Friday, August 28, 2015

ချင်းပြည်နယ် တွန်းဇွန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် (၆၀)ခန့် ရေစီးဖြင့် မျောပါခဲ့သော်လည်း လူနှင့် တိရိစ္ဆာန်များ အသေအပျောက်မရှိ

နေပြည်တော် သြဂုတ် ၂၈

ချင်းပြည်နယ် တွန်းဇန်မြို့နယ်တစ်ဝိုက်တွင် ယနေ့နံနက် ၃ နာရီခန့်မှ စ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီး ဆင်းမှုကြောင့် နတ်မြောင်ချောင်းရေ လေးပေခန့် မြင့်တက်ကာ တွီးခိန်ဇန်ကျေးရွာအပေါ်ရှိ တောင်ပေါ်ရေကန် ကျိုးပေါက်ခဲ့၍ ၎င်းရွာ တောင်ဘက် အပိုင်းရှိ ဟားခါးလေးရွာသို့ ရေ၀င်ရောက်ခဲ့ပြီး အိမ်ခြေ ၅၉ လုံးမှာ ရေစီးဖြင့် မျောပါခဲ့ကြောင်း၊ ၎င်းနေအိမ်များမှ လူဦးရေ ၃၀၀ ခန့်မှာ နန်ကျင်းဆောင်းရွာအနီး ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခဲ့ရကြောင်း၊ ၎င်းဖြစ်စဉ်တွင် လူနှင့် တိရိစ္ဆာန်များ အသေ အပျောက်မရှိကြောင်း သိရသည်။


အဆိုပါ ကျေးရွာတစ်ဝိုက်တွင် သြဂုတ်လဆန်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ အလားတူ ချောင်းရေလျှံ ခဲ့မှုကြောင့် တွီးခိန်ဇန်ကျေးရွာ မြောက်ဘက်အပိုင်းမှ ရေဘေးသင့် ရွာသူရွာသားများမှာ သြဂုတ် ၇ ရက်ခန့်မှစ၍ နန်ကျင်းဆောင်းရွာအနီး ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းသို့ ဦးစွာရွှေ့ပြောင်း နေရာချထားပြီး ဖြစ်ကြောင်းနှင့် ယနေ့နံနက် ရွှေ့ပြောင်းခဲ့သည့် ရေဘေးသင့်ပြည်သူများမှာ ထိုစဉ်က မရွှေ့ပြောင်းဘဲ ကျန်ရှိခဲ့သော ဟားခါးလေးရွာ အပိုင်းမှဖြစ်ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် တာဝန်ရှိသူများသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်သူဦး ဦးဆောင်သော နယ်မြေခံတပ်မတော်စစ်ကြောင်း နှင့်အတူ ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် ရောက်ရှိခဲ့ကြပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ကြီးကြပ်ဆောင် ရွက်လျက်ရှိရာ တောင်ကျရေနှင့်အတူ မျောပါသွားသော ကျေးရွာသားနှစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ ချင်းပြည်နယ် တောင်ပေါ်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရှိ နေရဉ္ဇာ မြစ်ရေတိုးပြီး ရာဇဂြိုလ်ဆည်သို့ ရေ၀င်ရောက်မှု ပိုမိုများပြားခဲ့သော်လည်း ၎င်းဆည်၏ ကန်ရေပြည့် အမှတ်သည် ၆၄၂ ဒသမ ၇၀ ပေသာရှိပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၁၇ ဒသမ ၃ ပေလိုအပ်ကြောင်း၊ ရေပိုလွှဲမှ ၂ ဒသမ ၇ ပေခန့် ရေကျော် ထုတ်လွှတ်လျက်ရှိကြောင်းနှင့် ဆည်တမံ ထိခိုက်မှုမရှိဘဲ ကြံ့ခိုင်မှုရှိပြီး စိုးရိမ်ဖွယ်ရာ မရှိကြောင်း သိရသည်။

No comments:

Post a Comment