Monday, June 29, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ


နေပြည်တော် ဇွန် ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန် ၂၈ရက်နံနက်ပိုင်းတွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံ Banquest Hall ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများနှင့်တွေ့ရှိရသဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ကောင်းနိုးဖွယ်ရာများကို ဆွေးနွေးနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ယခုအချိန်၌ ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီး သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အလေးအနက်ထား ဆောင်ရွက်နေချိန်ဖြစ်ပါ ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အနှစ်သာရအဖြစ် မြန်မာနိုင်ငံကိုပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်ကိုအခြေခံရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က ဦးတည်ချက် (၃)ရပ် ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းတို့မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့်လျော်ညီစွာ ပိုမိုတည်ဆောက်နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေရေး၊ တိုင်းရင်းသားမျိုးနွယ်စုများအကြား ယုံကြည်မှုခိုင်မာသော အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးပင် ဖြစ်ပါကြောင်း၊ မပြင်သင့်သေးသည်ကို ပြင်မိလျှင် ဦးတည်ချက်(၃)ရပ်ကို ထိခိုက်နိုင်သကဲ့သို့ ပြင်သင့်တာ မပြင်မိလျှင်လည်း ဦးတည်ချက် (၃)ရပ်ကို ထိခိုက်နိုင်ကြောင်း။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ (က)ကိုမဲခွဲဆုံးဖြတ်ဆောင်ရွက်ရာတွင် ပုဒ်မခွဲ ၁ ခုသာ ၇၅ ရာခိုင်နှုန်းကျော်ပြီးကျန် ပုဒ်မ၊ ပုဒ်မခွဲ ၅ ခုမှာ ၇၅ ရာခိုင်နှုန်းမကျော်လွန်သဖြင့် ပြင်ဆင်၍မရပါကြောင်း။
ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် ဆောင်ရွက်ရန် ရှိပါကြောင်း၊ တိုင်းရင်းသားအများစုတောင်းဆိုနေကြသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ တန်းတူညီမျှအခွင့်အရေးနှင့် ဗဟိုဦးစီးချုပ်ကိုင်မှုလျှော့ချရေးအတွက် လုပ်ပိုင် ခွင့်များကိုတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးရေး၊ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော် များက ရွေးချယ်တင်မြောက်သည့် ပြည်သူ့ကိုယ်စားလှယ်သာလျှင် တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ် ခန့်ထားရေး၊ တရားရေးအဖွဲ့အစည်းများအား လွတ်လပ်စွာ၊ တရားမျှတစွာ တရားစီရင် နိုင်သော အခြေအနေများသို့ ရောက်ရှိအောင် ဆောင်ရွက်ပေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ် ရေးကို ထိခိုက်စေသော ကိုယ်စားလှယ်များ ပြန်လည်ရုပ်သိမ်းခြင်း ကိစ္စရပ်များနှင့် ရှေ့နောက် ဆက်စပ်လျော်ညီမှုမရှိသည့် ကိစ္စရပ်များ ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
လာမည့်နိုဝင်ဘာလဆန်းတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည် ဖြစ်ရာ ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲကာလ များတွင် တည်ငြိမ်အေးချမ်းမှုရှိရေး အတွက် မြို့နယ်အလိုက်ဖွဲ့စည်းထားသည့် ကော်မတီများ၊ လူထုလူတန်းစားအသီးသီးနှင့် နိုင်ငံရေး ပါတီအသီးသီးမှ ပုဂ္ဂိုလ်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မိမိတို့ဒေသအတွက်သာမက နိုင်ငံကောင်းကျိုးလုပ်ဆောင် နိုင်မည့်သူများကို မှန်ကန်စွာရွေးချယ် နိုင်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း လွတ်လပ်၍ တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ထားသည့် ကျင့်ဝတ်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ မိမိတို့ရောက်ရှိခိုက် လိုအပ်ချက်များကိုတင်ပြပေးရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများက မြို့နယ်ဖွံ့ဖြိုးဆိုင်ရာဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာကြသူများကအထွေထွေဆွေးနွေးတင်ပြကြသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင် က ပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်အောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦးတို့က မြို့နယ်ဆွမ်းလောင်းအသင်းနှင့် လူမှုကူညီရေး အသင်းတို့ အတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းစီပေးအပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာကြသူများအားရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

No comments:

Post a Comment