Tuesday, July 28, 2015

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ဂျပန်ကုမ္ပဏီနှင့်လက်မှတ်ရေးထိုး


နေပြည်တော် ဇူလိုင် ၂၇

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ဂျပန်နိုင်ငံမှ West Corporation တို့အကြား ရန်ကုန်မြို့ ကမ်းနားလမ်း လျှပ်စစ် ရထား(TRAM) ပြေးဆွဲရေးစီမံကိန်း အတွက် စာချုပ်များလက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးချန်မောင်နှင့် ဦးမြင့် သိန်း၊ အမြဲတမ်းအတွင်းဝန် ဦးဇော် မင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံWest Corporation မှ ဒုတိယဥက္ကဋ္ဌ Miss Hoshino နှင့် ဒါရိုက်တာ ဦးစိုးဝင်းထွန်းတို့ တက်ရောက်ကြသည်။


ရှေးဦးစွာ ရန်ကုန်မြို့ ကမ်းနား လမ်းလျှပ်စစ်ရထား (TRAM) ပြေးဆွဲ နိုင်ရေး စီမံကိန်းအတွက် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းနှင့် West Corporation မှ ဒါရိုက်တာ ဦးစိုးဝင်းထွန်းတို့က ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးကြပြီး စာချုပ်များအား အပြန် အလှန် လဲလှယ်ကြသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ရထား ပြေးဆွဲရေးစီမံကိန်း ပထမအဆင့် အနေဖြင့်ဆောင်ရွက်ရမည့် လမ်းပိုင်း အခြေအနေအရ ရထားလမ်းခုံးကျော် တံတားများ လွတ်ကင်းမည့် နယ်မြေ ဖြစ်သည့် ထော်လီကွေ့မှ ပန်းဆိုးတန်း အထိ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ကုန်ခန့်တွင် ပြေးဆွဲနိုင်ရန်နှင့်ဒုတိယ အဆင့်ကို ပန်းဆိုးတန်းမှ လင်း စဒေါင်းအထိ ၂ဝ၁၅ခုနှစ် ဒီဇင်ဘာလ ကုန်ခန့်တွင် ပြေးဆွဲနိုင်ရန် ရည်မှန်း ထားရှိသည်။

ထိုသို့ ပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းပိုင်းများကို Dual Guage အဖြစ် ပြုပြင်ပြောင်းလဲ လမ်းခင်းခြင်းနှင့် လျှပ်စစ်ဓာတ်တိုင် များသွယ်တန်းရေးကို အဓိကဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။


ရန်ကုန်မြို့ ကမ်းနားလမ်း၌ မြန်မာ့မီးရထားမှ လျှပ်စစ်ရထား(TRAM) ပြေးဆွဲခြင်းဖြင့် ရန်ကုန်မြို့ နေ ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင် ခြင်းအပြင် မြန်မာနိုင်ငံ၌ အများ ပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်ကို ပိုမိုတွင်ကျယ်စေရန် အထောက်အပံ့ ပေးနိုင်မည်ဖြစ် ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment