Friday, May 29, 2015

အင်ဒိုနီးရှားနိုင်ငံမှ တတိယ အကြိမ်မြောက် ပြန်လည် ရောက်ရှိလာသော မြန်မာရေလုပ်သား ၁၂၉ ဦးအား လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့မှ ငွေကျပ် တစ်သိန်းစီ ထောက်ပံ့



အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရေလုပ်သား ၅၃၅ ဦးအနက် ၁၂၉ ဦးအား တတိယ အကြိမ် မြောက် သွားရောက် ခေါ်ဆောင်ခဲ့ရာ မေ ၂၈ ရက် ည ၆ နာရီ  ၅၅ မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ပြန် လည်ရောက်ရှိသည်။

ပြန်လည် ရောက်ရှိလာသော မြန်မာ ရေလုပ်သားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တာဝန် ရှိသူများမှ ပူးပေါင်းကြို ဆိုခဲ့ကြသည်။
အဆိုပါရေလုပ်သား ၁၂၉ ဦးတို့အား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ကိုယ်စား တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်နှင့် လူမှုဝန်ထမ်း တိုင်းဦးစီးမှူး ဦးတင်ဇော်မိုးတို့က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ မြန်မာ ရေလုပ်သား တစ်ဦးစီအတွက် ကူညီထောက်ပံ့ သည့် ငွေကျပ်တစ်သိန်းစီဖြင့် စုစုပေါင်းကျပ် ၁၂၉ သိန်းကို လည်းကောင်း၊ ကမ္ဘောဇ လေကြောင်းလိုင်းမှ  ငွေကျပ် ငါးသောင်းစီ၊ အင်္ကျီ တစ်ထည်စီနှင့် ဦးထုပ်တစ်လုံးစီကို လည်းကောင်း၊ IOM (မြန်မာ)မှ စားစရိတ် ကုန်ကျငွေ ကျပ်သိန်း ၅၀၊ တစ်ဦးစီအတွက် ငွေကျပ် တစ်သောင်းစီ၊ မိုးကာ အင်္ကျီတစ်ထည်စီ၊ ဖုန်း Sim Card တစ်ကတ်စီနှင့် လက်ကိုင်ဖုန်း မရှိသူများအား လက်ကိုင်ဖုန်း တစ်လုံးစီကို လည်းကောင်း၊ IOM (အင်ဒိုနီးရှား)မှ အင်္ကျီနှစ်ထည်နှင့် ဘောင်းဘီ တစ်ထည်စီကို လည်းကောင်း  အခမ်းအနားဖြင့် ထောက်ပံ့ ပေးအပ်သည်။
ပြန်လည် ရောက်ရှိလာသော ရေလုပ်သား ၁၂၉ ဦးသည် မွန်ပြည်နယ်မှ ၄၃ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၂၂ ဦး၊ တနင်္သာရီ တိုင်းဒေသကြီးမှ ၁၈ ဦး၊ ပဲခူးတိုင်းဒေသကြီး တို့မှ ၁၆ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ၈ ဦးစီ၊ ရခိုင် ပြည်နယ်မှ ၅ ဦး၊ မန္တလေး တိုင်းဒေသကြီးမှ ၃ ဦး၊ စစ်ကိုင်တိုင်းဒေသကြီး၊ မကွေတိုင်း ဒေသကြီးနှင့် နေပြည်တော်ကောင် စီနယ်မြေတို့မှ ၂ ဦးစီ တို့ ဖြစ်ကြောင်း သိရသည်။
မြန်မာ ရေလုပ်သားများအား အစိုးရ၏ အစီအစဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခြင်းဖြစ်ရာ မေ ၁၄ ရက်က ပထမ အကြိမ် မြန်မာရေလုပ်သား ၁၂၅ ဦး၊ မေ ၁၇ ရက်နေ့က ဒုတိယအကြိမ် ၁၂၈ ဦး  ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ပြီး ယခု တတိယအကြိမ် ၁၂၉ ဦးပြန်လည် ခေါ်ဆာင်ခြင်း ဖြစ်သည်။
သွားရောက် ခေါ်ယူရန် ကျန်ရှိနေသော မြန်မာရေလုပ်သား ၁၁၈ ဦးအား ဇွန် ၅ ရက်တွင် နောက်ဆုံး အကြိမ် သွားရောက်ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment