Monday, June 29, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများနှင့် တွေဆုံ


နေပြည်တော် ဇွန် ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန် ၂၇ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့ရှိ အနော်ရထာခန်းမ၌ ဒေသခံပြည်သူများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ ပြည်သူ့လွှတ်တော်အားကစား၊ ယဉ်ကျေးမှုနှင့်ပြည်သူ့ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်ရည်မှန်းချက်ထား ဆောင်ရွက် ရာတွင် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်းရောက်ရှိပြီဖြစ်ပါကြောင်း။
လာမည့် နိုဝင်ဘာလဆန်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲကာလအတွင်း တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ် ပါကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရန်လိုအပ်သကဲ့သို့ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်ရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်တို့က ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာနိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်လောင်းများအပါအဝင် ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
ချောင်းဦးမြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြသည့် စီမံခန့်ခွဲရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုကော်မတီနှင့် စည်ပင်သာယာရေးကော်မတီများအပါအဝင် ပါတီကိုယ်စားလှယ်လောင်းများ၊ လုံခြုံရေးတာဝန်ယူကြမည့်သူများ၊ ပြည်သူများကလည်း ပူးပေါင်းပါဝင်ရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ သက်ဆိုင်သူများက ပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
တွေ့ဆုံပွဲတွင် ချောင်းဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစောလှထွန်းက မြို့နယ်ပညာရေးကဏ္ဍအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းကို ပေးအပ်လှူဒါန်းသည်။
အလားတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ ဇွန်၂၈ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထီးလှိုင်ရှင်ခန်းမ၌ လည်းကောင်း၊ မြင်းမူမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်သစ်ခန်းမ၌ လည်းကောင်း မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်၍ အမှာ စကားပြောကြားပြီး တက်ရောက်လာကြသည့် မြို့နယ်ကော်မတီများမှ တာဝန်ရှိသူများနှင့် ဒေသခံ များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေး၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးပြီးနိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် တံတားဦးမြို့မှ မော်တော်ယာဉ် များဖြင့် ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။

No comments:

Post a Comment