Sunday, June 28, 2015

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အမှာစကားပြောကြား



ရန်ကုန် ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဇီးကုန်းမြို့နယ် မြို့တော်ခန်းမ၌ ကျင်းပ ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။






အဆိုပါအခမ်းအနားသို့ သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အတွင်း ရှိ မြို့နယ် သမ၀ါယမအသင်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့ ၀င်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ငန်းများအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိရာ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ သမဝါယမဝန်ကြီးဌာနက ယခုကဲ့သို့ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အရင်းအနှီးမတည်ငွေများ၊ ပစ္စည်းအရင်းအနှီးများ ထုတ်ပေးခြင်းအားဖြင့် တောင်သူ လယ်သမား များ၊ ပြည်သူ များ၏လုပ်ငန်းများကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ပြီး မိသားစု စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်းများ မြင့်မား လာ စေ ရန် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် ရေ၊ မြေ၊ သယံဇာတများပေါများခြင်း၊ သင့်တင့်မျှတသည့် ရာသီဥတုရှိခြင်း၊ ကြီးမားသည့် ဈေးကွက်များနှင့် ဆက်စပ်နေခြင်းစသည့် အခြေအနေ ကောင်းများ ပိုင်ဆိုင်ထားသကဲ့သို့ အရင်းအနှီးနှင့် နည်းပညာ လိုအပ်ချက်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များ လည်း ရှိနေပါကြောင်း၊ ထိုလိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရန် အတွက် နိုင်ငံခြား မှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် သကဲ့ သို့ ပြည်ပချေးငွေများလည်း ရယူဆောင်ရွက်ရ ပါကြောင်း၊ ပြည်ပ မှ ချေးငွေများဖြင့် ကုန်ထုတ်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခြင်းကို ရင်းနှီးမြှုပ်နှံမှု အဖြစ် ရှုမြင်ရန်လိုအပ်ပါကြောင်း၊ နှစ်ရှည်ချေးငွေများကို စနစ် တကျ အသုံးပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို တတ်စွမ်း သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးနေပါကြောင်း၊ ပြည့်စုံအောင် မဆောင်ရွက်နိုင်သေးသော် လည်း သက်ဆိုင်ရာကဏ္ဍတိုင်းတွင် ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ပေးနေပါ ကြောင်း၊ အိမ်ထောင်စုအလိုက် ဝင်ငွေတိုးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရေး အတွက် နိုင်ငံတော်အစိုးရက စီမံပေးသကဲ့သို့ မိမိတို့ကိုယ်တိုင်ကလည်း အလုပ်ကြိုး စားပြီး ဝင်ငွေနှင့်ထွက်ငွေမျှတအောင် သုံးစွဲရန်လိုအပ်ပါကြောင်း၊
ယခုကဲ့ သို့ ထောက်ပံ့ချေးငွေရရှိမှုသည် တစ်အိမ်ထောင်ချင်းအတွက် နည်းသော်လည်း တစ်နိုင်ငံလုံးအနေဖြင့် ဘီလီယံပေါင်းများစွာ ထုတ်ချေးပေးနေခြင်းဖြစ်ပါကြောင်း၊ ချေးငွေများကို အကျိုးရှိရှိ အသုံးပြုပြီး မှန်မှန် ကန်ကန် ပြန်လည်ပေးဆပ်ခြင်းဖြင့် နောင်(၄)၊ (၅) နှစ်ကြာ လျင် ငွေချေးစရာ မလိုတော့ဘဲ မိမိပိုင် ငွေကြေးအရင်းအနှီးနှင့် ရပ်တည် လုပ်ကိုင်နိုင်သည့် အခြေအနေကို ရောက်ရှိကြမည်ဖြစ်ကြောင်း။
သမဝါယမဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အသင်းအဆင့်ဆင့်၏ ပူးပေါင်း ဆောင်ရွက်မှု၊ အသင်းသား ပြည်သူများ၏ တာဝန်ကျေပွန်မှု များကြောင့် သမဝါယမ လုပ်ငန်းများ အတိုင်းအတာတစ်ခု အထိ အောင်မြင်နေ သည်ကို အသိအမှတ် ပြုပါ ကြောင်း။
ထို့ပြင် ဆင်းရဲမှုရာခိုင်နှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်း သို့ လျှော့ချနိုင်ရေး သမဝါယမလုပ်ငန်းများက တစ်ဖက်တစ်လမ်းမှ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ကြိုးပမ်းအား ထုတ်နေကြ ပါကြောင်း၊ မြန်မာ့ သမဝါယမ၏ အတိတ်ကပုံရိပ်များကို သင်ခန်းစာယူ၊ သုံးသပ်ပြီး မိမိတို့ လက်ထက်တွင် အစဉ်အလာကောင်း များဖြင့် အောင်မြင်အောင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက ယနေ့အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးစရိတ်နှင့် မွေးမြူရေး စရိတ် အတွက် ချေးငွေ မရရှိကြသေးသည့် သမ၀ါယမအသင်းသားသစ် များ ကို ချေးငွေကျပ် (၁၂၅၆၈)သန်း ကျော်၊ စက်မှုကုန်ထုတ်လုပ်ငန်းများ အတွက် ချေးငွေကျပ်(၂၀၁)သန်းကျော် စုစုပေါင်း ငွေကျပ် (၁၂၇၇၀) သန်းကျော်၊ အသင်းသားဟောင်းများအတွက် ထပ်မံတိုးမြှင့်ချေးငွေ ကျပ်(၁၀၃၂၉) သန်းကျော် စုစုပေါင်း ငွေကျပ်(၂၃၁၀၀) သန်းကျော်ကို အတိုးငွေတစ်လ ကျပ် ၁ကျပ် ၁၅ ပြားနှုန်းဖြင့် ထုတ်ချေးမည် ဖြစ်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တောင်သူလယ်သမားများ အတွက် လည်း တောင်ကိုရီးယားနိုင်ငံ Daedong လယ်ယာသုံးစက်ပစ္စည်း (၁၀၅)စီး အခြားနိုင်ငံထုတ် လယ်ယာသုံးစက်ကရိယာ (၁၈၁၇)စီးနှင့် ဆိုင်ကယ်၊ အပ်ချုပ်စက် စသည့်လုပ်ငန်းသုံး ပစ္စည်း (၂၁၁၀)မျိုး စုစုပေါင်း တန်ဖိုး ငွေကျပ်(၁၂၂၀၅) သန်းကျော်ကို အရစ်ကျ ငွေချေစနစ်ဖြင့် ထပ်မံရောင်းချပေး သွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ၀န်ကြီးချုပ်ဦးဥာဏ်ဝင်းက ပဲခူးတိုင်းဒေသကြီး အတွင်း ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘ၀ မြှင့်တင်ရေးလုပ်ငန်းဆိုင်ရာ များ ကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် ၀န်ကြီးချုပ် ဦးဥာဏ်ဝင်း တို့က ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင်များအတွင်းရှိ အခြေခံ သမ၀ါယမ အသင်းများကို ခရိုင်အလိုက် အသေး စားချေးငွေ များပေး အပ်ရာ သမ၀ါယမ အသင်းကိုယ်စားလှယ်များက လက်ခံ ရယူကြသည်။
ဆက်လက်၍ ဗဟိုသမ၀ါယမအသင်းနှင့် သမ၀ါယမဘဏ်လီမိတက်ဥက္ကဌ ဦးခင်မောင်အေးက လယ်ယာသုံး စက်ကိရိယာနှင့် လုပ်ငန်းသုံး ပစ္စည်းများ ကို ပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး သမ၀ါယမ အသင်းစုချုပ် ဥက္ကဋ္ဌက လက်ခံ ရယူသည်။
ထို့နောက် တက်ရောက်လာကြသော အသင်းသားများကိုယ်စား အသင်းသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် သမ၀ါယမ ၀န်ကြီးဌာန၏ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံပြခန်းများ၊ သမ၀ါယမ အသင်းများသို့ အရစ်ကျစနစ်ဖြင့် ပံ့ပိုး ပေးအပ် သွားမည့် လယ်ယာသုံး စက်ကိရိယာ များနှင့်လယ်ယာသုံးယာဉ်များ၊ ဆိုင်ကယ်၊ သုံးဘီး ဆိုင်ကယ်နှင့် အပ်ချုပ် စက်များကို ကြည့်ရှုပြီး အရစ်ကျစနစ်ဖြင့် ၀ယ်ယူခဲ့ကြ သည့် သမ၀ါယမအသင်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။
ယနေ့ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့် လူမှု စီးပွား ဘ၀မြှင့်တင်ရေး အခမ်းအနားတွင် သမ၀ါယမအသင်း(၃၇၆၅) သင်းမှ အသင်းသား (၂၁၇၃၄၉)ဦးကို ပံ့ပိုးချေးငွေကျပ် (၂၃၁၀၀)သန်းနှင့် သမ၀ါယမ အသင်း (၁၃၄၈) သင်းမှ အသင်းသား (၃၉၂၇)ဦးအတွက် တန်ဖိုးငွေကျပ် (၉၂၉၉ ဒသမ ၁၀၉၆) သန်း တန်ဖိုးရှိ လယ်ယာသုံး/ လုပ်ငန်းသုံးစက်ကိရိယာ (၃၉၂၇)စီးကိုပံ့ပိုး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment