Sunday, June 28, 2015

နိုင်ငံတစ်ဝန်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွား


နေပြည်တော် ဇွန် ၂၇
နိုင်ငံတစ်ဝန်းရှိဒေသအချို့တွင် ဇွန် ၂၄ ရက်ကစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေ အိမ်များ၊ စာသင်ကျောင်းများနှင့် အဝေးပြေးကားလမ်းများ ရေကြီးရေလျှံခြင်းနှင့် ရေကျော်ခြင်းတို့ ဖြစ်ပေါ် လျက်ရှိသည်။ ယနေ့ (ဇွန် ၂၇ ရက်) မိုးလေဝသခန့်မှန်းချက်တွင် မန္တလေး တိုင်းဒေသကြီး၌ နေရာကျဲကျဲ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊




ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာခဲ့ပြီး မကွေးတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ် တို့၌ ဒေသအလိုက် မိုးကြီးခဲ့ကာ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။
မှတ်သားဖွယ်ရာမိုးရေချိန်များ မှာ အမ်းမြို့တွင် ၁၃ဒသမ ၇၈ လက်မ၊ သံတွဲမြို့တွင် ၁ဝ ဒသမ ဝ၈ လက်မ၊ တောင်ကုတ်မြို့တွင် ၉ ဒသမ ဝ၉ လက်မ၊ စစ်တွေမြို့တွင် ၈ ဒသမ ၁၉ လက်မ၊ ကျောက်ဖြူမြို့တွင် ၇ ဒသမ ၈ဝ လက်မ၊ မြောက်ဦးမြို့တွင် ၇ ဒသမ ၆ဝ လက်မ၊ ဂွမြို့တွင် ၇ ဒသမ ၁၃ လက်မ၊ လောင်းလုံးမြို့တွင် ၇ ဒသမ ဝ၅ လက်မ၊ မောင်တောမြို့တွင် ၆ ဒသမ ၆၂ လက်မ၊ ကြာအင်းဆိပ် ကြီးမြို့တွင် ၅ ဒသမ ၈၃ လက်မ၊ ပေါင်မြို့တွင် ၅ ဒသမ ၅၅ လက်မ၊ မော်လမြိုင်မြို့တွင် ၄ ဒသမ ၆၉ လက်မ၊ ဘားအံမြို့နှင့် သံတောင်ကြီး မြို့တို့တွင် ၄ ဒသမ ၅၃ လက်မစီ၊ ကျောက်တော်မြို့နှင့် မာန်အောင်မြို့ တို့တွင် ၄ ဒသမ ၃၃ လက်မစီ၊ ပလက်ဝမြို့တွင် ၄ ဒသမ ဝ၂ လက်မ နှင့် သရက်မြို့တွင် ၂ ဒသမ ဝ၅ လက်မတို့ဖြစ်ကြသည်။
ကျောက်ကြီး ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် မုန်းနယ် မြေ၌ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၂၄ ရက် မိုးကြီးမည့်သတိပေးချက်ထုတ်ပြန်ပြီး နောက် ဇွန် ၂၄၊ ၂၅ နှင့် ၂၆ ရက် သုံးရက်ဆက် မိုးရွာသွန်းမှုများကြောင့် မုန်းချောင်းရေလျှံပြီး မုန်း-အုတ်ဖြတ် လမ်းပေါ်ရှိ တံတားပေါ် ရေလွှမ်း မိုးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
''ဒီလိုတံတားပေါ်အထိ ရေကျော် တဲ့အဖြစ်မျိုး တစ်နှစ်မှမဖြစ်ဖူးဘူး။ မိုးက လည်း သုံးရက်အတွင်းရွာတာ တော်တော်များပါတယ်''ဟု မုန်းနယ် မြေမှ ဒေသခံတစ်ဦးက ပြောသည်။
မုန်းမှအုတ်ဖြတ်၊ ဖြူးလမ်းပန်း ဆက်သွယ်မှုအခက်အခဲများ ဖြစ်ပေါ် ခဲ့ရသည်။ ''မုန်းချောင်းကို စက်လှေနဲ့ကူး၊ မုန်းတစ်ဖက်ကမ်းက မော်တော်ယာဉ် တွေနဲ့ ခရီးဆက်သွားနေကြရတယ်''ဟု ၎င်းဒေသခံက ဆက်လက် ပြောသည်။ မုန်းချောင်းရေလျှံမှုနှင့်ပတ်သက်၍ ဒေသဆိုင်ရာ အာဏာပိုင်များက လိုအပ်သည့်ကူညီမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အမ်း
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့၌ ဇွန် ၂၄ ရက်ကစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် အမ်းချောင်းရေတဖြည်းဖြည်းမြင့်တက်လာရာမှ ဇွန် ၂၆ ရက် ညနေ ၅ နာရီက စတင်၍ အမ်းမြို့ပေါ်ရပ်ကွက်အတွင်း အမ်း ချောင်းကမ်းနားနေလူနေအိမ်များ တဖြည်းဖြည်း နစ်မြုပ်လျက်ရှိသည်။ ယင်းနေ့ ည ၁၁ နာရီတွင် အမ်းမြို့ ပေါ် ရပ်ကွက်တစ်ခုလုံး လူနေအိမ် များ၊ လမ်းများနစ်မြုပ်လျက်ရှိသည်။
အမ်းမြို့အနီး လေးမိုင်ခန့်ကွာဝေး သော အောက်ရွာကျေးရွာ၌လည်း အလားတူ တစ်ရွာလုံးရေကြီးနစ်မြုပ် လျက်ရှိသည်။ ယင်းရေကြီးမှုကို ဆက်လက်စောင့်ကြည့်လျက်ရှိရာ ည ၁၂ နာရီတွင် မိုးဆက်လက်ရွာသွန်းမှု မရှိသောကြောင့် ရေများတဖြည်းဖြည်း လျော့ကျလျက်ရှိသည်။
အဆိုပါ အမ်းမြို့ပေါ် ရေကြီး နစ်မြုပ်မှုအတိုင်းအတာမှာ လူနေအိမ် များ သုံးပေခန့်နစ်မြုပ်ခဲ့ပြီး မြို့ပေါ် အိမ်ခြေ ၁ဝဝဝ ခန့်နှင့် အောက်ရွာ ကျေးရွာ၌ အိမ်ခြေ ၈ဝ ခန့် နစ်မြုပ်ခဲ့ သည်။ ရေကြီးနစ်မြုပ်မှုဖြစ်စဉ်ကာလအတွင်း လူအသေအပျောက်၊ ထိခိုက် မှုမရှိကြောင်းနှင့် မြို့တွင်းလမ်း၊ မြေနိမ့် လမ်းများအချို့တွင် ဇွန် ၂၇ ရက်အထိ ယာဉ်များဖြတ်သန်းသွားလာ၍ မရ သေးကြောင်း သိရသည်။ ယခင် ၂ဝဝ၉ ခုနှစ်က ရေလွှမ်းမှုဖြစ်ခဲ့သော် လည်း ယခု ၂ဝ၁၅ ခုနှစ် ရေကြီးမှု ဖြစ်စဉ်လောက် မဆိုးသေးကြောင်း သိရသည်။
ဘားအံ
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်၌ ဇွန် ၂၁ ရက်က စတင်ကာ မိုးများအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေကျရောက် ကာ လှိုင်းဘွဲချောင်းရေ မြင့်တက် လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ရေကြီး နစ်မြုပ်ခဲ့သော(က) ရပ်ကွက်၊ (ဂ)ရပ်ကွက်နှင့် မြို့မဈေး များအတွက် ယာယီဈေးနှင့် ယာယီ ကယ်ဆယ် ရေးစခန်းများကို ဇွန် ၂၅ ရက် ညနေပိုင်းက အဆိုပါရပ်ကွက် များတွင်ထားရှိပြီး စုစုပေါင်း အိမ်ထောင်စု ၇၄ စု၊ လူဦးရေ ၃၉၈ ဦးကို ကူညီဆောင်ရွက်ပေးထား ကြောင်း သိရသည်။
မောင်တော
မောင်တောခရိုင် ဘူးသီးတောင် မြို့နယ်၌ မိုးဆက်တိုက်ရွာသွန်း၍ မိုးကြီးသဖြင့် ရပ်ကွက်များရှိ ဌာန ဆိုင်ရာများ၊ အိမ်များ ရေနစ်မြုပ်ခဲ့ ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် မိုးဆက် တိုက်ရွာသွန်းမှုကြောင့် ရပ်ကွက် အချို့ရှိ အိမ်များ ဆေးရုံအပါအဝင် လူနေ အိမ်များ ရေနစ်မြုပ်ခဲ့သဖြင့် ဇွန် ၂၆ ရက် နံနက် ၁ဝ နာရီက မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်နှင့် ဒေသခံ ရခိုင် တိုင်းရင်းသားများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်အတူ ကယ်ဆယ်ရေး စခန်း များသို့ ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။ ဘူးသီးတောင်မြို့နယ် ပြည်သူ့ ဆေးရုံ လည်း ရေဝင်ခဲ့သဖြင့် အထကခွဲ ကျောင်းသို့ လူနာများကို ပြောင်းရွှေ့ ထားခဲ့ပြီး အစားအသောက်ပစ္စည်း များ ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။
ထို့ပြင် ဇွန် ၂၇ ရက်တွင်လည်း မိုးများဆက်တိုက်ရွာသွန်းနေသဖြင့် ရေနစ်မြုပ်လျက်ရှိသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရေနစ်မြုပ် သည့်လူနေအိမ်များရှိ လူများကို ရေလွတ်သည့် အဆောက်အအုံများ ၌ ယာယီနေရာချထားပေးလျက်ရှိ သည်။ ဘူးသီးတောင်၊ မောင်တော သွားသည့် ကားလမ်း၌လည်း တောင်ကျ ရေများကြောင့် လမ်းများ ပြိုကျနေပြီး သွားလာရေးအခက်အခဲ ရှိနေသဖြင့် တာဝန်ရှိသူများက အမြန်ပြန်လည် ပြုပြင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မင်းတုန်း
မကွေးတိုင်းဒေသကြီး မင်းတုန်း မြို့နယ်၌ မိုးရက်ဆက်ရွာသွန်း သဖြင့် ရူချောင်း၊ လွှာချောင်း၊ မင်းတုန်း ချောင်းတို့ ရေကြီးရေလျှံ ခြင်းကြောင့် နှမ်းစိုက်ခင်းများ၊ ပြောင်းခင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လယ်စိုက်ဧက ၁၄ဝ ခန့်ကို ရေပေး ဝေရန်ဆောက်လုပ်ထားသော စပါး တန်းဆည်ကျိုးပျက်ခဲ့ကြောင်း သိရ သည်။ အဆိုပါ ဆည်သည် ၂ဝ၁၄ ခုနှစ်က ပြီးစီးခဲ့သော်လည်း ယင်းနှစ်မိုးရာသီ၌ ကျိုးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် သိန်း ၇ဝ အကုန် အကျခံ ပြင်ဆင်ခဲ့သော်လည်း ပထမမိုးတွင် ပြန်လည်ကျိုးခဲ့ခြင်းဖြစ်သည်။ ချောင်း ရေလျှံ နစ်မြုပ် မှုကြောင့် တောင်မြင့် ကျေးရွာ၊ လယ်ဖျား၊ မှိုက်၊ မဲဇလီ ကျေးရွာတို့ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီး
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများ၊ လူ နေအိမ်များရှိ မြေနံရံများ မြေပြိုမှု ဖြစ်ပွားခဲ့သည်။
ထိုသို့မြေပြိုရာတွင် နယ်မြေခံ တပ်ရင်း ဂိတ်(၁)အနီး၌လည်း ကောင်း၊ အမှတ်(၃)ရပ်ကွက်အတွင်း ရှိ လမ်းမပေါ်၌ လည်းကောင်း၊ မြေပြိုမှုကြောင့် သစ်ပင်များ၊ မြေများ ဖြင့် လမ်းပိတ်ဆို့ခဲ့ရာ ဇွန် ၂၆ ရက် နံနက် ၅ နာရီက ဌာနဆိုင်ရာများ၊ စစ်သည်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက သစ်ပင်များ ရှင်းလင်း ခြင်း၊ မြေသားများကို မီးသတ်ရေပိုက်များဖြင့် ထိုးပက် ရှင်းလင်းခြင်းများကို စုပေါင်းဆောင် ရွက်ခဲ့ရာ လမ်းများ ပြန်လည်ပွင့်သွားခဲ့ကြောင်း သိရသည်။
အလားတူ သံတောင်ကြီးမြို့ အမှတ်(၄) ရပ်ကွက်အတွင်းရှိ နေအိမ် တစ်အိမ်အနီး မြေနံရံပြိုကျမှုဖြစ်ပွား ခဲ့ရာ ပိတ်ဆို့နေသော မြေသား များကို ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင် များက စုပေါင်းရှင်းလင်းဖယ်ရှားခဲ့ ကြောင်းနှင့် အဆိုပါမြေပြိုမှုတွင် လူ၊ တိရစ္ဆာန်၊ အိမ်ထိခိုက်ခြင်းမရှိကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန် ကြားမှုဦးစီးဌာနက ယနေ့သတင်း ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး/ ပြည်နယ်တို့၌ မိုးရွာသွန်းနိုင်မှုအခြေ အနေမှာ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့၌ နေရာအနှံ့အပြား မိုးရွာပြီး ဒေသအလိုက် မိုးကြီးနိုင် သည်ဟု သိရသည်။
ကချင်ပြည်နယ်၊ ကယားပြည် နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)တို့၌ နေရာ အနှံ့အပြား မိုးရွာမည်ဖြစ်ပြီး ချင်းပြည် နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးတို့၌ နေရာအနှံ့အပြားမိုးရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment