Saturday, June 27, 2015

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နယ်မြေ တစ်ခုလုံး ၀ိုင်ဖိုင်ရရှိအောင် ဆောင်ရွက်မည်


ရန်ကုန် ဇွန် ၂၆

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ တက္ကသိုလ်နယ်မြေ တစ်ခုလုံးတွင် ဝိုင်ဖိုင်ရရှိအသုံးပြုနိုင်ရန် ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် e-Libraryစနစ်ကိုလည်း တပ်ဆင်ရန်ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ e-Government လုပ်ငန်း အကောင်အထည်ဖော်ရေးအတွက် နိုင်ငံတော်က ကျပ် သိန်း ၂ဝဝ ထောက်ပံ့ခဲ့ပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အကူအညီတောင်းခံရာမှာ အရှေ့ပိုင်း တက္ကသိုလ်က အနည်းငယ်လှမ်းတဲ့အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကေဘယ်ဝါယာတပ်မှသာလျှင် ဝိုင်ဖိုင်အဆင်ပြေနိုင်မယ်ဆိုတဲ့ အကြံပြုချက်ရရှိတဲ့အတွက် ဖိုင်ဘာကေဘယ်တပ်ဖို့ ဦးစွာဆောင်ရွက်ခဲ့ပါတယ်။ ပြီးခဲ့ တဲ့ ဘဏ္ဍာရေးနှစ်က ခွင့်ပြုထားတဲ့ အသုံးစရိတ်နဲ့ အရှေ့ ပိုင်းတက္ကသိုလ်မှာ ကေဘယ်တပ်ဆင်ခြင်းနဲ့ ဆာဗာ တပ်ဆင်ခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်''ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ကျော်ကျော်ခေါင်က ပြောသည်။


''ရုံးခန်းနဲ့ ပင်မအုပ်ချုပ်ရေးရုံးခန်းမှာဆိုရင် အင်တာ နက် ကောင်းမွန်စွာရရှိပါပြီ။ ဒါပေမယ့် စာသင်ခန်းတွေ နဲ့ နားနေခန်းတွေမှာ ဝိုင်ဖိုင်လွှင့်ပေးနိုင်ဖို့ ဆရာတို့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအတွက်ကိုလည်း ဘတ်ဂျက်ကို စနစ်တကျတွက်ချက်ပြီး နိုင်ငံတော်ကနေ တောင်းခံသွားမယ်လို့ စီစဉ်ထားပါတယ်။ ဆာဗာထိုင် ထားပြီဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေက ကမ်းလှမ်းတဲ့ e-Library ကိုလည်း Install လုပ်ထားပါ တယ်။ နိုင်ငံတကာ e-Library အဖွဲ့အစည်းဖြစ်တဲ့ Electronic Information for Libraries(EIFL) ကနေ e-Library ကို အသုံးပြုဖို့အတွက် Package တစ်ခု ထည့် သွင်းပေးထားပါတယ်။

ဒါကိုအသုံးပြုဖို့အတွက် သက်ဆိုင် ရာဌာနက ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသား တွေကို EIFL ကနေ သင်တန်းပေးမယ်လို့ ကမ်းလှမ်း ထားပါတယ်။ EIFL နဲ့ သင်တန်းတွေလုပ်ပြီးပြီဆိုရင် ကျောင်းသူကျောင်းသားတွေက ဒီ e-library ကနေ Information Resource တွေကို သူတို့ လက်ကိုင်ဖုန်းတွေ၊ သူတို့ကွန်ပျူတာတွေကနေ အလွယ်တကူ Download လုပ်ပြီးအသုံးပြုနိုင်မယ့် အခြေအနေရှိပါတယ်။ တက္ကသိုလ် နယ်မြေကြီးတစ်ဝန်းလုံးကို လွှမ်းခြုံနိုင်တဲ့ WiFi Access ရရှိဖို့ နိုင်ငံတော်ကနေ ဘဏ္ဍာငွေရရှိတဲ့အခါ အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်မယ့် အစီအစဉ်များရှိပါတယ်''ဟု ပါမောက္ခချုပ်က ဆက်လက်ပြောကြားသည်။

အရှေ့ပိုင်းတက္ကသိုလ်၏ ဝက်ဘ်ဆိုက်တစ်ခုကိုလည်း တည်ထောင်လျက်ရှိကာ အကြမ်းထည် ပြီးနေပြီဖြစ်ကြောင်း သိရသည်။ ''သက်ဆိုင်ရာဌာနတွေကနေ မိမိတို့ရဲ့ သတင်း အချက်အလက်တွေကို လာရောက် ထည့်သွင်းရမှာ ဖြစ်ပါ တယ်။ တက္ကသိုလ်ရဲ့ Home Page ကို ပုံမှန် Update လုပ်နိုင်ဖို့လည်း စီစဉ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားများဟာ မိမိတို့ လက်ကိုင်ဖုန်းက နေပြီးတော့ Home Page ကနေ အချိန်ဇယားတွေနဲ့ စာသင်အချိန်ဇယားတွေ ကြည့်ရှုနိုင်ရေးအထိမျှော်မှန်းထားပါတယ်''ဟုလည်း ပါမောက္ခချုပ်က ဆက်ပြောသည်။

အကျယ်အဝန်း ၁၅၈ ဒသမ ၁ ဧက ရှိသည့် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကို ၂ဝဝဝပြည့်နှစ်က စတင်ဖွင့်လှစ် ခဲ့ပြီး လေးထပ်စာသင်ဆောင်လေးဆောင်နှင့် ကျောင်းသား နှင့်ကျောင်းသူဆောင် တစ်ဆောင်စီရှိကာ ဘာသာရပ် ပေါင်း ၁၉ ခုမှ နေ့ကျောင်းသား ၁၂ဝဝ ခန့်နှင့် အဝေးသင် ကျောင်းသား ၂၄ဝဝ ခန့်ကို နှစ်စဉ်မွေးထုတ် ပေးလျက် ရှိသည်။


၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် အဆင့်မြင့်ပညာ ဦးစီးဌာန၏ မူလခွင့်ပြုရန်ပုံငွေမှာ ကျပ် ၁၉၆၅၅၄ ဒသမ ဝ၅၆ သန်း ဖြစ်ပြီး အဆင့်မြင့်ပညာဦးစီးဌာနအောက်တွင် တက္ကသိုလ် ကောလိပ်ပေါင်း ၄၇ ကျောင်းရှိကြောင်း သိရသည်။ 

No comments:

Post a Comment