Thursday, July 30, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ်က ဂုဏ်ပြုကြိုဆို


နေပြည်တော် ၊ ဇူလိုင် - ၃၀
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ် Air Chief  Marshal Arup Raha, PVSM, AVSM, VM က ဂုဏ်ပြု ကြိုဆိုသည့်အခမ်းအနားကို ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အိန္ဒိယသမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန South  Block  Lawns ရင်ပြင် မြက်ခင်းပြင်၌ ကျင်းပသည်။

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အိန္ဒိယနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူပြီး  ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ် တို့သည် အိန္ဒိယလေတပ်ဦးစီးချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့အား အိန္ဒိယတပ် မတော်မှ တာဝန်ရှိသူတစ်ဦးက အိန္ဒိယလေတပ်ဦးစီးချုပ်ရုံးရှိ Subroto Hall ၌ အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအမြင်အား Power Point ဖြင့်  ရှင်းလင်းတင်ပြခဲ့သည်။
ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ခွဲတွင်တပ်မတော် ကာကွယ် ရေးဦးစီးချုပ် သည် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Dalbir Singh, PVSM, UYSM, AVSM, VSM, ADC အား အိန္ဒိယကြည်းတပ်ဦးစီးချုပ်ရုံး၌ သွားရောက် တွေ့ဆုံသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့အား အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် က Army Battle Honour Mess ၌ အလုပ်သဘော နေ့လယ် စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ယင်းနောက် ကြည်းတပ်ဦးစီးချုပ် အစည်းအဝေးခန်းမ၌ ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား အိန္ဒိယ တပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆောင်တွင် Integration of Indian Army နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အိန္ဒိယတပ်မတော် ရေတပ်ဦးစီးချုပ် Admiral RK Dhowan, PVSM, AVSM, YSM,ADC အား အိန္ဒိယရေတပ်ဦးစီးချုပ်ရုံး၌ သွားရောက်တွေ့ဆုံသည်။
ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ခွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့အား အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန South Block ရှိ အခန်းအမှတ် (၂၀၃)၌  National Institute of  Public  Finance  and  Policy  ညွှန်ကြားရေး မှူး Dr. Rathin Roy က Federal System of Governance ဆိုင်ရာများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယသမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Rao Inderjit Singh တို့ တွေ့ဆုံဆွေးနွေးကြသည်။
ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် အိန္ဒိယသမ္မတနိုင်ငံ၏ ၁၁ ဦးမြောက် သမ္မတရာထူး တာဝန်ထမ်းဆောင်ခဲ့သည့် Mr. APJ Abdul Kalam ကွယ်လွန်သည့် အတွက် နယူးဒေလီမြို့ရှိ Mr. Abdul Kalam နေထိုင်ခဲ့သည့်နေအိမ်တွင် ဖွင့်လှစ်ထားသည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် မှတ်တမ်းစာအုပ်တွင် သွားရောက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment