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၅ မိနစ်တွင် ၎င်းဟိုတယ်ရှိ Vimansuriya Room ၌ 3rd Thailand-Myanmar High  Level  Committee  Meeting ကို ကျင်းပရာ မြန်မာ့အဆင့်မြင့် ကော်မတီပူးတွဲဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူးတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ထိုင်းအဆင့်မြင့် ကော်မတီပူးတွဲဥက္ကဋ္ဌ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ထိုင်းဘုရင့်တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ်များနှင့် ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့က အဖွင့်အမှာစကား ပြောကြားကြ သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့က အစည်းအဝေး အစီအစဉ်များကို အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် 3rd Thailand-Myanmar High  Level  Committee  Meeting ၏ အစည်းအဝေး အကြောင်းအရာ အချက်အလက်များအား ဥက္ကဋ္ဌနှစ်ဦး ဖြစ်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့က အတည်ပြု ဆုံးဖြတ်ကြသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့က ပိတ်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားကြပြီး အစည်းအဝေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကာ အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကြသည်။
3rd Thailand-Myanmar High  Level  Committee  Meeting ပူးတွဲ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးအား Montien Hotel ရှိ အစည်းအဝေးခန်းမ၌ ဩဂုတ် ၂၄ ရက်နှင့် ၂၆ ရက်များတွင် ကျင်းပခဲ့ပြီး ထိုင်း-မြန်မာ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ ဖြစ်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ စစ်ဘက်အားကစားပြိုင်ပွဲများ ပူးပေါင်း ဆောင်ရွက်ရေး၊ အကြမ်းဖက် နှိမ်နင်းရေးတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ် ဒေသလုံခြုံရေးတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို  ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(မြ၀တီ)

No comments:

Post a Comment