Friday, June 26, 2015

ကိုရီးယားနိုင်ငံမှ ကူညီသော ဒေါ်လာ ၂၂ သန်းဖြင့် ကျေးရွာသစ် စီမံကိန်းရွာပေါင်း(၁၀၀) ဆောင်ရွက်မည်


နေပြည်တော်  ဇွန် ၂၆ 

မြန်မာ-ကိုရီးယား   အစိုးရချင်း သဘောတူညီချက်အရ မြန်မာနိုင်ငံတွင် ကျေးရွာ ပေါင်း ၁၀၀ ရွာအား တစ်ချိန်တည်း၊ ကျေးရွာသစ်စီမံကိန်းလှုပ်ရှားမှု အကောင်အထည် ဖော်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ KOICA တို့၏ ၂၇-၂-၂၀၁၄ ရက်နေ့တွင် နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းများ လျင်မြန်စွာ စတင် ဆောင်ရွက်နိုင် ရေး အပြန်အလှန် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။


အဆိုပါ ကျေးရွာသစ် စီမံကိန်းအတွက် ပထမအဆင့် အမေရိကန်ဒေါ်လာ ၂၂ သန်း အား အသုံးပြုသွားမည်ဖြစ်ပြီး စီမံကိန်းအစိတ်အပိုင်း တစ်ရပ်အနေဖြင့် နိုင်ငံတကာ အဆင့်မီ လေ့ကျင့်ရေးအကယ်ဒမီစင်တာ သင်တန်းကျောင်း အဆောက်အဦကို ရေဆင်းစိုက်ပျိုး ရေး သုတေသနဦးစီးဌာနဝင်းအတွင်း တည်ဆောက် အကောင်အထည်ဖော်ရန် နှစ်ဖက် သဘောတူညီ ထားရှိပြီးဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ (၂)နာရီအချိန်တွင် KOICA မှ ဒီဇိုင်းပညာရှင် Dr. AN, Sung Woo ၊ Dr. Lee Jung Yun နှင့် Dr. IM, Sang Bong ပါ   Architect Team အဖွဲ့သည် နိုင်ငံတကာလေ့ကျင့်ရေး အကယ်ဒမီ စင်တာ သင်တန်းကျောင်း တည်ဆောက်နိုင်ရန် လျာထား ဒီဇိုင်းပုံစံအား လာရောက် ရှင်းလင်းတင်ပြပြီး လုပ်ငန်းများ စတင်အကောင်အထည်ဖော်ရန် နှစ်ဖက် ညှိနှိုင်းကြသည်။

ထို့နောက် ကိုရီးယား ဗိသုကာပညာရှင် Dr. AN, Sung Woo က အကယ်ဒမီ သင်တန်းကျောင်း ဒီဇိုင်းပုံစံနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အချိန်ဇယား အစီအစဉ်များကို ကဏ္ဍအလိုက် ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံဘက်မှ ကူညီ ပေးရန် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။


ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး၌ ကျေးရွာ(၁၀၀ ရွာ)ကို တစ်ချိန်တည်း၊   ကျေးရွာသစ်စီမံကိန်း အကောင်အထည်ဖော်မည် ဖြစ်သည့်အတွက် ဒေသအလိုက် ဦးစီးခေါင်းဆောင်၍ ပါဝင်အကောင်အထည်ဖော် တာဝန်ယူကြမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တာဝန်ရှိသူများအား ကိုရီးယားနိုင်ငံသို့ စီမံကိန်း လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိရေးအတွက် လေ့လာရေးခရီးစဉ် စီစဉ်ဆောင်ရွက်သွား နိုင်ရေး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment