Thursday, July 30, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် အာရှလူမှုအဖွဲ့အစည်းဆိုင်ရာ မူဝါဒအဖွဲ့ဥက္ကဋ္ဌ၊ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း Mr. Kevin Rudd နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၃၀ ရက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် အာရှလူမှုအဖွဲ့အစည်းဆိုင်ရာ မူဝါဒအဖွဲ့ဥက္ကဋ္ဌ၊ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း Mr. Kevin Rudd နှင့်အဖွဲ့အား ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှု များနှင့် စပ်လျဉ်း၍လည်ကောင်းရှင်းလင်းပြောကြားရာ Mr. Kevin Rudd က မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်များကို အသိအမှတ်ပြုခဲ့ကြောင်းနှင့် ဆောင်ရွက်ချက်များအပေါ် လက်တွေ့ကျကျကူညီဆောင်ရွက်လိုပါကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍သိရှိလိုသည့် အခြေခံမဲစာရင်းပြုစုကြေညာခြင်း၊ မဲရုံအရေအတွက်၊ မဲရုံဝန်ထမ်း များအား လေ့ကျင့်သင်ကြားပေးခြင်း၊ မဲဆန္ဒရှင်များမဲပေးမည့်အခြေအနေတို့နှင့်ပတ်သက်၍ မေးမြန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း နှင့်စပ်လျဉ်း၍ မဲစာရင်းအမှန်ရရှိ ရေးအတွက် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင် များအနေဖြင့် မဲစာရင်းလာရောက်ကြည့်ရှု၍ အမှားများကိုပြင်ဆင်ခြင်းဖြင့် အမှန်ရရှိမည်ဖြစ် ကြောင်း၊ နောက်ဆုံးအကြိမ် မဲစာရင်းကပ်သည့်အခါတွင် မဲစာရင်းပြင်ပေးရန်တောင်းဆိုခြင်းကို (၁၄) ရက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်၊ နိုင်ငံရေးပါတီများနှင့်အရပ်ဘက်လူမှုအဖွဲ့ အစည်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ မဲစာရင်းအမှန်ရရှိမည်ဖြစ်ပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက်လည်း မှန်ကန်သောမဲစာရင်းတစ်ခုရှိနေမည်ဖြစ်ကြောင်း၊ မဲစာရင်း မှားရုံဖြင့် မဲပေးခွင့်မဆုံးရှုံးကြောင်း၊ မဲပေးခွင့်ရှိသူအမှန်ဖြစ်ကြောင်း တာဝန်ခံပြောကြားသူ ရှိလျှင် ပြင်ဆင်ရေးမှတ်၍မဲပေးခွင့်ပြုရမည်ဟု လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ၅၀ (ဂ) တွင်အတိအလင်းပြဋ္ဌာန်းထားပါကြောင်း မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက်လည်း မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ထုတ်ပေးရန်အစီအစဉ်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ မဲပေး ခဲ့သည့် မဲဆန္ဒရှင် ၇၂ ရာခိုင်နှုန်းထက်ကျော်လွန် မဲပေးမည်ဟုမျှော်မှန်းပါကြောင်း၊ တစ်နိုင်ငံလုံးတွင် မဲရုံအရေအတွက် ၄၀၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းပါကြောင်း၊ မဲရုံဝန်ထမ်း (၆) သိန်းခန့်အား လေ့ကျင့်သင်ကြားပေးရန်အတွက် လက်စွဲစာစောင်များ၊ သင်ကြားရေးအထောက်အကူပြု ဗီဒီယိုများ ပြုစုထားပြီး ဖြစ်ကြောင်း၊ ခိုင်လုံမဲဖြစ်စေရေးနှင့် ပယ်မဲမဖြစ်စေရေးအတွက် ပညာပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေးကော်မတီအဆင့်ဆင့်နှင့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များဖိတ်ခေါ်၍ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပပေးသွားမည် ဖြစ်ပြီး Observer အဖွဲ့များ၏အစီရင်ခံစာများမှ သင်ခန်းစာယူစရာများအား နောင်လာမည့် ရွေးကောက်ပွဲများအတွက် သုံးသပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။ 

No comments:

Post a Comment